News

POST TYPE

ENTERTAINMENT

Dimensions (မျက်နှာပြင်များ)
08-Feb-2018 tagged as

 
ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် Dimensions  (မျက်နှာပြင်များ) ရုပ်ရှင်ကားကို ဒါရိုက်တာဉာဏ်ထင်က မျက်နှာသစ် သရုပ်ဆောင်များဖြစ်တဲ့ သရုပ်ဆောင်ခါရာ၊ မင်းမြတ်စိုးစံ၊ Alice Ong၊ ဂျာဆိုင်းအိန်တို့နဲ့ ရိုက်ကူးထားပါတယ်။ ယင်းကားကို ပုံဖော်ဖန်တီးသူတချို့ရဲ့ စကားသံများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

ဒါရိုက်တာ ဉာဏ်ထင်

ဒီကားရဲ့ ဇာတ်လမ်းပုံစံကတော့ ဇာတ်စစချင်းမှာ လူတစ်ယောက်က တိုက်ခန်တစ်ခုထဲမှာ နိုးလာတယ်။ ဒါပေမဲ့ သူက ဘာလို့ အတိတ်မေ့နေမှန်းလည်း မသိဘူး၊ သူ့မှာက မေးလို့ရမယ့် သူငယ်ချင်း အပေါင်းအသင်းလည်း မရှိဘူး၊ အိမ်နီးချင်းတွေကလည်း သူ့ကို မသိဘူး။ အဲ့ဒါကြောင့် သူတစ်ယောက်တည်း ဒုက္ခရောက်နေတာပေါ့နော်။ တစ်ရက်ကျတော့ အတိတ်မေ့နေရင်းကနေ သူ့ရဲ့စိတ်က လုံးဝ အမှောင်တိကျသွားပြီး ပြန်နိုးလာတယ်။ အဲ့ဒီအချိန်မှာ သူက လူတစ်ယောက်ကို သတ်ပြီးနေပြီ။ နောက်ပိုင်းမှာ သူက လူသတ်တာလည်း တစ်ခါ၊ နှစ်ခါမကတော့ဘူး၊ သူ ဘာလို့ လူသတ်နေမှန်း မသိတဲ့ပုံစံလေးနဲ့ စတင်ထားတာပါ။ အဓိက ကျွန်တော်က ဒီကားမှာ ကတ်တွေကို တစ်ကတ်နဲ့တစ်ကတ် အရမ်းကြီးမခြားအောင် ဂရုစိုက်ထားတယ်၊ ကြည့်မယ့်ပရိသတ်ကို မျက်လုံးစိုအောင်လည်း ရိုက်ထားပါတယ်။ နောက်တစ်ခုက ဒီကားမှာပါတဲ့ သရုပ်ဆောင်တွေကိုလည်း အပြင်က စကားပြောတဲ့ပုံစံ၊ လှုပ်ရှားမှုတွေနဲ့ အနီးစပ်ဆုံးဖြစ်အောင် လုပ်ထားတယ်။ အဲ့ဒါကြောင့် သရုပ်ဆောင်မှုတွေက ပရိသတ်အမြင်မှာ စိမ်းရင်စိမ်းလိမ့်မယ်။ ကျွန်တော်က သဘာဝကျအောင် တမင် သရုပ်ဆောင်ခိုင်းထားတာပါ။ ဒီကားက လာကြည့်တဲ့ပရိသတ်တွေကို စိတ်လှုပ်ရှားမှု၊ စိတ်ချောက်ချားမှုနဲ့အတူ အက်ရှင်ရသလေး ရစေပါလိမ့်မယ်။ ဒီကားက လူငယ်တွေ စုပြီးရိုက်ထားတဲ့ကားပါ။ ဒီကားက ကျွန်တော်တို့ရဲ့ ပထမဆုံး ရုပ်ရှင်ကား၊ ပထမဆုံး အတွေ့အကြုံဖြစ်တဲ့အတွက် အမှားတွေလည်း ပါကောင်း ပါပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အားပေးတဲ့အနေနဲ့ ဒီကားလေးကို သွားကြည့်ဖြစ်အောင် ကြည့်ပေးကြပါလို့ ပရိသတ်ကြီးကို ပြောချင်ပါတယ်။ 

ခါရာ

ဒီကားမှာ ကျွန်တော်က ဇာတ်ရုပ်နှစ်မျိုးနဲ့ သရုပ်ဆောင်ထားတာပါ။ ဇာတ်ရုပ်တစ်ခုက အရမ်းကို ပျော့ညံ့တဲ့ဇာတ်ရုပ်၊ နောက်ဇာတ်ရုပ်တစ်ခုကကျတော့ အရမ်းကို သန်မာတဲ့ဖိုက်တာပုံစံမျိုးပေါ့နော်။ ကျွန်တော့်ရဲ့ ဇာတ်ရုပ်နှစ်ခုကိုတော့ ပြတ်ပြတ်သားသားနဲ့ ကွဲကွဲပြားပြားဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ ဒီကားရိုက်ရတာ ပင်လည်းပင်ပန်းပါတယ်။ အက်ရှင်ခန်းတွေပါတော့ ပိုဆိုးတာပေါ့နော်။ လူကြမ်းတစ်ယောက်ပြီး တစ်ယောက်ကို တောက်လျှောက်ဖိုက်ရတဲ့ အခန်းတွေဆို အခေါက်နှစ်ဆယ်၊ သုံးဆယ်လောက်ကို ရိုက်ရတယ်။ ကျွန်တော်က အက်ရှင်လုပ်ရတာကို ကြိုက်တယ်၊ ဒါပေမဲ့ အက်ရှင်လုပ်ရတာက လွယ်တော့ မလွယ်ဘူး။ နောက်တစ်ခုက ဒီကားက ကျွန်တော်တို့ရဲ့ ပထမဆုံး ရိုက်ထားတဲ့ကား ဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့ ရှိမှာပါ။ ဒီကားကို လာကြည့်တဲ့ ပရိသတ်တွေကလည်း ဒီ့ထက်ကောင်းတဲ့ကားတွေ အများကြီး ကြည့်ဖူးမှာပါ။ ဒီထဲမှာ မြန်မာကားကို လျစ်လျူရှုပြီးတော့ မကြည့်ချင်တော့တဲ့ ပရိသတ်တွေလည်း ပါပါလိမ့်မယ်။ ကျွန်တော်ကတော့ ပရိသတ်တွေ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။ ဒီကားက အသစ်တွေအားလုံး Team Work ညီညီနဲ့ ကြိုးစားထားတဲ့ ကားလေးတစ်ကားပါ။ ဒီကားမှာပါတဲ့ Sound Design တွေ၊ Special Effect တွေ အပါအဝင် အားလုံးကို မြန်မာနိုင်ငံက လူငယ်တွေပဲ ကြိုးစားဖန်တီးထားကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးတွေလုပ်လို့ ရတယ်ဆိုတာကို ပရိသတ်တွေ သိစေချင်တယ်၊ ပရိသတ်တွေဆီ ချပြချင်တယ်။

မင်းမြတ်စိုးစံ

ဒီကားက ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားဖြစ်တော့ အရမ်းကို ရင်ခုန်နေပါတယ်။ ကိုယ်သရုပ်မဆောင်ဖူးသေးတဲ့ ပထမဆုံး ဇာတ်ရုပ်တစ်ခုလည်းဖြစ်တော့ ပိုပြီး ရင်ခုန်နေတာပေါ့နော်။ ဒီကားမှာ ကျွန်တော်က ဝေလဆိုတဲ့ ဇာတ်ကောင်နေရာကနေ ခါရာနဲ့အပြိုင် သရုပ်ဆောင်ထားပါတယ်။ ကျွန်တော့်ရဲ့ဇာတ်ရုပ်က နည်းနည်းလေး ကြမ်းတယ်၊ ကိုယ်က လောဘတွေတက်ပြီး ကိုယ့်သူဌေးအပေါ်မှာ ပြန်သစ္စာဖောက်လိုက်တဲ့ ပုံစံမျိုးပါ။ ရိုက်ကူးရေးပိုင်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒီကားမရိုက်ခင်မှာလည်း သုံး၊ လေးလလောက် အချိန်ပေးပြီးတော့ ဖိုက်တင်ကို လေ့ကျင့်ခဲ့ရတယ်။ နောက်တစ်ခုက ဒီကားမှာ ဒါရိုက်တာကလည်း သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားဖြစ်တယ်၊ ကျွန်တော်တို့ သရုပ်ဆောင်တွေအတွက်လည်း ပထမဆုံ ရုပ်ရှင်ကားဖြစ်တယ်၊ ပရိုဂျုဆာက အစ အသစ်ဆိုတော့ အားလုံးက အသစ်ဖြစ်နေတဲ့အချိန်မှာ ရင်ခုန်စရာ အရမ်းကောင်းတယ်။ ဒီကားရဲ့ အရည်အသွေးအပေါ်မှာလည်း အားလုံးက ကြိုက်ကြတယ်။ အဲ့ဒါကြောင့် လက်ရှိ ရုံတင်ကားတွေနဲ့ ယှဉ်မယ်ဆိုလို့ ရှိရင်တော့ အောက်မကျ၊ နောက်မကျကျန်ခဲ့တဲ့ကားလို့ ပြောလို့ရတဲ့အတွက်ကြောင့် ပရိသတ်တွေလည်း ကြိုက်နှစ်သက်ကြမှာပါ။ သေချာတာတစ်ခုကတော့ ဒီကားကို လာကြည့်တဲ့ ပရိသတ်တွေက လူငယ်တွေရိုက်ထားတာ မကောင်းဘူးကွာဆိုပြီး ရုံထဲကနေခေါင်းခါပြီး ပြန်သွားရမယ့် ကားတစ်ကားမဟုတ်ဘူးဆိုတာကို အာမခံတယ်၊ ပရိသတ်တွေကြည့်ရတာ အရမ်းတန်တဲ့ကားတစ်ကား ဖြစ်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ 

Alice Ong

ဒီကားက ညီမရဲ့ ပထမဆုံး ရုပ်ရှင်ကားပါ။ ဒီကားမှာ ညီမက ဧကရီဆိုတဲ့ ဆရာဝန်မလေးနေရာကနေ ပါဝင်သရုပ် ဆောင်ထားပါတယ်။ ညီအနေနဲ့ ဇာတ်ရုပ်အတွက်ကို သုံးလလောက် ကြိုတင်လေ့ကျင့်ခဲ့ရတယ်။ ဒီကားကို ရိုက်နေစဉ်မှာလည်း ညီမက စကားနည်းနည်းဝဲတဲ့အပြင် မြန်လည်း မြန်တော့ ကိုယ့်ရဲ့သရုပ်ဆောင်ပိုင်းမှာ အားမရခဲ့ဘူး။ ကိုယ်က ရင့်ကျက်တဲ့ ဆရာဝန်မလေးပုံစံဆိုတော့ သူ့ရဲ့ Mood ရဖို့ကို တော်တော်လေး လုပ်ယူခဲ့ရတယ်။ ဒါပေမဲ့ ဒီကားကို ပြန်ကြည့်တဲ့အချိန်မှာတော့ တစ်ကားလုံးက ကိုယ်ထင်ထားတာထက် အများကြီး ပိုကောင်းနေတာ တွေ့ရတယ်။ ရိုက်ကူးရေးပိုင်းနဲ့ပတ်သက်ပြီး အမှတ်တရကတော့ ပင်ပန်းတာပါပဲ၊ ဒီကားက အက်ရှင်ကားဖြစ်တဲ့အတွက် သာမန်ကားတွေထက် အများကြီး ပိုပင်ပန်းပါတယ်။ လက်ရှိအချိန်ထိကို အဲ့ဒီခံစားချက်က ခံစားရတုန်းပဲ။ နောက်တစ်ခုက ဒီကားကို ညီမတို့လူငယ်တွေ စုစည်းပြီး အကောင်းဆုံး ကြိုးစားဖန်တီးထားကြတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီကားကို လာကြည့်တဲ့ ပရိသတ်တွေအနေနဲ့လည်း ရသတစ်မျိုးမျိုး ရသွားစေမှာပါ။ ဒီကားလေးကို ပရိသတ်ကြီးက လာရောက်အားပေးကြပါ၊ ဝေဖန်ပေးကြပါ၊ ဝေဖန်ပြီးရင်လည်း ဆက်အားပေးကြပါ၊ အားပေးမှုကို မရပ်ပါနဲ့လို့လည်း ပြောချင်ပါတယ်။ ညီမက စုစုပေါင်း ရုပ်ရှင်ကားသုံးကားနဲ့ ဗီဒီယိုကားတစ်ကားလည်း ရိုက်ထားပြီးပါပြီ။ နောက်ပိုင်းမှာလည်း သရုပ်ဆောင်ဘက်ကို ခြေချလုပ်သွားမှာပါ။ အဲ့ဒါကြောင့် ပရိသတ်ကြီးက ညီမရဲ့ ကားတွေထွက်လာရင်လည်း အားပေးကြပါဦးလို့ ထပ်လောင်း ပြောချင်ပါတယ်။

  • TAGS