News

POST TYPE

ENTERTAINMENT

နေခြည်ဦးနဲ့ တွေ့ဆုံခြင်း
14-Feb-2018

“လူတွေလည်း ကိုယ့်ကို ထိုက်သင့်သလောက် သိနေပြီဆိုတော့ ဝေဖန်တိုက်ခိုက်မှုတွေကတော့ ရှိမှာပါပဲ”

Beauty Blogger တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်ခြေလှမ်းတော့မယ့် Beauty Blogger နေခြည်ဦးနဲ့တွေ့ဆုံပြီး သရုပ်ဆောင်တစ်ယောက်ရဲ့ ခံယူချက်အကြောင်း၊ ဂျပန်နိုင်ငံမှာ မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Maybelline New Work ပွဲ အတွေ့အကြုံအကြောင်းနဲ့အတူ ဝေဖန်တိုက်ခိုက်မှုတွေအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : Maybelline New Work ပွဲကို မသွားခင်မှာ ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ အများကြီး ကြုံခဲ့ရသေးတယ်နော်၊ Facebook မှာတောင် မသွားချင်တော့ဘူးဆိုပြီး ရေးဖြစ်ခဲ့တဲ့ ခရီးစဉ်လေးအကြောင်းကနေ စပြောပေးပါဦး။ 
NCO : နေခြည်က ကိုယ့်ကြောင့် ဒီခရီးစဉ်လေးပျက်သွားမှာကို အရမ်းစိုးရိမ်တယ်။ အဓိက ဂျီဂျီဟက်ဒစ်ကို သွားတွေ့တယ်ဆိုတာက Maybelline New Work အနေနဲ့ သွားရတာဆိုတော့ သူ့ရဲ့ထုတ်ကုန်တွေကလည်း ပေါက်ဖို့ အရေးကြီးတယ်။ ပွဲတော်ကို နေခြည်တို့ ရောက်သွားတဲ့အချိန်မှာလည်း နေခြည်နဲ့ ဂျီဂျီက သီးသန့် နှစ်ယောက်တည်း တွေ့ရတယ်၊ နေခြည်က သူ့ကို နေခြည်မွေးနေ့လေးရှိတယ်လို့ ပြောတဲ့အချိန်မှာ သူက Birthday Wish လေးလုပ်ပေးတယ်။ အဲ့ဒါကြောင့် ဒီခရီးစဉ်က ဘယ်လိုပဲ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့ကြုံတွေ့ တကယ်ကိုကောင်းကောင်းမွန်မွန်နဲ့ ဖြတ်ကျော်ခဲ့ရတယ်ပေါ့နော်။ နောက်တစ်ခုက ဒီခရီးရဲ့ အဓိကအကြောင်းအရာက ဂျီဂျီနဲ့ Maybelline ရဲ့ အလှကုန်ထုတ်ကုန်တွေကို မြန်မာပြည်မှာပေါက်ရောက်အောင်၊ ရောင်းကုန်အောင်လုပ်ရတဲ့ Promotion ပွဲလေးဖြစ်တာကြောင့် လက်ရှိမြန်မာပြည်မှာ ပေါက်ပေါက်ရောက်ရောက် ဖြစ်သွားတဲ့အပေါ်ကို နေခြည်က ဝမ်းသာပါတယ်။ 

Voice : ဂျီဂျီဟက်ဒစ် (GiGi  Hadid) ဆီကနေ ကိုယ်မသိသေးတဲ့ ဘာတွေသိခဲ့ရလဲ၊ သူနဲ့ ဘာတွေဝေမျှခွင့်ရခဲ့လဲ။
NCO : အဓိက နေခြည်တို့ သူနဲ့ဝေမျှခဲ့တာက ထုတ်ကုန်အကြောင်းတွေပဲ ပိုများတယ်။ ဒါပေမဲ့ ပွဲမစခင်ပါတီပွဲမှာတော့ သူ့ရဲ့ Personality၊ သူ့ရဲ့ Management Team တွေကို အများကြီးကြည့်ရတယ်။ ဥပမာ - ပွဲတစ်ခုတက်မယ်ဆိုရင် အချိန်ကိုအတိအကျလာတယ်၊ သူ့ရဲ့ စကားပြောပုံ၊ ဆိုပုံကလည်း အရမ်းကို လွတ်လွတ်လပ်လပ်ပဲ၊ ပေါ့ပေါ့ပါးပါးပဲ သူသွားတယ်။ နေခြည်တို့က ထုတ်ကုန်ပိုင်းကို သွားရတယ်ဆိုပေမယ့် သူ့ဘက်ကနေ နေခြည်တို့ကို ပြန်ဝေမျှတာက သူငယ်ချင်းတစ်ယောက်လိုပဲ။ အဲ့ဒါကြောင့် နာမည်ကြီး ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်ကို မြင်ရသလိုမဟုတ်ဘဲနဲ့ အရပ်ကြီး အရမ်းရှည်ပြီး အရမ်းချောတဲ့ ကောင်မလေးတစ်ယောက်နဲ့ စကားပြောသလို ခံစားရအောင် သူ့ဘက်ကနေ နွေးနွေးထွေးထွေးလုပ်ပေးတယ်။

Voice : အရင်တုန်းကတော့ ကိုယ့်ကို လူသိဖို့ ကြိုးစားရတယ်၊ လူသိလာတဲ့အခါမှာတော့ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံရတယ်၊ အဲ့ဒီနှစ်ခုအကြားမှာ ခံစားချက်အပြောင်းအလဲတွေက ဘယ်လိုရှိလဲ။ 
NCO : အရင်တုန်းကတော့ နေခြည်တို့မှာ လူသိအောင် နည်းမျိုးစုံနဲ့ ကြိုးစားရတယ်။ လက်ရှိမှာတော့ လူတွေလည်း ကိုယ့်ကိုထိုက်သင့်သလောက်သိနေပြီဆိုတော့ ဝေဖန်တိုက်ခိုက်မှုတွေကတော့ ရှိမှာပါပဲ။ နေခြည့်စိတ်ထဲမှာတော့ တိုက်ခိုက်မှုတွေက ကိုယ့်အတွက်ကောင်းဖို့ပဲဖြစ်လာတယ်လို့ နေခြည်ကတော့မြင်ပါတယ်။ ကိုယ့်ကိုဝေဖန်တဲ့လူပဲဖြစ်ဖြစ်၊ ကိုယ့်ကိုကောင်းစေချင်လို့ပြောတဲ့လူပဲဖြစ်ဖြစ် သူတို့ဘက်ကနေ ဒီလိုလေးလုပ်လိုက်ရင်တော့ ကောင်းမယ်၊ နှုတ်ခမ်းနီကို ဒီအရောင်လေးဆိုးလိုက်ရင်တော့ ပိုအဆင်ပြေမယ်ပေါ့နော်၊ ဒီလိုမျိုးဘေးနားကနေ ထောက်ပြတဲ့လူရှိမှပဲ နေခြည်တို့ဘက်ကနေ ပိုကြိုးစားချင်စိတ်ဖြစ်မယ်။ နောက်ပိုင်းမှာလည်း နေခြည်က မိတ်ကပ် Tutorial တွေကို တောက်လျှောက်တင်ဖြစ်တယ်။ နေခြည်ကို ဝေဖန်တဲ့လူတွေကအများကြီးရှိတယ်၊ မိတ်ကပ် Tutorial တွေကို ဘာလို့မတင်တော့တာလဲ၊ ရုပ်ရှင်မင်းသမီးပဲ လုပ်တော့မှာလား၊ ဒီလမ်းကြောင်းပေါ်ကနေ ပျောက်သွားတော့မှာလားဆိုပြီး မျိုးစုံပြောကြတဲ့အချိန်မှာ ဘေးနားကနေ ထောက်ပြပေးမယ့်လူတွေရှိတာကြောင့် ကိုယ်က ပိုပြီးအလုပ်ကြိုးစားချင်စိတ်လည်း ရှိလာတယ်။ 

Voice : တချို့ပရိသတ်တွေက Beauty Blogger အနေနဲ့ပဲ သီးသန့်ရပ်တည်စေချင်တာဆိုတော့ သရုပ်ဆောင်ဘက်သွားတဲ့အခါမှာ ဝေဖန်မှုတွေက ပိုများလာမှာနော်။ 
NCO : ကိုယ်ကအလှအပနဲ့ ဖက်ရှင်ကို အစကတည်းက ဝါသနာပါပြီးသားဆိုတော့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာတဲ့အချိန်မှာ သရုပ်ဆောင်အလုပ်ကလည်း ကိုယ့်ရဲ့ ဝါသနာတစ်ခုဖြစ်နေတယ်။ နေခြည်က မိတ်ကပ်တွေ၊ အလှအပတွေ၊ သရုပ်ဆောင်လုပ်တာတွေကို အရမ်းဝါသနာပါတာဖြစ်တဲ့အတွက် သရုပ်ဆောင်အလုပ်ကိုလည်း စလုပ်ကြည့်ချင်တယ်။ သရုပ်ဆောင်အလုပ်ကို နေခြည်စလုပ်တာကလည်း ကိုယ်အကောင်းဆုံးလုပ်နိုင်ပြီထင်လို့ လုပ်တာပါ။ နေခြည်က ရုပ်ရှင်ရိုက်လို့ရှိရင်လည်း ပေါ့ပြက်ပြက်လိုမျိုးရိုက်မှာမဟုတ်ဘဲ တကယ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး သေချာရိုက်မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Beauty Blogger ပဲ လုပ်စေချင်တဲ့ပရိသတ်တွေကို ပြောချင်တာက စိတ်မပူပါနဲ့၊ နေခြည်က Channel တွေလည်း ထပ်တိုးဖို့တွေရှိတယ်၊ Youtube တွေ တက်ဖို့ရှိပါတယ်။ နေခြည်က Beauty Blogger အလုပ်ကို မပျက်အောင် လုပ်သွားမှာပါ။ 

Voice : သရုပ်ဆောင်အလုပ်စလုပ်တော့မှာဆိုတော့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ခံယူချက်က ဘယ်လိုမျိုးရှိလဲ။ 
NCO : အဓိက ပရိသတ်တွေက နေခြည်ကို Beauty Blogger၊ Chi Chi ဆိုပြီး သိနေတာကနေ လုံးဝကွဲထွက်သွားချင်တယ်။ နောက်တစ်ခုက နေခြည်ကို ကမ်းလှမ်းလာတဲ့အခါမှာလည်း နေခြည်လုပ်နိုင်တဲ့ဇာတ်ရုပ်မျိုးကို လက်ခံပြီး ရိုက်သွားမယ်။ ကိုယ့်ကို လာကမ်းလှမ်းတဲ့ကားတိုင်းကိုတော့ နေခြည်လက်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သရုပ်ဆောင်အလုပ်လုပ်ရင် Beauty Blogger အလုပ်မှာ ပျက်သွားတာရှိနိုင်တယ်။ အဲ့ဒါကြောင့် နေခြည်နဲ့ အဆင်ပြေတယ်၊ ကိုယ်ကိုယ်တိုင်လည်းယုံကြည်မှုရှိတယ်၊ ကိုယ့်ကို ယုံကြည်တဲ့ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေရှိတယ်ဆိုမှပဲ ရိုက်ဖြစ်မှာပါ။

Voice : ပြီးခဲ့တဲ့ ဘာလီအပန်းဖြေခရီးစဉ်မှာလည်း အရမ်းပျော်နေတာတွေ့ရတယ်၊ အဓိက ကိုယ့်ကိုပျော်အောင် လုပ်ပေးတဲ့သူက ဘယ်သူဖြစ်မလဲ။ 
NCO : အဓိက နေခြည့်ကိုပျော်အောင်လုပ်ပေးတဲ့သူက နေခြည့်ရဲ့မေမေပါ။ နေခြည်က မွေးနေ့တုန်းက ခရီးအရမ်းသွားချင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်က ဂျပန်မှာ ဂျီဂျီနဲ့တွေ့ရမယ်ဆိုတော့ ရန်ကုန်မှာလုပ်မယ့် မွေးနေ့ပါတီလေးကို နေခြည်ဖျက်လိုက်ရတယ်။ အဲ့ဒါကြောင့် ဘာလီကို မိသားစုလိုက်သွားဖို့ပေါ့နော်။ ဒါပေမဲ့ နေခြည်ပြန်လာတော့ မေမေက မိသားစုစီးပွားရေးတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ကိုယ့်ဘာသာကိုယ်ပဲ သွားလိုက်တော့ဆိုတာနဲ့ နေခြည်က ဘာလီကို တစ်ယောက်တည်းသွားလိုက်တာပါ။ အဓိက ဘာလီခရီးစဉ်က မေမေ့ကြောင့် နေခြည်အရမ်းပျော်ခဲ့ရတာပေါ့နော်။

ဝင်းထွန်းနိုင်