News

POST TYPE

ENTERTAINMENT

အိန္ဒြာကျော်ဇင်နဲ့တွေ့ဆုံခြင်း
06-Mar-2018 tagged as အနုပညာ



“မင်းသမီးဦးဆောင်တဲ့ ဇာတ်တွေ အရိုက်နည်းတာကတော့ ဈေးကွက်ကြောင့်လည်း ဆိုင်မယ်ထင်တယ်။ မြန်မာနိုင်ငံမှာတော့ မင်းသားဈေးကွက်နဲ့ သွားတာကိုး”

နာမည်ကျော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့တွေ့ဆုံပြီး ဧပြီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ရောင်ပြန်” ရုပ်ရှင်ဇာတ်ကားအကြောင်း၊ မင်းသမီး အသားပေးဇာတ်ကားတွေ ရိုက်ကူးမှုနည်းပါးတဲ့အပေါ် သူ့အမြင်တွေနဲ့ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်အတွက် အကယ်ဒမီ ရင်ခုန်သံတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “ရောင်ပြန်” ရုပ်ရှင်ဇာတ်ကားက မြန်မာ နှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ) ရက်နေ့ ရုံတင်ဖို့ သေချာသွားပြီလား။
EDKZ : ရုံတင်ဖို့ရက်ကတော့ သေချာသွားပါပြီ။ ဒီကားကို အူဝဲတို့က လမ်းကြောင်းလေး နည်းနည်းထွင်ပြီးတော့ ရိုက်ထားတဲ့အတွက် ရင်ခုန်ပါတယ်။ ဒီကားကို ဒါရိုက်တာအနေနဲ့ တာဝန်ယူပြီး ရိုက်ပေးတဲ့ ကိုလူမင်းနဲ့ ပါဝင်သရုပ်ဆောင်ပေးတဲ့ မင်းသမီးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ်က ရိုက်နေကျမဟုတ်တဲ့ ပုံစံမျိုးလေး ရိုက်ထားတာဆိုတော့ ရုံတင်ဖို့အတွက်က ပရိုဂျူဆာ တစ်ယောက်အနေနဲ့ ရင်ခုန်တာပေါ့နော်။ ဒါပေမဲ့ ရုံမတင်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့အတွက် ပျော်လည်းပျော်ပါတယ်။

Voice : ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်တင်လာကြတယ်။ ကိုယ့်ဇာတ်ကားကလည်း မင်းသားမပါဘဲ၊ မင်းသမီးအသားပေးဇာတ်ဆိုတော့ ပိုပြီးတော့ ရင်ခုန်ရမယ်ထင်တယ်နော်။
EDKZ : အဲ့ဒါကြောင့်လည်း အရမ်းရင်ခုန်နေရတာပါ။ မင်းသမီးတွေပါပြီး မင်းသားမပါဘူးဆိုပေမယ့် ပရိသတ်တွေ ကြည့်လိုက်တဲ့အခါမှာ အူဝဲတို့အားလုံး ကြိုးစားထားတာကို မြင်သွားကြမှာပါ။ ဘယ်လိုပုံစံလေး ရိုက်ထားတယ်၊ ကြိုးစားထားကြတယ် ဆိုတာကိုတော့ ကြိုပြီးတော့ မပြောပြချင်ဘူး။ ဇာတ်ကား ရုံတင်တဲ့အခါ လာကြည့်လိုက်ရင်တော့ တွေ့သွားမှာပေါ့နော်။ အခုချိန်မှာ ကြိုပြောထားလိုက်ရင် ပရိသတ်တွေ ခံစားမှုပေါ့သွားမှာစိုးလို့ပါ။

Voice : ဒီဇာတ်ကားက ဇာတ်လမ်း၊ ဇာတ်ကွက်ထက် မင်းသမီးတွေရဲ့ ဖက်ရှင်နဲ့အက်ရှင်ကို အသားပေးပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားမျိုးလား။
EDKZ : ဒီကား ရိုက်တုန်းက မင်းသမီး တစ်ယောက်ချင်းစီအတွက် Stylist တစ်ယောက်စီ စီစဉ်ပေးထားတယ်။ မင်းသမီးတွေရဲ့ ဖက်ရှင်ကိုလည်း ကြည့်ရမယ်။ အက်ရှင် ဇာတ်ဝင်ခန်းလေးတွေလည်း ကြည့်ရမယ်။ ဒီကားရိုက်တုန်းက မခိုင်ကြီး (ထွန်းအိန္ဒြာဗို)၊ ကစ်ကစ် ( ဝတ်မှုံရွှေရည်)၊ ပက်ထရစ်ရှာတို့လည်း ပင်ပန်းကြပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေက ပေါ့ပေါ့ပါးပါး ရိုက်လို့ရတာမျိုးလည်း မဟုတ်ဘူးလေ။ ဖက်ရှင်ဆိုရင်လည်း ဇာတ်လမ်းအရ ဆိုတာထက် သိသိသာသာလေးကို ပြထားတယ်။ ကြည့်ရတဲ့ပရိသတ်တွေ အမြင်တစ်မျိုးဆန်းအောင် လို့ပါ။

Voice : နိုင်ငံခြားမှာတော့ မင်းသမီး အသားပေးဇာတ်တွေ ရိုက်ကြပေမယ့် မြန်မာနိုင်ငံမှာတော့ အရိုက်နည်းကြတယ်။ အဲ့ဒါက ဈေးကွက်ကြောင့်လား၊ ထုတ်လုပ်သူတွေက ယုံကြည်မှုမပေးနိုင်လို့လား။
EDKZ : အူဝဲတို့ဇာတ်ကားထွက်လာရင် ဘယ်လို အပြောင်းအလဲလေး ဖြစ်သွားမလဲဆိုတာတော့ ကြည့်ရမှာပေါ့နာ်။ အူဝဲကတော့ မင်းသားမပါဘဲ၊ မင်းသမီးတွေ ဦးဆောင်တဲ့ ဇာတ်လေးရိုက်ကြည့်ချင်လို့ ရိုက်ခဲ့တာပါ။ ပရိသတ်တွေအတွက် ဖျော်ဖြေရေးသီးသန့်အနေနဲ့ ရိုက်ပေးတဲ့ ဇာတ်ကားလေးပါ။ မင်းသမီး ဦးဆောင်တဲ့ဇာတ်တွေ အရိုက်နည်းတာကတော့ ဈေးကွက်ကြောင့်လည်း ဆိုင်မယ်ထင်တယ်။ မြန်မာနိုင်ငံမှာတော့ မင်းသားဈေးကွက်နဲ့ သွားတာကိုး။ နိုင်ငံတကာမှာလည်း မင်းသားဈေးကွက်နဲ့ သွားတာများပါတယ်။ ကိုယ်တွေကတော့ မိုက်မဲပြီး “ရောင်ပြန်” လို ရုပ်ရှင်ကားမျိုး ရိုက်ခဲ့တယ်လို့ ပြောရမှာပေါ့။ ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ။ တော်တော်လေးလည်း အကုန်အကျခံပြီး ရိုက်ထားတယ်။ အူဝဲတို့ရဲ့ မိုက်မဲမှုလေးကိုပဲ အသိအမှတ်ပြုပြီး အားပေးကြဖို့ ပြောချင်ပါတယ်။

Voice : မြန်မာနိုင်ငံမှာ မင်းသားနဲ့မင်းသမီးရတဲ့ အနုပညာကြေးက အရမ်းကိုကွာပါတယ်။ ပြည်ပမှာတော့ နာမည်ကြီး မင်းသမီးတွေက အနုပညာကြေး မညီမျှမှုအတွက် ကန့်ကွက်ကြတာတွေ ရှိတယ်။ ကိုယ်တိုင်ရော မင်းသားနဲ့မင်းသမီး အနုပညာကြေးကွာဟမှုအပေါ် ဘယ်လိုမြင်မိလဲ။
EDKZ : အဲ့ဒါကျတော့လေ ဇာတ်ကားတစ်ကားမှာ လုပ်ရတဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာလည်း မူတည်မယ်ထင်တယ်။ တကယ်တမ်းကျတော့ ဇာတ်ကားတစ်ကားမှာ မင်းသားရဲ့နေရာက ပိုပင်ပန်းပါတယ်။ မင်းသမီးဇာတ် မဟုတ်တာမျိုးကို ပြောတာပေါ့နော်။ များသောအားဖြင့် ဇာတ်ကားတစ်ရာမှာ ကိုးဆယ်လောက်က မင်းသားဇာတ်၊ မင်းသားကအစ၊ အဆုံးပဲလုပ်ရတယ်။ သူ့ရဲ့လုပ်အားက ပိုများတဲ့အတွက် အနုပညာကြေးမှာလည်း ကွာဟချက်တွေ ရှိနေတယ်လို့ အူဝဲကတော့ မြင်ပါတယ်။

Voice : ဒီနှစ်အကယ်ဒမီပေးပွဲမှာ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်နဲ့ ပရိသတ်တွေက အကယ်ဒမီ အရမ်းရစေချင်ကြတယ်။ ကိုယ်တိုင်ရော ဘယ်လိုခံစားမှုရှိလဲ။
EDKZ : အကယ်ဒမီဆုကို ကိုယ်ရတယ်၊ မရဘူးဆိုတာထက် အူဝဲစိတ်ထဲမှာ အခု ဘယ်လိုဖြစ်နေလဲဆိုတော့ ကိုယ့်ကိုပရိသတ်က အကယ်ဒမီအရမ်းရစေချင်တဲ့ စိတ်၊ ကိုယ့် အနုပညာမောင်နှမတွေကလည်း မအူဝဲကို ရစေချင်တယ်ဆိုပြီး ပြောတာတွေကို မြင်ရကြားရတော့ အရမ်းကိုပျော်တယ်၊ ကျေနပ်တယ်။ ကိုယ့်အနုပညာသမား အချင်းချင်းကတောင် ကိုယ့်ကို ရစေချင်တာကို သိရတဲ့အတွက် စိတ်ထဲမှာ တကယ်ကြီးကို နှစ်နှစ်ကာကာ ကျေးဇူးတင်ပါတယ်။ အဲ့ဒါတွေနဲ့တင် အူဝဲရဲ့စိတ်ထဲမှာ တော်တော်ကြီးကို ပျော်နေပါပြီ။ 

သန့်ဇင်ဦး