News

POST TYPE

ENTERTAINMENT

ပြည်ဟိန်းသီဟနဲ့ တွေ့ဆုံခြင်း
21-Feb-2018 tagged as အနုပညာ



“ကျွန်တော်တို့လည်း နိုင်ငံတကာကို သွားချင်တယ်။ အဲ့ဒီလိုမျိုး လုပ်ပေးနိုင်တဲ့လူမျိုးတွေကိုလည်း ကျွန်တော်တို့က ကြိုဆိုတယ်”

ဟာသကားတွေ အရိုက်များတဲ့ ဒါရိုက်တာပြည်ဟိန်းသီဟနဲ့တွေ့ဆုံပြီး ပေါကားနဲ့ ဟာသကားအကြားက ကွာခြားမှုတွေအကြောင်း၊ အသက်လေးဆယ်နောက်ပိုင်းမှာ ကားရိုက်လျှော့သွားမယ့် အကြောင်းနဲ့အတူ Pre Production လုပ်ခြင်းရဲ့ ကောင်းကျိုးများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : ပရိသတ်တွေက ဟာသကားဆိုတာနဲ့ ပေါကားဆိုပြီး သတ်မှတ်နေကြတဲ့အပေါ် ဘာပြောချင်လဲ။ 
PHTH : ပေါကားဆိုတာက ဟာသကားလို့ပြောပြီးတော့ မရယ်ရတဲ့ ကားမျိုးပါ။ ဥပမာ-သရဲကားဆိုရင်လည်း သရဲကားဖြစ်ပြီးတော့ မကြောက်ရတဲ့ကား၊ အိမ်ထောင်ရေးကားဆိုလည်း ကြည့်ပြီးတော့ ရသမရှိတဲ့ ကားမျိုးပေါ့နော်။ ဒါပေမဲ့ ဟာသကားနဲ့ပေါကားဆိုတာကို ပရိသတ်ကပဲ ကြည့်ပြီးတော့ ဆုံးဖြတ်လို့ရတာပါ။ သူ့ဘက်ကကြည့်တော့ လက်ဖမိုး၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါးဆိုတာမျိုးပါပဲ၊ ကိုယ်က လက်တစ်ချောင်းထောင်ပြပြီးတော့ လက်ဖဝါးလို့ပြောနေပေမယ့် နောက်ကကြည့်တဲ့လူကတော့ လက်ဖမိုးလို့ပြောမှာပဲ။ အဲ့ဒါကြောင့် ဒီအပေါ်မှာ လိုက်ခံစားပြီး ပြောနေလို့တော့မရဘူး။

Voice : ဟာသကားအရိုက်များတဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပေါကားမဖြစ်အောင် ဇာတ်လမ်းဖန်တီးမှုပိုင်းမှာ ပိုပြီးဂရုစိုက်ရမှာပဲ။ 
PHTH : ကျွန်တော်တို့လည်း အဓိက မပေါအောင်ဆိုတာမျိုး၊ ဟာသနဲ့ပတ်သက်ပြီး ရယ်စေချင်တာမျိုးလေးတွေကို ပိုပြီးတော့ ဂရုစိုက်လာရတာပေါ့။ ဘာပဲပြောပြော ကောင်းပါတယ်၊ ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေရှိလာတော့ ကိုယ့်အတွက်လည်း ပိုကြိုးစားဖို့ အင်အားဖြစ်သွားတာပေါ့နော်။ တချို့ကားတွေဆိုလည်း ကိုယ်ကိုယ်တိုင်ပြန်ကြည့်တဲ့အခါမှာ ရိုက်နေတုန်းကတော့ အဆင်ပြေတယ်၊ ဒါပေမဲ့ တည်းဖြတ်တဲ့အချိန်ကျမှ ဒါလေးက နည်းနည်းပေါတယ်လို့များ ခံစားရမလား၊ ပရိသတ်က ဝေဖန်မလားဆိုတဲ့ အတွေးဝင်လာပြီး ပြန်ဖျက်လိုက်တာမျိုးတွေရှိတယ်။ ဒါကတော့ အဆိုးထဲကအကောင်းပါ။ 

Voice : အရင်တုန်းကဆို ကိုယ်ပိုင်ဇာတ်လမ်းတွေကိုပဲ ရိုက်တယ်နော်၊ နောက်ပိုင်းမှာ သူများဇာတ်လမ်းတွေကိုပါ ရိုက်ဖြစ်လာတာက ဘာကြောင့်လဲ။ 
PHTH : အရင်တုန်းကဆို ကျွန်တော်က သူများဇာတ်လမ်းတွေမရိုက်ဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ကိုယ်ပိုင်ဇာတ်လမ်းတွေရေးတယ်။ ဒါပေမဲ့ ကားအရေအတွက် အရမ်းများလာတဲ့အခါကျတော့ ဇာတ်တွေမထပ်အောင် စဉ်းစားရတာမျိုးတွေရှိတယ်။ အဲ့ဒါကြောင့် ပြင်ပဇာတ်လမ်းတွေ ဝယ်ယူလာရတယ်။ စာရေးဆရာတွေဆီမှာ ဟာသဇာတ်လမ်းလေးရှိတယ်ဆိုရင် အရင်ညှိတယ်၊ ဖတ်ကြည့်တယ်။ ဇာတ်လမ်းက ကောင်းတယ်ဆိုရင် ဒီဇာတ်လမ်းကို ရုပ်ရှင်အနေနဲ့ ဘယ်လိုအသက်သွင်းမလဲ၊ ဘယ်လိုပြောင်းလဲမလဲ ဆိုတာမျိုးလေးတွေလုပ်ပြီး ရိုက်ဖြစ်ပါတယ်။

Voice : “ဥပါယ်တံမျဉ်” ရုပ်ရှင်ကားကိုကြည့်ဖြစ်လား၊ ပရိသတ်တွေသာမကဘဲ ရုပ်ရှင်လောကသားတွေကပါ ချီးကျူးကြတဲ့ကားဆိုတော့ ကိုယ့်ရဲ့အမြင်က ဘယ်လိုရှိလဲ။ 
PHTH : ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ အဲ့ဒီကားကို ဘားအံက ရုပ်ရှင်ရုံမှာ ကြည့်ခဲ့သေးတယ်၊ ကြည့်ပြီးပြီးချင်းမှာပဲ Review ရေးလိုက်သေးတယ်။ ကျွန်တော်တို့တောင်မှ ဒီလိုကားမျိုးကို မရိုက်နိုင်သေးပါဘူးဆိုပြီး အရိုးသားဆုံးဝန်ခံထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကြီးပြင်းခဲ့ရတဲ့ အသက်အရွယ်အပိုင်းအခြားမှာ ဒီအချိန်ရောက်မှ သင်တန်းပြန်တက်မယ်၊ ပြန်လေ့လာမယ်ဆို မလွယ်တော့ဘူးလေ။ ကျွန်တော်တို့လည်း အရှင်းဆုံးပြောရရင် ကိုယ်သိသလောက်၊ ကိုယ်တတ်တဲ့ပညာ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက်ကြောင့် အတိုင်းအတာတစ်ခုထိတော့ ဒီလိုပုံစံပဲ သွားနေလို့ရမယ်။ ကျွန်တော်တို့လည်း နိုင်ငံတကာကို သွားချင်တယ်။ အဲ့ဒီလိုမျိုးလုပ်ပေးနိုင်တဲ့ လူမျိုးတွေကိုလည်း ကျွန်တော်တို့က ကြိုဆိုတယ်၊ လက်ခံတယ်။ နောက်တစ်ခုက ကျွန်တော့်သားတွေဆိုလည်း အသက်က ငယ်သေးတယ်ဆိုပေမယ့် သူတို့တွေ ဘယ်လိုလုပ်ကြတယ်၊ ကြိုးစားကြတယ်ဆိုတာကို ကိုယ်ကကြည့်ပြီးတော့ ဘာအတွေးဝင်လာလဲဆိုတော့ ကိုယ်ကိုယ်တိုင်တော့ လုပ်ခွင့်မရတော့တဲ့အတွက်ကြောင့် ငါ့သား၊ ငါ့သမီးတွေ တစ်ချိန်မှာ ဒါရိုက်တာလုပ်မယ်ဆိုရင် နိုင်ငံခြားမှာ ကျောင်းသွားထားမယ်၊ တကယ်ကိုသင်ပေးမယ်၊ တကယ်ကို လေ့လာခိုင်းမယ်။ ကျွန်တော်တို့ကတော့ စီနီယာတစ်ယောက်အနေနဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ကြိုဆိုတယ်။ ကျွန်တော်ဆိုလည်း လက်ရှိမှာ အသက်က သုံးဆယ့်ခြောက်နှစ်ရှိပြီ။ နောက်အလွန်ဆုံး ကျွန်တော်ရိုက်ရင် လေးနှစ်ပေါ့။ အသက်လေးဆယ်ကျရင် ဒီအလုပ်လည်း ကျွန်တော်လုပ်မှာ မဟုတ်တော့ဘူး။ တခြားစီးပွားရေးဘက်ကို ဦးတည်ပြီးသွားမှာဆိုတော့ အနာဂတ် မျိုးဆက်သစ်တွေကို လက်ကမ်းကြိုဆိုပါတယ်။

Voice : ဒါရိုက်တာအလုပ်က အသက်ကြီးတဲ့အထိ လုပ်သွားလို့ရတဲ့အလုပ်ပါ၊ ဘာကြောင့် မလုပ်တော့မှာလဲ။ 
PHTH : အဓိကကတော့ မလုပ်တော့ဘူးဆိုတာထက် လျှော့မယ်ပေါ့နော်။ လုပ်ဖြစ်ချင်လည်း လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ချင်လည်း မလုပ်ဖြစ်ဘူးပေါ့၊ အရမ်းစိတ်ကူးပေါက်လို့ ထရိုက်ချင်တယ်ဆို ရိုက်လိုက်မယ်။ လက်ရှိမှာကျတော့ ကျွန်တော်ဆို တစ်လကို နှစ်ကား၊ သုံးကားလောက်က ပုံမှန်ရိုက်နေရတယ်၊ ၂၀၁၈ ခုနှစ်တစ်နှစ်လုံးကိုလည်း ရိုက်ရဦးမယ်။ အဲ့ဒါကြောင့် မိသားစုအတွက်ကို အချိန်မပေးနိုင်ဘူး၊ အရှင်းဆုံးပြောရရင် ကျွန်တော့်သားအငယ်ဆိုရင် အဖေ့ကိုတွေ့တာနဲ့ ပြေးပြီးတော့ ဖက်ငိုရတဲ့ အနေအထားမျိုးတောင်ရှိတယ်။ အဖေက သူ့အနားမှာ မနေနိုင်ဘူးလေ။ အဲ့ဒီလိုမျိုးဖြစ်တော့ မိသားစုနဲ့ နည်းနည်းကင်းကွာသလို ခံစားရတယ်။ အဲ့ဒါကြောင့် နောက်ထပ်လေးနှစ်ကို ဆက်ကြိုးစားမယ်၊ ပရိသတ်ကိုပေးဆပ်မယ်။ ပြီးသွားရင်တော့ ကားအရေအတွက်ကိုလျှော့ပြီး မိသားစုအတွက်လည်း အချိန်ပေးမယ်၊ ကိုယ်ပိုင်ထုတ်လုပ်ရေးထောင်ပြီး တစ်နှစ်ကို နှစ်ကားပဲဖြစ်ဖြစ်၊ သုံးကားပဲဖြစ်ဖြစ် ရိုက်သွားမယ်လို့ စိတ်ကူးထားတယ်။

Voice : နောက်ပိုင်းမှာ Pre Production ပိုင်းကိုလည်း အားစိုက်လုပ်လာကြတာ တွေ့ရတယ်၊ သူ့ရဲ့ကောင်းကျိုးတွေက ဘာဖြစ်မလဲ။ 
PHTH : အရင်ကတည်းကလည်း Pre Production ပိုင်းကိုလုပ်ကြဖို့ အကြံပေးကြတယ်။ ဒါပေမဲ့ခက်တာက ဒီမှာမလုပ်ကြဘူး။ ဒါကလည်း သရုပ်ဆောင်တွေရဲ့အခက်အခဲပေါ့နော်၊ အများကြီးရှိတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်လည်းပြောပါတယ်။ မကြာသေးမီက ကျွန်တော်ရိုက်ခဲ့တဲ့ “ဟောက်စား” ရုပ်ရှင်ကားဆိုရင်လည်း မရိုက်ခင်မှာ ကိုမြင့်မြတ်ရော၊ ကိုကျော်ကျော်ဗိုရော၊ ကျွန်တော်ရော၊ ထုတ်ရိုက်တဲ့ ကိုဘိုစန်းပါ တစ်ပတ်၊ နှစ်ပတ်လောက်ကိုဆုံပြီးတော့ ဒီကားကို ဘယ်လိုရိုက်ကြမလဲ၊ ဆက်တင်ကို ဘယ်လိုဆောက်ကြမလဲ၊ လက်ရှိမှာ ရွာကားတွေက အရမ်းများလာတော့ အမြင်ဆန်းအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကအစ တိုင်ပင်ကြတယ်။ အဲ့ဒါကြောင့် အဲ့ဒီကားရုံတင်ရင်တော့ ပရိသတ်ကြီးတွေ့ရမှာပါ။ အဓိက Pre Production လုပ်ရာကနေ အတွေးရလာတာပေါ့နော်။ 

ဝင်းထွန်းနိုင်

  • VIA