News

POST TYPE

ENTERTAINMENT

ခရီးသည်အမျိုးသမီးကို ဆဲဆိုခြိမ်းခြောက်သည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦး ဖမ်းမိ
ရန်ကုန်၊ ဇန်နဝါရီ ၁၃

လှိုင်သာယာမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသည့် YBS (၂၀) ယာဉ်တစ်စီးပေါ်တွင် ခါးပိုက်နှိုက်ခံရသည်ကို သိရှိသွားသည့် ခရီးသည်အမျိုးသမီးကို ဆဲဆိုခြိမ်းခြောက်ခဲ့သည့် ခါးပိုက်နှိုက်အဖွဲ့မှ သုံးဦးကို မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဖမ်းမိသူသုံးဦးမှာ အသက် ၃၂ နှစ် စိုးလင်းထိုက် (ခ) ဖိုးလုံး၊ အသက် ၄၁ နှစ် အူစမန် (ခ) ဝင်းကျော်ကျော်နှင့် အသက် ၂၁ နှစ် ကျော်လင်းထက်တို့ဖြစ်ပြီး ၎င်းတို့ကို မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ဈေးမှတ်တိုင်တွင် YBS (၃၆) ယာဉ်တစ်စီးပေါ်မှ ဆင်းလာစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

စိုးလင်းထိုက် (ခ) ဖိုးလုံးအပါအဝင် ခါးပိုက်နှိုက်အဖွဲ့မှ ခုနစ်ဦးမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းရှေ့မှတ်တိုင်မှ မြေနီကုန်းဘက်သို့ YBS (၂၀) ယာဉ်ဖြင့် လိုက်ပါလာခဲ့ပြီး ခရီးသည် အမျိုးသမီးတစ်ဦးကို ခါးပိုက်နှိုက်စဉ် ယင်းအမျိုးသမီးက သိရှိသွားပြီး ယာဉ်မောင်းနှင့် ယာဉ်အကူတို့ကို သွားရောက်အသိပေးခဲ့သဖြင့် ၎င်းတို့အဖွဲ့က အင်းလျားလမ်းနှင့် ဓမ္မစေတီလမ်းမီးပွိုင့်တွင် ယာဉ်ပေါ်မှဆင်းကာ ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခရီးသည်အမျိုးသမီးတို့ကို ဆဲဆိုခြိမ်းခြောက် ပြောဆိုခဲ့သည်။ 

YBS ယာဉ်တွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းမှ ခါးပိုက်နှိုက်အဖွဲ့က ဆဲဆိုခြိမ်းခြောက်နေသည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းဖြစ်စဉ်ကို စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၉၄/၅၀၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး နှစ်လကျော်ကြာ စုံစမ်းခဲ့ပြီးနောက် ဇန်နဝါရီလ ၉ ရက်နေ့က ယင်းအဖွဲ့မှ သုံးဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖမ်းမိသူသုံးဦးမှ စိုးလင်းထိုက် (ခ) ဖိုးလုံးမှာ ဓားကိုင်ဆောင် မူးယစ်ရမ်းကားမှု၊ မ.ထ.သ စနစ်ဖြင့် ယာဉ်လိုင်းပြေးဆွဲစဉ်အချိန်က ကျောက်တန်း - တာမွေ ပြေးဆွဲနေသည့် ယာဉ်များပေါ် အုပ်စုဖွဲ့ မိုက်ကြေးခွဲ ဆက်ကြေးကောက်ယူမှုတို့ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံဖူးသူဖြစ်ပြီး ကျန်လွတ်မြောက်နေသူများကို ထပ်မံ ဖမ်းဆီးဖော်ထုတ် အရေးယူနိုင်ရန် ဆက်လက်စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03