News

POST TYPE

ENTERTAINMENT

ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံခြင်း
07-Mar-2018 tagged as အနုပညာ

“ကျွန်မနဲ့ ထိုက်တန်တယ်ထင်ပြီး အကယ်ဒမီဆုကို ချီးမြှင့်ခဲ့ရင်တော့ ကျွန်မ အရမ်းပျော်မှာပါပဲ” 

နာမည်ကျော် ဝါရင့်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံပြီး “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်နဲ့ ဇာတ်ပို့ဆုရဖို့ ရေပန်းစားနေတဲ့အပေါ် သူ့ခံစားချက်၊ ကိုယ်ပိုင်ထုတ်လုပ်ရေး ထူထောင်ဖြစ်တဲ့အကြောင်းနဲ့ ကျွန်မ၏ သစ်ပင်ဝတ္ထုနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : အကယ်ဒမီပေးပွဲ ကျင်းပမယ့်ရက်ကလည်း နီးလာပြီဆိုတော့ ကိုယ့်အနုပညာမောင်နှမတွေထဲက ဘယ်သူတွေ ဆုရမယ်လို့ကြားလဲ။
HEDB : ဒီနှစ်မှာ ကျွန်မကြားတဲ့သူတွေကလည်း ဖေ့စ်ဘွတ်ခ်သတင်းတွေအရ အများသိထားတဲ့ သူတွေပါပဲ။ အမျိုးသားဇာတ်ဆောင်ဆုအတွက်ကတော့ ကိုနေတိုးနဲ့ ကိုပြေတီဦးလို့ ကြားတယ်။ အမျိုးသမီးဇာတ်ဆောင်ဆုအတွက်ကတော့ မဆင့် (မေသန်းနု) လည်းကြားတယ်။ အူဝဲလည်း ကြားပါတယ်။ ဇာတ်ပို့ဆုတွေကတော့လည်း နာမည်က တစ်ယောက်တစ်မျိုး ပြောနေကြတာပါပဲ။ အဲ့ဒီထဲမှာ ကျွန်မနာမည်လည်း ပါနေတယ်။ နာမည်ထွက်တိုင်းလည်း ဆုရတာ မဟုတ်တော့ ကျွန်မရဲ့စိတ်ကတော့ အေးဆေးပါပဲ။

Voice : “ရင်ဘတ်ထဲက ဓား” ရုပ်ရှင်မှာ ပါဝင်ရတဲ့ အခန်းနည်းပေမယ့် ကိုယ့်အနုပညာကိုတော့ ပေါ်လွင်အောင် ပြနိုင်ခဲ့တယ်နော်။ ကိုယ်တိုင်ကကျတော့ ဇာတ်လမ်းမှာ လုပ်ကွက်သိပ်မရခဲ့ဘူးထင်လို့ အကယ်ဒမီကို သိပ်မမျှော်လင့်တာလား။
HEDB : ဒီဇာတ်ကားမှာ ကျွန်မအတွက် လုပ်ကွက်ရတယ်၊ မရဘူးနဲ့ အကယ်ဒမီကို မျှော်လင့်တယ်၊ မမျှော်လင့်ဘူးဆိုတာကတော့ သိပ်တော့မဆိုင်ပါဘူး။ အကယ်ဒမီဆုပေးနိုင်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကလည်း ဘာတွေလဲတော့ ကျွန်မ မသိပါဘူး။ ဆန်ခါတင်စာရင်းထဲမှာ ပါခြင်း၊ မပါခြင်းကိုလည်း ကျွန်မအများကြီး ရင်မခုန်ပါဘူး။ တကယ်လို့ ကျွန်မနဲ့ ထိုက်တန်တယ်ထင်ပြီး အကယ်ဒမီဆုကို ချီးမြှင့်ခဲ့ရင်တော့ ကျွန်မအရမ်းပျော်မှာပါပဲ။ အကယ်၍ ဆုမရခဲ့ဘူးဆိုရင်လည်း ကျွန်မစိတ်ထဲမှာ ဘာမှတော့မဖြစ်ပါဘူး။

Voice : အကယ်ဒမီဆုရခဲ့တာလည်း ကြာပြီဆိုတော့ ဒီနှစ်မှာ ဆုထပ်ရမယ်ဆိုရင် မခိုင်ရဲ့ခံစားမှုက ဘယ်လိုရှိမလဲ။
HEDB : အကယ်ဒမီဆုရတိုင်းတော့ ကျွန်မပျော်ခဲ့တာပါပဲ။ ဒီနှစ်မှာ ဆုထပ်ရမယ်ဆိုရင်လည်း ပထမဆုံးရခဲ့တဲ့ဆုလိုပဲ ကျွန်မရင်ခုန်မှာပါ။ နှစ်တစ်နှစ်အတွင်းမှာ ဇာတ်ပို့ဆိုလည်း ဇာတ်ပို့၊ အဓိကသရုပ်ဆောင်ဆိုလည်း အဓိကသရုပ်ဆောင်ပေါ့လေ၊ သရုပ်ဆောင်မှု အကောင်းဆုံးလို့ သတ်မှတ်ခံရတာဟာ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ အရမ်းကိုလည်း ပျော်စရာကောင်းမယ့် ကိစ္စတစ်ခုပါ။ 

Voice : ကိုခန့်စည်သူ၊ မခိုင်သင်းကြည်၊ မခိုင်ကြီးတို့ ပူးပေါင်းပြီး “ခသုံးလုံး” ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်လိုက်တယ်နော်။ နောက်ပိုင်းမှာ သရုပ်ဆောင်ထက်၊ ထုတ်လုပ်သူအနေနဲ့ပဲ ပိုရပ်တည်သွားတော့မှာလား။
HEDB : “ခသုံးလုံး” ထုတ်လုပ်ရေးကို ထောင်လိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန်မတို့ပါတဲ့ ဇာတ်ကားတွေ ရိုက်ဖို့မဟုတ်ပါဘူး။ ကျွန်မက သရုပ်ဆောင်လုပ်ချင်မှ လုပ်တော့မှာပါ။ ကျွန်မတို့ ထုတ်လုပ်ရေးက ဟာသကားရိုက်တယ် ဆိုရင်လည်း ပရိသတ်ကြိုက်တဲ့ ဟာသကားဖြစ်အောင် ကြိုးစားမယ်။ ဒရာမာဆိုလည်း ပရိသတ်လက်ခံတဲ့ ဒရာမာကားဖြစ်အောင် ရိုက်ပြမယ်။ ဘယ်လို ဇာတ်ကားမျိုးကိုမဆို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမယ်ဆိုတဲ့စိတ်နဲ့ “ခသုံးလုံး” ထုတ်လုပ်ရေးကို ထူထောင်ဖြစ်တာပါ။ တစ်နှစ်ကိုတော့ ရုပ်ရှင်ကားကြီး သုံးကားလောက် ရိုက်ဖို့ ကျွန်မတို့ မှန်းထားပါတယ်။ အဲ့ဒီထက် များချင်လည်း များသွားနိုင်သလို၊ နည်းချင်လည်း နည်းသွားနိုင်ပါတယ်။ အဲ့ဒါကလည်း ဇာတ်ကားရုံရက်ချိတ်တဲ့ ကိစ္စတွေနဲ့လည်း ဆက်စပ်နေတာ ဆိုတော့လေ။ 

Voice : စာရေးဆရာမဂျူးရဲ့ “ကျွန်မ၏ သစ်ပင်” ဝတ္ထုကို ဒါရိုက်တာဝိုင်းက ကိုစိုးသူ၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့ ရုပ်ရှင်ရိုက်ဖို့ ရှိတယ်လို့လည်း ကြားရတယ်။ အဓိက အမျိုးသမီး ဇာတ်ကောင်နေရာမှာ မခိုင်နဲ့ရိုက်စေချင်ကြတဲ့ သူတွေလည်း ရှိတယ်။
HEDB : “ကျွန်မ၏ သစ်ပင်” ဝတ္ထုကို ကျွန်မနဲ့ ရုပ်ရှင်ရိုက်ဖို့လွဲတာ သုံးခေါက်လောက် ရှိပါပြီ။ ပရိုဂျူဆာတစ်ယောက်က ကမ်းလှမ်းလိုက်၊ ပျက်လိုက်နဲ့ ဖြစ်နေတယ်။ ကိုဇော်ပိုင်နဲ့ ရိုက်ဖို့တောင် တည်ဖူးသေးတယ်။ နောက် တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖို့ တည်ဖူးသေးတယ်။ ဒါပေမဲ့ အကြောင်းမညီညွတ်စွာနဲ့ သုံးခါလောက်ရိုက်ဖို့ တည်ပြီးမှ ပျက်သွားတယ်။ အခုတော့ မစိုး ( စိုးမြတ်သူဇာ) နဲ့ ရိုက်မယ်လို့ ကျွန်မကြားပါတယ်။

Voice : ကိုယ်နဲ့ ဒီဝတ္ထုက ကံမစပ်ဘူးလို့ ပြောရမှာပေါ့။ ရိုက်ဖို့တည်ပြီးမှ ပျက်သွားခဲ့တဲ့အပေါ်ကိုရော ဘယ်လိုခံစားခဲ့ရလဲ။
HEDB : ကျွန်မတို့ လုပ်သက်အရတော့ ကိုယ်နဲ့ရိုက်ဖို့ တည်ထားပြီးမှ ပျက်တဲ့ ဇာတ်ကားတွေလည်း အများကြီးကြုံဖူးတော့ သိပ်ထူးထူးခြားခြား မခံစားရပါဘူး။ ဒီဝတ္ထုဇာတ်လမ်းက တော်တော်ကို ကောင်းပါတယ်။ အပြင်နဲ့ နီးစပ်တဲ့ ဇာတ်ပေါ့နော်။ စိတ်ကူးယဉ်ဆန်ပြီး လျှောက်လုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ အပြင်မှာ တကယ်ဖြစ်နိုင်တဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် ကျွန်မ ပိုပြီးကြိုက်ပါတယ်။ 

Voice : ဒီဝတ္ထုကို ကိုယ်နဲ့ရိုက်စေချင်တဲ့ ပရိသတ်တွေကိုရော ဘာများ ပြောကြားချင်သေးလဲ။
HEDB : ကျွန်မနဲ့ မရိုက်ဖြစ်ပေမယ့်လည်း မစိုးကို ကျွန်မကိုယ်တိုင်လည်း အရမ်းကြိုက်ပါတယ်။ ဒီဇာတ်မှ မဟုတ်ပါဘူး။ ဘယ်ဇာတ်လမ်းမဆို ဇာတ်က ညံ့ဖျင်းသွားရင်တောင် မစိုးမညံ့ပါဘူး။ ဇာတ်လမ်းက သူ့ဟာသူ မကောင်းရင်တောင်မှ စိုးမြတ်သူဇာက စိုးမြတ်သူဇာပါပဲ။ သူ အကောင်းဆုံး ကြိုးစားမယ်ဆိုတာ ကျွန်မယုံပါတယ်။

သန့်ဇင်ဦး




  • VIA