News

POST TYPE

ENTERTAINMENT

အေးဝတ်ရည်သောင်းနဲ့ တွေ့ဆုံခြင်း
08-Mar-2018 tagged as အနုပညာ

“လက်ရှိမှာတော့ မျက်လုံးက သက်သာပါတယ်၊ တစ်ခါတလေကျရင် မေ့တောင်မေ့နေတာဆိုတော့ စိတ်ပူစရာ မရှိပါဘူး”
 
အနုပညာလောကမှာ တစ်ကျော့ပြန် အောင်မြင်မှုတွေနဲ့အတူ ပရိသတ်များက မအေးသောင်းလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့တွေ့ဆုံပြီး လက်ရှိရိုက်ကူးနေတဲ့ “မျက်နှာဖုံးများ” ရုပ်ရှင်ကားအကြောင်း၊ မျက်လုံးကျန်းမာရေးအကြောင်းနဲ့အတူ အကယ်ဒမီ ရင်ခုန်သံများအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “မျက်နှာဖုံးများ” ရုပ်ရှင်ကားမှာ ကိုယ်ပါဝင်သရုပ်ဆောင်နေတဲ့ ဇာတ်ရုပ်ပုံစံကနေ စပြောပေးပါဦး။
AWYT : ဒီကားမှာ ပေါက်စီက အလှပြင်ဆိုင်က မန်နေဂျာကောင်မလေး နီနီနေရာကနေ ပါဝင်သရုပ်ဆောင်ရတာပါ။ ဇာတ်ရုပ်ပိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုကတော့ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက ဝတ္ထုကလည်း ကြိုရပြီးသား၊ ဇာတ်လမ်းကလည်း ကြိုရပြီးသားဆိုတော့ နီနီဆိုတဲ့မိန်းမက ဘယ်လိုနေတတ်တယ်၊ ထိုင်တတ်တယ်၊ သူ့ရဲ့စိတ်နေစိတ်ထားက ဘယ်လိုရှိတယ်၊ သူက လူတွေအပေါ်မှာ ဘယ်လိုဆက်ဆံတတ်လဲဆိုတာကအစ စဉ်းစားပြီးသားပေါ့နော်။ အဝတ်အစားကတော့ ဒါရိုက်တာနဲ့ ပေါက်စီတိုင်ပင်ပြီးတော့ ရွေးချယ်ထားပါတယ်။

Voice : ကိုယ်က အလှပြင်ဆိုင်မှာ အလုပ်လုပ်တာဆိုတော့ မအေးသောင်းရဲ့ အပြင်ကပုံစံနဲ့ အပြောင်းအလဲဖြစ်မှာပေါ့နော်။
AWYT : ဒီကားမှာ ပေါက်စီရဲ့ပုံစံက နည်းနည်းတော့ ကွဲထွက်နေမှာပေါ့နော်။ ကိုမင်းဦးကလည်း အစောကြီးကတည်းက ပြောပါတယ်၊ မအေးသောင်းရဲ့ဇာတ်ရုပ်က အရင်လို မြန်မာဝတ်စုံတွေနဲ့တော့ မဟုတ်ဘူး၊ ပုံစံနည်းနည်း ဆန်းချင်တယ်၊ ဇာတ်ရုပ်တစ်ခုဖြစ်ချင်တယ်ဆိုတော့ ပေါက်စီကလည်း အဆင်ပြေတယ်ပြောခဲ့တယ်။ အဓိက ကားရိုက်ရင်တော့ ပေါက်စီက ဇာတ်ကားထဲက ဇာတ်ရုပ်ပဲဖြစ်ချင်တယ်။ အဲ့ဒါကြောင့် ဒီကားမှာ ပေါက်စီကို ပရိသတ်တွေက ပုံစံပြောင်းပြီးမြင်ရမှာပါ။ 

Voice : စာရေးဆရာမ လွန်းထားထားရဲ့ အောင်မြင်ပြီးသားဝတ္ထုဖြစ်တဲ့ “ပျံသာပျံပါ” ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်ရိုက်တာဆိုတော့ ပရိသတ်တွေရမယ့် Message က ဘာဖြစ်မလဲ။ 
AWYT : ဇာတ်လမ်းကတော့ လက်ရှိခေတ်ပုံစံပေါ့နော်။ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို ရိုက်ထားတာဆိုတော့ ဇာတ်ရုပ်အစုံကိုလည်း တွေ့မြင်ရမှာပါ။ ဒီကားမှာ ပရိသတ်ကိုပေးထားတဲ့ Message ကလည်း ကောင်းပါတယ်။ အဓိက မိန်းကလေးတွေအနေနဲ့ ဘယ်လိုကြုံတွေ့နိုင်တယ်၊ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတဲ့ ပုံစံလေးတွေ၊ မိန်းကလေးတွေအတွက် အားရှိစေမယ့် Message လေးတွေလည်း ပါတယ်ဆိုတော့ ဒီကားလေးက ပရိသတ်အမြင်မှာ တစ်မျိုးဆန်းစေပါလိမ့်မယ်။ 

Voice : ဒါရိုက်တာက သရုပ်ဆောင်မင်းဦးဆိုတော့ သရုပ်ဆောင်ပိုင်းမှာ ကိုယ့်အတွက် ပိုပြီးအဆင်ပြေနိုင်လား။ 
AWYT : ကိုမင်းဦးက ဒီကားမရိုက်ခင်ကတည်းက အဖွဲ့လေးဖွဲ့ပြီးတော့ ညီမလေးရေ သူ သေချာဘယ်လိုပုံစံလေး လိုချင်တယ်ဆိုတာကို ပြောပြတယ်။ ဒီကားအပေါ်မှာ သူတော်တော် အားထည့်ထားတာ တွေ့ရတော့ ပေါက်စီကိုယ်တိုင်လည်း သဘောကျတယ်။ နောက်တစ်ခုက သူက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်နေရာဝင်ပြီးတော့ ပြင်ဆင်ချိန် ဘယ်လို လိုအပ်တယ်ဆိုတာကအစ သိတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။ 

Voice : ဒါရိုက်တာကိုပေါက်ရိုက်နေတဲ့ “ဂျင်းကောင်” ရုပ်ရှင်ကားမှာလည်း သရုပ်ဆောင်ထားသေးတယ်နော်၊ ဇာတ်ရုပ်ပုံစံက ထူးထူးခြားခြားပဲလား။ 
AWYT : ဒီကားထဲမှာတော့ ပေါက်စီက ပေါက်စီရဲ့ပုံစံအတိုင်း အေးအေးလေးပါပဲ၊ အဝတ်အစားကအစ အပြင်က မအေးသောင်းပုံစံမျိုးလေးအတိုင်း မြန်မာဆန်ဆန်ဝတ်ထားပါတယ်။ ဒီကားမှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကိုပေါက်က သတိတရ ကမ်းလှမ်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပေါက်စီက ကိုပေါက်နဲ့ မဆုံဖူးသေးဘူး။ ဒီကားမှာမှ စဆုံဖူးတာပေါ့နော်။ ပေါက်စီအနေနဲ့ ပေါက်ပြီးသားကားမှာ အခန်းနည်းပေမယ့် တစ်စိတ်တစ်ဒေသကနေ ပါဝင်ရတာကြောင့် ပျော်တယ်၊ ကျေနပ်ပါတယ်။ 

Voice : စိတ်ဖိစီးမှုများပြီး ရေဝပ်နေတဲ့မျက်လုံးကို ဘန်ကောက်မှာ သွားပြသေးတယ်ဆိုတော့ လက်ရှိအခြေအနေကိုလည်း ပရိသတ်က သိချင်နေကြမှာပဲ။ 
AWYT : မျက်လုံးက လောလောဆယ်မှာ အရမ်းကြီးသက်သာတဲ့အထဲတော့ မပါသေးဘူး၊ အရင်အတိုင်းပဲ။ မျက်လုံးက လေဆာပစ်ရမှာပါ။ အဲ့ဒါကြောင့် လေဆာပစ်ရင် တစ်ပတ်လောက်တော့ နားရမယ်။ ဒါပေမဲ့ ပေါက်စီက နားလို့မရသေးတာနဲ့ ပြန်လာတာပါ။ နောက်တစ်ခုက မျက်လုံးက အလုပ်ကို အနှောင့်အယှက်ပေးတာမျိုးတော့ မရှိပေမယ့် ကြည့်တဲ့အချိန်မှာတော့ ပုံမှန်အတိုင်းဖြစ်မနေဘူး။ လက်ရှိမှာတော့ မျက်လုံးက သက်သာပါတယ်၊ အဆင်လည်းပြေပါတယ်။ တစ်ခါတလေကျရင် မေ့တောင်မေ့နေတာဆိုတော့ စိတ်ပူစရာမရှိပါဘူး။ Medical Check-Up ကိုတော့ နောက်တစ်လကြာရင် သွားလုပ်မယ်စိတ်ကူးထားတယ်။ ပရိသတ်ကြီးကိုလည်း ပေါက်စီက တောင်းပန်ချင်ပါတယ်။ အစကဆို Post တစ်ခုတင်လိုက်တိုင်းကို Reply လေးတွေ ပြန်နေကြပေါ့နော်။ ဒါပေမဲ့ မျက်လုံးဖြစ်ပြီးကတည်းက မလုပ်ပေးနိုင်တော့ ပေါက်စီကို ခွင့်လွှတ်ပေးပါလို့ ပရိသတ်ကြီးကိုပြောချင်ပါတယ်။ ပေါက်စီမျက်လုံး ကောင်းလာရင်တော့ ပြန်ပြီးတော့ Reply လေးတွေရော၊ Like လေးတွေပါ လုပ်ပေးပါ့မယ်။ 

Voice : အကယ်ဒမီပေးပွဲကလည်း နီးလာပြီဆိုတော့ ကိုယ်တိုင်ပွဲတက်ဖြစ်မှာလား၊ အကယ်ဒမီကို ဘယ်သူတွေ ရစေချင်လဲ။ 
AWYT : အကယ်ဒမီပွဲကို ပေါက်စီတက်ဖြစ်မှာပါ။ အကယ်ဒမီကတော့ ဘယ်သူပဲရရ ပျော်တယ်။ လတ်တလောမှာတော့ အမျိုးသားထဲမှာဆိုရင် ကိုနေတိုးရမယ်လို့ကြားတယ်၊ အဲ့ဒါကြောင့် ကိုနေတိုးကိုလည်း ရစေချင်ပါတယ်။ သူသရုပ်ဆောင်ထားတဲ့ “တာတေကြီး” ကားကို ပေါက်စီကြည့်ဖြစ်တယ်၊ သူတော်တော်ကြီး အားထည့် သရုပ်ဆောင်ထားတာ တွေ့ရတယ်။ နောက်တစ်ခုက ပေါက်စီက “ထာဝရအမေ” ကားလည်းကြည့်ဖြစ်တယ်၊ မအူဝဲ သရုပ်ဆောင်ထားတဲ့ “ရင်ဘတ်ထဲကဓား” ကားလည်းကြည့်ဖြစ်တယ်။ ပေါက်စီကြည့်တဲ့ကားတွေ အကုန်လုံးက တကယ်ကို Message ကောင်းပါတယ်။ ပေါက်စီအတွက်ကတော့ အကယ်ဒမီဆိုတာ ဝေးပါသေးတယ်။ ဒါပေမဲ့ အခွင့်အရေးရရင်တော့ လိုချင်ပါတယ်။ 

ဝင်းထွန်းနိုင်