News

POST TYPE

ENTERTAINMENT

ဖော်ကာနဲ့ တွေ့ဆုံခြင်း
13-Feb-2018 tagged as အနုပညာ

“အပျော်ထုတ်မယ်ဆိုရင် ခြောက်လတစ်ခွေလောက်တောင် ထုတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော် သိပ်ဝါသနာမပါလို့ပါ”

လူငယ်ပရိသတ်ကြိုက် ရော့ခ်ဂီတဝိုင်းတစ်ခုဖြစ်တဲ့ Wanted အဖွဲ့မှ ပင်တိုင်အဆိုရှင်ဖော်ကာနဲ့ တွေ့ဆုံပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ပြုလုပ်သွားမယ့် “Everybody is Wanted” ရှိုးပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုအပိုင်းများ၊ ပွဲမှာ သီဆိုမယ့် သီချင်းတွေအကြောင်း၊ တစ်ကိုယ်တော်စီးရီးသစ်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : မနှစ်ကတုန်းကလည်း ဖေဖော်ဝါရီလ ၁၈ ရက်နေမှာပဲ Wanted အဖွဲ့ရဲ့ ရှိုးလုပ်ခဲ့သေးတယ်နော်။ ဒီနှစ်မှာ ရှိုးပွဲထပ်လုပ်ဖြစ်တဲ့အကြောင်း ပြောပြပေးပါဦး။
FK : တစ်နှစ်တစ်ခါလောက်တော့ ကိုယ့်ရဲ့ အမျိုးရင်းတွေဖြစ်တဲ့ ပရိသတ်တွေနဲ့ ဆုံချင်ပါတယ်။ ကျွန်တော် လုပ်တဲ့ဟာက One Man Show ဆိုတာထက် Wanted အဖွဲ့နဲ့ ပရိသတ်တွေဆုံပြီး ပျော်ကြတဲ့ပွဲလေးပါပဲ။ ကျွန်တော်က အလှူတွေဘာတွေလုပ်ရင်တောင် Wanted နဲ့ အမျိုးများဆိုပြီး လှူဖြစ်တယ်။ တစ်နှစ်တစ်ခါ ကျွန်တော်တို့အမျိုးတွေ ဆုံဖြစ်ကြတဲ့သဘောပါပဲ။ ဒီပွဲမှာ အမျိုးတွေလည်း အစုံလာကြမယ်။ ဆရာဝန်တွေလည်းပါမယ်။ ဒုက္ခရောက်နေတဲ့သူတွေလည်းပါမယ်။ ပွဲမှာ သီချင်းတွေလိုက်ဆိုပြီး သောင်းကျန်းချင်တဲ့သူတွေလည်း ပါမယ်။ ကျွန်တော့်ကမ္ဘာလေးမှာ တစ်နှစ်တစ်ခါ တွေ့ကြတာပေါ့။

Voice : ဒီပွဲအတွက်ရော ဘယ်သီချင်းတွေဆိုဖို့ ရွေးထားလဲ။ ဘာတွေ ကြိုပြင်ဆင်ထားလဲ။
FK : သီချင်းတွေကတော့ ရှေ့နှစ်ကလိုပါပဲ။ အားရပါးရ ဖျော်ဖြေသွားမှာပါ။ ပွဲမှာ အချိန်ရရင်ရသလို အများကြီး ဆိုပေးမှာပါ။ ဒီပွဲမှာ Featuring အနေနဲ့ ဝင်ကူပေးတဲ့ Band နှစ်ဖွဲ့ပါမယ်။ Sarah နဲ့ Dusty Way နဲ့ ပါပါတယ်။ သီချင်းတွေကို Arrangement လေးပြောင်းပြီး ဆိုပါမယ်။ ဖြစ်နိုင်ရင်တော့ ရှေ့နှစ်ကပွဲထက် သီချင်းတွေ ပိုဆိုပေးဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ကကျတော့ သီချင်းပဲ အဓိကဆိုတာဆိုတော့ တခြားထူးခြားတဲ့ အစီအစဉ်တွေတော့ ပါမှာမဟုတ်ပါဘူး။

Voice : ဒီပွဲမှာ သီချင်းပုဒ်ရေ ဘယ်နှပုဒ်လောက် ဖျော်ဖြေပေးသွားမလဲ။
FK : ဒီနှစ်မှာတော့ ပွဲကို အပိုင်းသုံးပိုင်းခွဲပြီး ဖျော်ဖြေမှာပါ။ ရှေ့နှစ်ကတော့ အပိုင်းတစ်ပိုင်းကို သီချင်း ၁၀ ပုဒ်စီ ဆိုဖြစ်တယ်။ ဒီနှစ်လည်း တစ်ပိုင်းကို ဆယ်ပုဒ်လောက်စီ ဆိုပေးမှာပါ။ ကြားထဲမှာတော့ တခြား Band နှစ်ခုက ဝင်ဆိုပေးမယ်။ အစကတော့ ဒီပွဲမှာ ပရိသတ်တွေပျော်အောင် ဟာသတစ်ခုလောက် လုပ်မလို့ပဲ။ ဒါပေမဲ့ မလုပ်ဖြစ်တော့ပါဘူး။ ပြန်စိတ်လျှော့လိုက်တယ်။ သီချင်းတွေကိုပဲ အားရပါးရ ဖျော်ဖြေပေးတော့မယ်။

Voice : သီချင်းအသစ်တွေ ဘာတွေရော ဆိုဖြစ်ဦးမလား။
FK : သီချင်းအသစ်ကတော့ နောက်ဆုံးထွက်ထားတဲ့ Group ခွေထဲက သီချင်းတော့ ဆိုဖြစ်မှာပါ။ ခွေမထွက်ရသေးတဲ့ သီချင်းအသစ်စက်စက်ကြီးတွေကတော့ မဆိုဖြစ်ပါဘူး။ ကျွန်တော်က Wanted အဖွဲ့နဲ့ ရှိုးကို တစ်သက်တစ်ခါ လုပ်ချင်တာမဟုတ်ပါဘူး။ တစ်နှစ်တစ်ခါ လုပ်ချင်တာပါ။ တချို့ပွဲတွေမှာကျတော့ တခြားအဆိုတော်တွေလည်းပါတဲ့အတွက် နှစ်ပုဒ်၊ သုံးပုဒ်လောက်ဆိုပြီး ပြန်ဆင်းရတာမျိုးရှိတယ်။ ကျွန်တော်ကကျတော့ အဲ့ဒါမျိုး သိပ်စိတ်မပါဘူး။ သီချင်းဆိုပြီဆို အားရပါးရ ဆိုချင်တာပါ။ 

Voice : ဒါဆို ကိုယ်သတ်မှတ်ထားတဲ့ သီချင်းအရေအတွက်ထက် စင်အောက်က ပရိသတ်တွေတောင်းရင် ထပ်ဆိုပေးဖြစ်မလား။
FK : ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ကိုယ်ကြိုက်တဲ့အဆိုတော်က သုံးလေးပုဒ်လောက်ဆိုပြီး စင်ပေါ်ကဆင်းသွားရင် မကြိုက်ဘူး။ ပွဲသွားကြည့်ရတာ ပျင်းစရာကြီးလေ။ ဘယ်သူမဆို ကိုယ်ကြိုက်တဲ့အဆိုတော်ကို ပွဲမှာ အကြာကြီး ကြည့်ချင်ကြတာပဲလေ။ ကျွန်တော့်ကိုလည်း တချို့ပွဲလေးတွေမှာ ပရိသတ်တွေပြောတာ ပြန်ကြားရတယ်။ ဒီပွဲမှာတော့ သီချင်းတွေကို အားရပါးရ ဆိုမှာပေါ့လေ။ ရန်ကုန်ပွဲပြီးသွားရင်တော့ ဩဂုတ်လလောက်မှာ မန္တလေးမှာ ရှိုးထပ်လုပ်ဖို့ စဉ်းစားနေပါတယ်။

Voice : ပရိသတ်တွေကို သီချင်းအသစ်တွေပေးဖို့ရော အစီအစဉ်ရှိလား။
FK : ကျွန်တော်တို့ Wanted၊ Sarah နဲ့ Dusty Way အဖွဲ့တွေ ပေါင်းလုပ်ထားတဲ့ စီးရီးတစ်ခွေတော့ ရှိတယ်။ အဲ့ဒီခွေလေး လုပ်ထားတာလည်း သုံးနှစ်လောက်တောင် ကြာနေပါပြီ။ ကိုမြင့်ဇော် Mixing ဆွဲပြီးတာနဲ့ ထွက်ပါမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ Wanted အဖွဲ့ရဲ့ စီးရီးသစ်ကို ဩဂုတ်လ ၂ ရက်နေ့မှာ ထွက်ဖို့ ရည်ရွယ်ထားပါတယ်။

Voice : ဖော်ကာက အိမ်ထောင်ကျပြီးတော့မှ အလုပ်တွေ အရင်ကထက် ပိုလုပ်ဖြစ်နေသလိုပဲ။ ဘေးနားမှာ အားပေးဖော်ရှိနေလို့လား။
FK : အဲ့ဒါကတော့ အိမ်ထောင်ကျတာနဲ့ အခွေသစ်ထွက်ရမယ့်အချိန်နဲ့ တိုက်ဆိုင်သွားတာနေမှာပါ။ ကျွန်တော် နောက်ဆုံးစီးရီးထွက်ထားတာလည်း ငါးနှစ်ပြည့်ပြီလေ။ ကျွန်တော်က ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့က တစ်ယောက်တစ်နေရာစီမှ ခွေထွက်ထားတယ်။ ရှေ့မှာ ထွက်ထားတဲ့ ရောင်ခြည်၊ ငါ့ဂီတ ငါ့ဗီဇခွေတွေကလည်း ငါးနှစ်စီခြားပြီး ထွက်ခဲ့တာပါ။ သီချင်းတွေက အကုန်ရှိပြီးသားပါ။ အပျော်ထုတ်မယ်ဆိုရင် ခြောက်လတစ်ခွေလောက်တောင် ထုတ်လို့ရတယ်။ ဒါပေမဲ့ ကျွန်တော်သိပ်ဝါသနာမပါလို့ပါ။

သန့်ဇင်ဦး