News

POST TYPE

ENTERTAINMENT

ရန်ကုန်ကို ဗဟိုပြု၍ ငလျင်လှုပ်
14-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ဖြူးငလျင်အပြီး ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်နေရာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်မြို့တော်တွင် ငလျင်လှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ နေထိုင်သူအများစု သိသာစွာ ခံစားလိုက်ရသည်။ 

“ငလျင်က တော်တော်လေးပြင်းတယ်။ အဆောက်အအုံတောင် ယမ်းခါသွားတယ်။ အရင်ရက်တွေကလည်း ဆက်တိုက် လှုပ်နေတာဆိုတော့ ကြောက်မိတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အဆိုပါမြေငလျင်သည် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်စတာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၁၂ နာရီ ၅၆ မိနစ်ခန့်(ညသန်းခေါင်) က ဖြူးမြို့၏ အနောက်-အနောက်တောင် ဘက် ၁၇ မိုင်ခန့်အကွာ ပဲခူးရိုးမအတွင်းကို ဗဟိုပြု၍ အင်အားရစ်ခ်စတာစကေး ၆ ဒသမ ဝ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ မြေငလျင်များ ထပ်မံလှုပ် ရှားခဲ့သည်။

ယင်းဖြူးငလျင်လှုပ်ခတ်ပြီးနောက် ရက်ပိုင်းအတွင်း နောက်ဆက်တွဲ အင်အား အသင့်အတင့်ရှိ မြေငလျင်များခပ်စိပ်စိပ် လှုပ်ခတ်လျက်ရှိသည်။ 

ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီ ၅၃ မိနစ်ခန့်က ဖြူးမြို့၏ အနောက်တောင် ဘက် ၂၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်စတာစကေး ၄ ဒသ ၈ အဆင့်ရှိ ငလျင်အပါအဝင် အင်အား အသင့်အတင့်ရှိသည့် ငလျင်များ ခြောက်ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့သည်။ 

“ဒီရက်ပိုင်းငလျင်တွေ မကြာခဏ လှုပ်နေပေမယ့် ရန်ကုန်မှာ အခုလှုပ်တာက ဖြူးငလျင်နဲ့တော့ မဆိုင်ဘူး။ ရန်ကုန်မြို့အနားမှာရှိတဲ့ ပြတ်ရွေ့ အသေးလေးတွေကနေ လှုပ်သွားတာပါ။ ဗဟိုချက်နဲ့နီးတော့ ပိုသတိပြုမိတာ”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင် ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောဆိုသည်။ 

ပဲခူးရိုးမသစ်တောအတွင်း ဗဟိုပြု လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ဝ အဆင့်ရှိ ဖြူးငလျင်နှင့်ပတ်သက်၍ ယင်းဒေသကို ဘူမိဗေဒပညာရှင်များက ကွင်းဆင်းသုတေသန ပြုမည်ဖြစ်ပြီး ဖြူးငလျင်သည် ဇောက်တိမ်ငလျင် အမျိုးအစားဖြစ်ခြင်းကြောင့် ရန်ကုန် အပါအဝင် မြို့ကြီး အများစုတွင် သိသာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ပြောကြားထားသည်။

အင်အားပြင်း ငလျင်အန္တရာယ်ရှိ နေသည့် စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ မြို့ကြီးများအပြင် လူနေ အဆောက်အအုံများ ထူထပ်လှသည့် ရန်ကုန်မြို့တော်ကို ဗဟိုပြု၍ အင်အားပြင်း ငလျင်ကြီးများ လှုပ်ခတ်ခဲ့ပါက ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေ များပြားသည့်အတွက် ငလျင်အန္တရာယ်ကို ကြိုတင် တွက်ဆကာ ပြင်ဆင်ထားရန်လိုအပ်ကြောင်း မြေငလျင်ကျွမ်းကျင်ပညာရှင်များက သတိပေး ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အဓိကပြတ်ရွေ့ကြောများဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့နှင့် ကျောက်ကြမ်း ပြတ်ရွေ့အပြင် အခြားပြတ်ရွေ့ငယ် များစွာရှိနေပြီး ကီလိုမီတာတစ်ထောင် အရှည်ရှိကာ တောင်နှင့် မြောက်သွယ် တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အင်အားပြင်းမြေငလျင်ကြီးများ အန္တရာယ်ရှိနေသည်။

E-03