News

POST TYPE

ENTERTAINMENT

ကျားပေါက်နဲ့ တွေ့ဆုံခြင်း
08-Feb-2018 tagged as အနုပညာ

“ကျွန်တော်နဲ့ပေါင်းလုပ်မယ့် ဂီတသမားတစ်ယောက်ရဲ့ Music ပုံစံက ကျွန်တော့်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တယ်ဆိုရင် ပူးပေါင်းဖြစ်တယ်”

လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုကို ရရှိထားတဲ့ တေးသံရှင်ကျားပေါက်နဲ့ တွေ့ဆုံပြီး ကမ္ဘာကိုဖြန့်မယ့် အင်္ဂလိပ် သီချင်းခွေအကြောင်း၊ လူငယ်ဂီတသမားတွေနဲ့ သီချင်းတွေ ပူးပေါင်းဖန်တီးဖြစ်တဲ့အကြောင်းနဲ့ ကာတွန်းပုံလေးတွေ ဆွဲဖြစ်တဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဆွီဒင်နိုင်ငံမှာ သွားလုပ်ခဲ့တဲ့ အင်္ဂလိပ်သီချင်းခွေက ဘယ်တော့လောက် ထွက်ဖြစ်မလဲ။ ဒီခွေလုပ်နေတာတော့ တော်တော်ကြာပြီနော်။
KP : ဆွီဒင်မှာ လုပ်ခဲ့တဲ့ Weapon Of Choice စီးရီးကတော့ အချောသတ်နေတုန်းပါပဲ။ Mixing ပိုင်းနဲ့ Mastering ပိုင်းကတော့ ပြီးပါပြီ။ ဖြန့်ဖို့အတွက်ကျတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သွားမှာဆိုတော့ နည်းနည်းတော့ အချိန်ယူရတယ်။ ဒီခွေမတိုင်ခင် The Best Of Big Bag အခွေလုပ်ဖို့တော့ ရှိတယ်။ ဒီခွေအတွက် သီချင်းလေးတွေတော့ သေချာပြန်ရွေးရမယ်။ နောက်ပြီး ကျွန်တော်တို့ Big Bag ရဲ့ WDGAF Live Show  အခွေထွက်ဖို့ ရှိပါတယ်။

Voice : အခုနောက်ပိုင်း လူငယ်ဂီတသမားတွေနဲ့ သီချင်းတွေ ပူးပေါင်းလုပ်ဖြစ်နေတဲ့ အကြောင်းလည်း ပြောပြပေးပါဦး။
KP : အဲဒါကတော့ Music တိုင်းနဲ့တော့ လုပ်ချင်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကိုယ်နဲ့ချိတ်ဆက်လို့ ရတယ်၊ ချိတ်မိသွားတဲ့ ဟာလေးကလည်း ပရိသတ်အတွက် အကျိုးရှိတယ်ဆိုရင် ကျွန်တော်လုပ်ပါတယ်။ အနုပညာပိုင်းဆိုင်ရာ တန်ဖိုးတစ်ခုအရရော ကျေနပ်သလား၊ ကိုယ်လည်း ပျော်သလားဆိုတဲ့ အပေါ်မှာတော့ မူတည်ပြီး လုပ်ဖြစ်တယ်။ကျွန်တော်နဲ့ပေါင်းလုပ်မယ့် ဂီတသမားတစ်ယောက်ရဲ့ Music ပုံစံက ကျွန်တော့်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တယ်ဆိုရင် ပူးပေါင်းဖြစ်တယ်။ ကျွန်တော့်မှာ ဘောင်တွေမရှိပါဘူး။ Music ပုံစံတစ်ခုကို ကိုယ်က မလုပ်နိုင်လို့၊ မလုပ်တတ်လို့ ပူးပေါင်းပြီး မလုပ်လိုက်ရဘူး ဆိုတာမျိုး ကျွန်တော့်မှာ မရှိပါဘူး။ ဒီနှစ်ထဲမှာလည်း ဟစ်ပ်ဟော့ပ်ဘက်က Lil Z နဲ့ သီချင်းတစ်ပုဒ် ပေါင်းလုပ်ဖို့ ရှိပါတယ်။

Voice : နောက်ပြီး Indie Band တွေရဲ့ Promotion ပွဲတွေမှာလည်း ဝင်ဆိုပေးဖြစ်တာ တွေ့ရတယ်။ သူတို့ကို ဆွဲတင်ပေးတဲ့သဘောလား။
KP : သူတို့ကို ဆွဲတင်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော် လုပ်ပေးနိုင်သလောက် လုပ်ပေးတာပါ။ ဥပမာ- Indie Band တချို့ဆို ကျွန်တော် နားထောင်ကြည့်ပြီး အသည်းယားတာလေးတွေ ရှိတယ်။ ကျွန်တော်တို့ကျတော့ အတွေ့အကြုံအရ သီချင်းချိန်တဲ့ အပိုင်းလေးတွေမှာ ပိုသိတယ်လေ။ ကိုယ်မြင်တာလေးတွေကို လုပ်ပေးချင်တာမျိုး ရှိတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း လက်မခံတော့ မလုပ်ပေးဖြစ်ဘူး။ ကျွန်တော်ကူညီပေးခဲ့တဲ့ Indie Band တချို့ရှိတယ်။ ဒီအပေါ်မှာ ငွေကြေးရလိုမှုအပိုင်းတွေ ကျွန်တော်တစ်ခုမှ ထည့်မတွက်ဘူး။ ကိုယ်လုပ်ပေးနိုင်တဲ့၊ လုပ်လို့ရတဲ့ အချိန်လေးမှာ လုပ်ပေးဖြစ်တာပါ။

Voice : ကျားပေါက်က ပန်းချီဆွဲတာ၊ ကာတွန်းလေးတွေ ရေးဖြစ်တာလည်း တွေ့ရတယ်။ ဒါကကျတော့ ဘယ်တုန်းကတည်းက သန္ဓေတည်ခဲ့တဲ့ ဝါသနာဖြစ်မလဲ။
KP : အရင်တုန်းကတော့ ခဲပန်းချီတွေဘာတွေ လျှောက်ဆွဲဖူးတယ်။ ဒါပေမဲ့ ပန်းချီသင်ပေးဖူးတဲ့ ဆရာတစ်ယောက်က မဆွဲနဲ့တဲ့၊ ကာတွန်းပဲ ဆွဲလို့ပြောတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကာတွန်းဆွဲရတာ ပိုအဆင်ပြေတယ်လို့ ခံစားရတယ်။ ပန်းချီကကျတော့ ကျွန်တော်မြင်တဲ့အမြင်တွေက သိပ်အဆင်မပြေဘူးပေါ့နော်။ အဲ့ဒီတုန်းက ငယ်သေးတာကိုး။ ကာတွန်းဆွဲတာကတော့ ကိုယ့်ဟာကိုယ် လေ့လာခဲ့တာပါ။ သူများတွေဆွဲတဲ့ Documentary လေးတွေ ကြည့်တယ်။ You Tube မှာလည်း လေ့လာလို့ရတယ်လေ။ ဆေးစပ်တာတို့၊ ဘာတို့ကျတော့လည်း ပစ္စည်းတွေဝယ်ပြီး အိမ်မှာ လျှောက်စမ်းကြည့်တယ်။ ကျွန်တော်က တစ်ခုခုလုပ်ပြီဆိုရင်တော့ စိတ်နှစ်ပြီး လုပ်လေ့ရှိပါတယ်။

Voice : ဒါကကျတော့ ငွေရဖို့၊ နာမည်ရဖို့ထက် ကိုယ့်ရဲ့ Passion တစ်ခုအနေနဲ့ လုပ်ဖြစ်နေတာပေါ့။
KP : ကျွန်တော်ဆွဲတဲ့ ကာတွန်းပုံလေးတွေက သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ရင်းနှီးတဲ့ ကာတွန်းဆရာကြီးတွေကတော့ ကျွန်တော့်ကို အားပေးတဲ့အနေနဲ့ ကောင်းတယ်ဆိုပြီး ပြောကြတာပါ။ ကိုနေမျိုးဆေးဆိုလည်း ဟိုတစ်နေ့က ဖုန်းဆက်ပြီး ပြောတယ်။ ညီလေး ဆွဲတာလေးတွေ ကောင်းပါတယ်ပေါ့။ ဆက်ဆွဲပါပေါ့နော်။ ကျပ်ပေးတာလားတော့ မသိပါဘူး။ ကျွန်တော်ကတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှ စိတ်ကူးထားတာမျိုး မရှိပါဘူး။ ပြပွဲလုပ်မယ်တို့ ရောင်းစားမယ်တို့ဆိုပြီး စိတ်ကူးထားတာမျိုး မရှိပါဘူး။ ကျွန်တော့်သမီးတွေလည်း ကာတွန်းဆွဲတတ်တယ်။ အကြီးမဆိုရင် သင်တန်းတွေတောင် တက်ထားတယ်။ 

Voice : ဒီလထဲမှာ စတင်ထုတ်လွှင့်မယ့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ Coach တစ်ယောက်အနေနဲ့ ပါဝင်ထားတယ်နော်။ ကျားပေါက် တာဝန်ယူရမယ့် အဖွဲ့အတွက် ပြိုင်ပွဲဝင်တွေကိုကျတော့ ဘယ်လို အချက်တွေကြည့်ပြီး ရွေးချယ်ထားလဲ။
KP : ကျွန်တော်ကကျတော့ ဘာကို ဦးစားပေးပြီး ကြည့်ဖြစ်လဲဆိုတော့ အရမ်းကြီး အသံကောင်းနေတာမျိုးထက်စာရင် သီဆိုချိန် နှစ်မိနစ်လောက် အတွင်းမှာ ကိုယ့်ကို တစ်ခုလေး ထူးထူးခြားခြား လုပ်ပြသွားနိုင်လားဆိုတာမျိုးကို ပိုကြည့်ဖြစ်တယ်။သူ့ရဲ့ တစ်စိတ်တစ်ပိုင်းကို ကိုယ်က သိခွင့်ရလိုက်တာမျိုး၊ expressive ဖြစ်တဲ့ဟာမျိုးကို အခြေခံပြီး ရွေးပါတယ်။ ကျွန်တော့်အဖွဲ့မှာ ပါတဲ့လူတွေကတော့ အရည်အချင်းတစ်မျိုးစီ ပါလာကြတယ်။ ရုပ်သံကနေပြရင် ပရိသတ်တွေ သိပါလိမ့်မယ်။ 

သန့်ဇင်ဦး