News

POST TYPE

ENTERTAINMENT

စိုးမြတ်သူဇာနဲ့ တွေ့ဆုံခြင်း
23-Jan-2018 tagged as အနုပညာ

“ငယ်ကျွန် ရုပ်ရှင်ကလိုမျိုး ချေစရာရှိတဲ့ ဇာတ်ရုပ်တို့၊ သူများကို နှိမ့်ချရတဲ့ ဇာတ်ရုပ်တို့ဆို ကိုယ့်ကိုပဲ ပြေးပြေးမြင်ကြလား မသိပါဘူး။ ကိုယ့်ဆီပဲ ရောက်ရောက်လာတယ်”

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် စိုးမြတ်သူဇာနဲ့တွေ့ဆုံပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ငယ်ကျွန်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကူးရေးအတွေ့အကြုံများနဲ့ ဇာတ်ကားနဲ့ပတ်သက်တဲ့ အကယ်ဒမီ ရင်ခုန်သံတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : “ငယ်ကျွန်” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက် အကြောင်းကနေစပြီး ပြောပြပေးပါဦး။
SMTZ : ဒီဇာတ်ကားမှာ မကြီးက သားကို အရမ်းချစ်တဲ့၊ မျိုးရိုးဂုဏ်ကိုထိန်းသိမ်းတဲ့ မိန်းမတစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ “ငယ်ကျွန်” ရုပ်ရှင်ကလိုမျိုး ချေစရာရှိတဲ့ ဇာတ်ရုပ်တို့၊ သူများကိုနှိမ့်ချရတဲ့ ဇာတ်ရုပ်တို့ဆို ကိုယ့်ကိုပဲ ပြေးပြေးမြင်ကြလား မသိပါဘူး။ ကိုယ့်ဆီပဲ ရောက်ရောက်လာတယ်။ ရွှေမှုံနဲ့နှစ်ယောက် အဆုံခန်းတွေမှာဆိုလည်း ပရိသတ်တွေ သဘောကျတယ်ဆိုတာ မကြီးတို့ရဲ့ မျက်နှာထားတွေကြောင့်လားတော့ မသိပါဘူး။ ရွှေမှုံနဲ့တွေ့လို့တောင် ပြောဖြစ်ကြပါသေးတယ်။ ငါတို့နှစ်ယောက်က အပြင်မှာတော့ ချစ်ကြပါတယ်လို့ ပြောဖြစ်ကြပါတယ်။

Voice : ဒီဇာတ်ကားက ဇာတ်ရုပ်က ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ပဲ ရိုက်ခဲ့တဲ့ “တော်မဝင်ပါ သို့သော်” ဇာတ်ကားက ဇာတ်ရုပ်နဲ့ နည်းနည်းဆင်တယ်နော်။
SMTZ : ဒီဇာတ်ကားထဲမှာပါတဲ့ မိန်းမကတော့ သားကိုသာ အရမ်းချစ်တယ်ပြောတယ်။ အတ္တကြီးလွန်းတယ်လို့တော့ မကြီးကထင်တယ်။ မကြီးမှာလည်း သားသမီးတော့မရှိပါဘူး။ ဒါပေမဲ့ တွေးကြည့်တာပေါ့။ ကိုယ့်မှာသာ သားလေးတစ်ယောက်ရှိတယ်၊ သားလေးကလည်း သိပ်လိမ္မာတယ်ဆိုရင်တော့ ချွေးမကိုလည်း ချစ်မှာပဲ။ သူက မချစ်နိုင်ဘူးဆိုတာတော့၊ သားကို ချစ်တာမဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ်ချစ်တာ ဖြစ်သွားပြီ။ ဒါပေမဲ့ ကိုယ့်ဇာတ်ရုပ်ကလည်း အဲ့ဒီလိုဖြစ်နေတော့ အဲ့ဒါကိုပဲ နင်းပြီးတော့ မကြီးလည်း လုပ်ခဲ့ရတာပါပဲ။

Voice : ကိုယ့်ဇာတ်ရုပ်က သရုပ်ဆောင်တွေ အားလုံးထဲမှာ ဗီလိန်ပုံစံ ဖြစ်နေတယ်နော်။
SMTZ : မကြီးတို့က အမြဲတမ်းကြီးတော့ လူကောင်း ကာရိုက်တာကြီးပဲ သရုပ်ဆောင်ချင်လို့ မရဘူးလေ။ တစ်ခါတလေတော့လည်း လူဆိုး၊ ဗီလိန်နေရာကလည်း သရုပ်ဆောင်ပြရမှာပေါ့။ မကြီးကိုယ်တိုင်လည်း လုပ်ကြည့်ချင်တယ်။ နောက်ထပ်လည်း အရမ်းဆိုးတဲ့ ကာရိုက်တာတစ်ခုကို ရိုက်ဖို့ မကြီးလက်ခံထားသေးတယ်။ ငယ်ကျွန် ဇာတ်ကားထဲကထက်တောင် ဆိုးဦးမယ်။ တစ်ခါတလေတော့လည်း ဆိုးကြည့်ပါရစေလို့ ပရိသတ်တွေကို တောင်းဆိုချင်ပါတယ်။

Voice : ရွှေမှုံရတီနဲ့နှစ်ယောက် အဆုံခန်းတွေမှာ အပေးအယူမျှတော့ ဇာတ်လမ်းက ပိုပြီး မြိုင်သွားတယ်နော်။
SMTZ : ရွှေမှုံက အသက်ကလေးက ငယ်ငယ်လေးရှိသေးတယ်။ မကြီးမွေးရင် မကြီးရဲ့ သမီးအရွယ်လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ရွှေမှုံက အရမ်းတော်ပါတယ်။ မကြီးတို့နှစ်ယောက် အဆုံခန်းတွေမှာ သရုပ်ဆောင်တဲ့အခါ ကိုယ်ကချည်းပဲ ပြောချင်လို့မရဘူး။ သူများက ပြောရင်လည်း ကိုယ်က အခံရုပ်လုပ်ပေးရမယ်။ ပြောစရာမလိုအောင် အလိုက်သိရမယ်ပေါ့။ သူနဲ့အဆုံခန်း ရိုက်တဲ့အခါမှာ မကြီးလည်း လုပ်လို့ရသလောက် တင်လုပ်ကြည့်တယ်။ သူကလည်း တက်လိုက်လာတယ်။ အဲ့ဒီအခါ ကိုယ်ကလည်း ထပ်တင်လုပ်တယ်။ ကိုယ်တင်လုပ်လို့ သူက လိုက်မလာဘဲနဲ့ ငါ့ဟာငါ တစ်ယောက်တည်း လုပ်မယ်ဆိုရင်လည်း ဘယ်လိုမှ ကြည့်ကောင်းမှာ မဟုတ်ဘူးလေ။ အဲ့ဒီအခါကျရင် ပြန်လျှော့ရမယ်။ ဒီဇာတ်ကားမှာ ရွှေမှုံ့ကြောင့် မကြီး ပိုကောင်းသွားတာတွေလည်း အများကြီးရှိပါတယ်။ ရွှေမှုံ့ကို မကြီးချစ်လည်း ချစ်တယ်၊ လေးလည်း လေးစားတယ်။ ဒီဇာတ်ကားကို ကြည့်တဲ့အခါမှာလည်း သူအတော်ဆုံးလို့ မြင်ပါတယ်။

Voice : ကိုယ့်ခင်ပွန်းအဖြစ် သရုပ်ဆောင်တဲ့ ကိုလူမင်းနဲ့ နှစ်ယောက် ပေါက်ကွဲပြီး ပြောကြတဲ့အခန်းကလည်း တော်တော်လေး ကြည့်ကောင်းပါတယ်။
SMTZ : အဲ့ဒီအခန်းမှာဆိုရင် ဇာတ်ညွှန်းအရ မကြီးဘက်က လျှော့ရမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တကယ်သရုပ်ဆောင်တဲ့ အခါမှာတော့ မကြီးလျှော့လိုက်တယ်။ ကိုယ်က ဒီယောကျာ်းကို ယူထားပြီးလို့ ကလေးတစ်ယောက်တောင် ရပြီးနေပြီ။ အမှန်ဆိုရင် သူ့ကိုယ့်ဆီကို ရောက်လာတဲ့အချိန်မှာ အဲ့ဒီကောင်မလေးက ငါ့သားနဲ့ဖြစ်နေတာလို့ ပြောမလို့လေ။ ဒါပေမဲ့ သူကိုယ့်ကို ပြောတဲ့စကားတွေကြောင့် ကိုယ်ပြောချင်တာတွေ မပြောလိုက်ရဘူး။ သူ့စကားတွေနဲ့တင် ကိုယ်က လျှော့ပေးလိုက်ရတယ်။ မကြီးက အက်တင်ကို လျှော့လုပ်ပေးလိုက်မှ ကိုလူမင်းက သူ့အက်တင်ကို တင်လုပ်လို့ ကောင်းမှာလေ။ ကိုလူမင်း အော်သလို မကြီးက ပြန်အော်မယ်ဆိုရင်လည်း ကြည့်မကောင်းဘူး။ ဘတ်စကက်ဘော ကစားသလို Defence နဲ့ Offence မျှနေမှ ကြည့်လို့ကောင်းမှာလေ။ ကိုလူမင်းလုပ်တဲ့ အက်တင်ပေါ်မှာ မူတည်ပြီး မကြီးက ကြည့်လုပ်ခဲ့တယ်။ ဒါတွေက ရိုက်ကွင်းပေါ်ရောက်မှ တစ်ယောက်နဲ့တစ်ယောက် သရုပ်ဆောင်မှုပေါ်မူတည်ပြီး အပြောင်းအလဲတွေ လုပ်ရတာပေါ့။

Voice : ဒီဇာတ်ကားက ကိုယ့်အတွက်လုပ်ကွက်တွေ အများကြီးရခဲ့တော့ အထူးပွဲကြည့်ပြီးတဲ့ ပရိသတ်တွေကတော့ မကြီးကို အကယ်ဒမီ ရနိုင်တယ်လို့ ပြောနေကြပြီ။
SMTZ : ပရိသတ်တွေကတော့ မကြီးကို အမြဲတမ်း အကယ်ဒမီပေးနေတာပါ။ ရယ်စရာ ပြောတာပါ။ အကယ်ဒမီနဲ့ ပတ်သက်လို့ကတော့ မကြီးက အများကြီး မတွေးထားပါဘူး။ အကယ်ဒမီပေးတဲ့ မူတွေကလည်း တစ်ခုနဲ့တစ်ခု မတူကြဘူးလေ။ အကယ်ဒမီကတော့ မကြီး အမြဲတမ်းလိုချင်နေတဲ့ ဆုပါ။ ကိုယ့်ကိုပေးလာရင်လည်း ယူမယ်၊ မပေးရင်လည်း ဝမ်းမနည်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရရင်လည်း သူများရမယ်လေ။ သူများရရင်လည်း ကိုယ်က ဝမ်းသာနိုင်ရမယ်။ ကိုယ်လည်း မရ၊ သူများလည်း မရဆိုတာမျိုးကတော့ မဖြစ်သင့်ဘူး။ အကယ်ဒမီကတော့ တကယ်ထိုက်တန်တဲ့ သူကိုပေးဖို့ပဲ လိုတာပါ။ 

သန့်ဇင်ဦး


  • VIA