News

POST TYPE

ENTERTAINMENT

ပိုပိုနဲ့ တွေ့ဆုံခြင်း
16-Feb-2018



“ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမတစ်ယောက်အနေနဲ့ ဒီ့ထက်မက ငါက ဘာလဲဆိုတာမျိုးကို ချပြချင်သေးတယ်” 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖြန်ချိခဲ့တဲ့ “ဒိုင်ယာယီအသစ် အချစ်က ဆိုက်ကို” ဗီဒီယိုကားမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ပထမဆုံး သရုပ်ဆောင်ထားတဲ့ တေးသံရှင်ပိုပိုနဲ့ တွေ့ဆုံပြီး ဇာတ်ကားအကြောင်း၊ ဇာတ်ရုပ်အကြောင်းအပြင် ဂီတလှုပ်ရှားမှုများအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “ဒိုင်ယာယီအသစ် အချစ်က ဆိုက်ကို” ဗီဒီယိုကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်ပုံစံကနေ စပြောပေးပါဦး။
PP : ဒီကားက ပိုပိုခေါင်းဆောင်မင်းသမီးအနေနဲ့ ပထမဆုံးရိုက်ထားတဲ့ကားပါ။ ဒီကားမှာ ပိုပိုက ဆိုက်ကိုဖြစ်နေတဲ့ ကောင်မလေးပေါ့နော်။ ကိုယ်က အချစ်နဲ့ပတ်သက်ပြီး သင်ခန်းစာရလိုက်တာကြောင့် ဘယ်သူ့ကိုမှ ထပ်မချစ်ရဲတော့ဘူး။ ဒီ့ထက်ပိုဆိုးတာက ကိုယ့်ကိုချိုးသွားတဲ့ ကောင်လေးတစ်ယောက်ကို ကိုယ်က သေပြီလို့ ခံယူလိုက်ပြီး ဆိုက်ကိုဖြစ်နေတဲ့ပုံစံမျိုးပါ။ ပိုပိုရဲ့ ဇာတ်ရုပ်က နည်းနည်းတော့ ခက်တယ်၊ ပေါ့ပေါ့ပါးပါး မဟုတ်ဘူး။ ဥပမာ - အချစ်အကြောင်းတွေဆိုရင် ပေါ့ပေါ့ပါးပါး ဖြစ်ချင်ဖြစ်မယ်၊ ဒီကားကကျတော့ ပုံမှန်မဟုတ်ဘူးလေ။ ဒါပေမဲ့ ပိုပိုအနေနဲ့ အကောင်းဆုံးတော့ ကြိုးစားပြီးသရုပ်ဆောင်ထားပါတယ်။ တကယ်လို့ လိုအပ်ချက်တွေရှိရင်လည်း နားလည်ပေးစေချင်ပါတယ်။ ပိုပိုက အရမ်းတော်တဲ့ သရုပ်ဆောင်တစ်ယောက်မဟုတ်ပါဘူး။ 

Voice : ခေါင်းဆောင်မင်းသမီးအနေနဲ့ ပထမဆုံးရိုက်ထားတာဆိုတော့ အရမ်းကို ရင်ခုန်နေမှာပေါ့နော်။ 
PP : ပိုပိုက ဒီကားထွေလာထွက်လာတုန်းကဆို မကြည့်ဘူး၊ ရှက်လို့ နည်းနည်းလောက်ပဲ ကြည့်ခဲ့တယ်။ ကိုယ်သရုပ်ဆောင်ထားတာကိုကြည့်ပြီး ကိုယ့်ဘာသာကိုယ် ရှက်တယ်။ ပိုပိုက ငယ်ငယ်လေးကတည်းက အဲ့ဒီလိုပဲ၊ MTV ရိုက်ပြီးလို့ ပြန်ကြည့်ရင်လည်း ကြည့်လိုက်၊ ရှောင်လိုက် လုပ်တာများတယ်။ အဲ့ဒါကြောင့် ဒီကားအပေါ်မှာလည်း ရင်ခုန်ပါတယ်၊ ပိုပိုကိုပရိသတ်တွေက ဘယ်လိုမျိုးဝေဖန်မလဲပေါ့နော်။ ပိုပိုကို ပရိသတ်ရဲ့ တုံ့ပြန်လာမယ့် စကားသံတွေကိုလည်း ရင်ခုန်စွာနဲ့ မျှော်လင့်နေပါတယ်။ ဒီကားကို ဒါရိုက်တာမကျော်နှင်းဆီက ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေအနေနဲ့ ကိုထူးခြား၊ ဟိဏ်းသစ်နဲ့ ပိုပိုတို့က အဓိကပါဝင်ထားကြပါတယ်။ 

Voice : ဇာတ်ကားရိုက်ကူးရေးတွေ ထပ်ပြီးလက်ခံထားတာရှိသေးလား၊ “ရှပ် ၄ ချစ်သူ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း သရုပ်ဆောင်မယ်လို့ သိရတယ်။ 
PP : အမှန်အတိုင်းပြောရရင် ပိုပိုကို ဇာတ်ကားရိုက်ဖို့ကမ်းလှမ်းတာတွေ ရှိပါတယ်။ ပိုပိုက အလုပ်တွေနဲ့မအားတဲ့ အချိန်မျိုးဖြစ်နေတာကြောင့် လက်မခံဖြစ်ဘူး။ ဒါပေမဲ့ Sky Net ကရိုက်မယ့် “ရှပ် ၄ ချစ်သူ” ရုပ်သံဇာတ်လမ်းတွဲမှာတော့ ပါဝင်သရုပ်ဆောင်ဖို့ရှိပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပိုပိုက ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ခပ်ချေချေကောင်မလေးပုံစံမျိုး သရုပ်ဆောင်ရမှာပါ။ ပိုပိုက ရပ်ကွက်လူကြီးတူမ၊ ခပ်ချေချေပဲနေတဲ့ ကောင်မလေးပေါ့နော်။ ကိုယ်က “ရှပ် ၄ ချစ်သူ” ဆိုတဲ့ ကောင်လေးလေးယောက်ကို ကြိုက်တယ်၊ မပွင့်ကလည်း သူတို့လေးယောက်ကို ကြိုက်တယ်။ သူတို့လေးယောက်ကကျတော့ နန်းခင်ဇေယျာကို ကြိုက်တယ်။ အဲ့ဒီအချိန်မှာ မပွင့်နဲ့ ပိုပိုက ရန်သူတွေဖြစ်သွားတာပေါ့နော်။ ဒီဇာတ်လမ်းတွဲကို ရိုက်ရမှာ နည်းနည်းတော့ကြောက်တယ်။ အဲ့ဒါကြောင့် လက်ရှိမှာ ရုပ်ရှင်တွေထိုင်ကြည့်တယ်၊ ငါဘယ်လိုလေး ဝတ်ရင် ကောင်းမလဲ၊ ငါဘယ်လိုလေး စတိုင်လုပ်ရင်ကောင်းမလဲပေါ့နော်။ အဲ့ဒါတွေအားလုံးကို သေချာပြင်ဆင်နေရတယ်။ 

Voice : ဂီတလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပရိသတ်ကို ဘာတွေချပြသွားဖို့ရှိသေးလဲ၊ အသစ်အဆန်းတွချပြသွားဖို့ ရှိသေးလား။ 
PP : လတ်တလောမှာ “Love Me Give You” ဆိုတဲ့သီချင်းတစ်ပုဒ် လုပ်နေပါတယ်၊ သီချင်းက အရမ်းလည်းမိုက်ပါတယ်။ သီချင်းက အချစ်သီချင်းလေးပါပဲ၊ သီချင်းက အမြူးပုံစံလေးပါ။ ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို မူးယစ်ဆေးစွဲနေသလိုပဲ ငါနင့်ကို စွဲလမ်းနေပြီဆိုတဲ့ အကြောင်းအရာလေးပေါ့နော်။ ပိုပိုမှာ နောက်ထပ်လုပ်နေတဲ့ သီချင်းသစ်တွေလည်း ရှိပါသေးတယ်။ အဲ့ဒီသီချင်းတွေကိုတော့ တစ်ကိုယ်တော်ခွေကျရင် ထည့်သုံးမှာပါ။ လောလောဆယ်မှာတော့ ပိုပိုက Recording ဝင်ဖို့က မအားသေးဘူး။ ဒါပေမဲ့ နောက်ထပ်တစ်ခွေအတွက် အရမ်းမိုက်တဲ့ အသည်းကွဲသီချင်းတွေ ရှိပါတယ်။ 

Voice : “Marry Me”သီချင်း MTV ရိုက်တုန်းကလည်း ရိုက်ကွင်းပုံရိပ်အချို့ကြောင့် အချစ်ရေးကို ပရိသတ်တွေက စိတ်ဝင်စားခဲ့ပြီး တကယ်ထင်ခဲ့ကြသေးတယ်။
PP : ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပရိသတ်တွေစိတ်ဝင်စားအောင်လို့ မီဒီယာတွေက လှုပ်အောင်လုပ်ပေးတာပါ။ MTV ပုံစံကကျတော့ လူငယ်တွေအနေနဲ့ လက်ရှိအချိန်မှာ ကိုယ့်ရဲ့ချစ်သူကို Suprise လုပ်ကြတာတို့၊ လက်ထပ်ခွင့်တောင်းတာတို့က ခေတ်စားနေကြတာလေ။ အဲ့ဒီအိုင်ဒီယာလေးကိုပဲ အခြေခံပြီးရိုက်ကူးထားတာပါ။ ဒါပေမဲ့ ကိုယ့်ရဲ့အပြင်ဘဝမှာတော့ “Marry Me” MTV ထဲကလို Suprise လုပ်ခံရဖို့က နောက်ထပ် သုံး၊ လေးနှစ်ရောက်မှ ဖြစ်မယ်ထင်တယ်။ ပိုပိုက ငယ်လည်းငယ်ပါသေးတယ်။ လုပ်စရာရှိတာတွေလည်း လုပ်ရဦးမယ်။ ပိုပိုမှာက အနာဂတ်အစီအစဉ်တွေရှိသေးတယ်။ နောက်ထပ်တစ်နှစ်ခွဲလောက်ဆိုရင် ပိုပိုက ဒီ့ထက်မက ပြောင်းလဲသွားတဲ့လူတစ်ယောက်ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ အဓိက ပိုပို့ရဲ့ Life Style ကို ပိုပိုပြီး ကောင်းအောင် ပြောင်းလဲသွားမယ်။ ကိုယ့်ကိုယ်ကိုယ်ပိုချစ်မယ်၊ ကိုယ့်ကိုယ်ကိုယ် ချစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လှအောင်နေမယ်။ တည်ငြိမ်တဲ့မိန်းမတစ်ယောက်အနေနဲ့ အကောင်းဆုံးပေါ့။ 

Voice : ကိုယ့်ကိုယ်ကိုယ်ချစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လှအောင်နေမယ်ဆိုတော့ အချစ်ကို စိတ်ကုန်သွားတဲ့ သဘောလား။
PP : အချစ်ကြောင့်မဟုတ်ပါဘူး။ အဓိကကတော့ ဘဝမှာအချစ်အပြင် အခက်အခဲအများကြီးနဲ့ ကြုံလာခဲ့ရပြီးပြီ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ မိဘမရှိဘဲနဲ့ ကိုယ့်ဘဝကိုယ် အကောင်းဆုံး ကြိုးစားရုန်းကန်လာခဲ့ရတာပေါ့နော်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့မိန်းမတစ်ယောက်အနေနဲ့ ဒီ့ထက်မက ငါက ဘာလဲဆိုတာမျိုးကို ချပြချင်သေးတယ်။ အဲ့ဒါကြောင့် လောလောဆယ်မှာတော့ အချစ်ရေးကို မစဉ်းစားသေးဘူး။

ဝင်းထွန်းနိုင်