News

POST TYPE

ENTERTAINMENT

မြို့ပတ်ရထား လပေးစီးနင်းသူ နှစ်ဆတိုး


ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်မြို့တော်အတွင်း မြို့ပတ်ရထားကို လပေးလက်မှတ် ဝယ်ယူစီးနင်းသူအရေအတွက်သည် ယခင်ဘဏ္ဍာနှစ်ကထက် နှစ်ဆခန့် တိုးလာခဲ့ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

“အရင်နှစ်က ငါးထောင်ကျော်ပဲရှိတာ။ တရိပ်ရိပ် တက်လာခဲ့တာပါ။ ငါးထောင်၊ ခြောက်ထောင်ဆိုပြီးတော့ပေါ့။ ဒီဘဏ္ဍာနှစ်မှာ ကိုးထောင်ကျော်ဆိုတော့ နှစ်ဆလောက် တက်လာခဲ့တာပါ”ဟု မြန်မာ့မီးရထား၊ တိုင်း (၇)၊ သွားလာပို့ဆောင်ရေးဌာန အထွေထွေမန်နေဂျာ ဦးဇော်လွင်က ဆိုသည်။

YBS ခရီးသည်တင်ယာဉ်လိုင်းစနစ် ပြေးဆွဲသည့်နောက်ပိုင်းတွင် စီးနင်းမှု အခက်အခဲများ ရှိလာသဖြင့် ရန်ကုန်မြို့နေ ပြည်သူများကြား မြို့ပတ်ရထားစီးနင်းသူ များလာသည့်အတွက် လပေးလက်မှတ်ဖြင့် ဝယ်ယူသူလည်း တိုးလာခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

မြို့ပတ်ရထားကို တစ်လစာကြိုတင်ဝယ်ယူရသည့် လပေးလက်မှတ်ဖြင့် ဝယ်ယူစီးနင်းသူဦးရေမှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ၈၀၀၀ ဦးကျော်ရှိပြီး ဒီဇင်ဘာလတွင် ၉၆၀၀ ဦးအထိ မြင့်တက်လာကြောင်း ဦးဇော်လွင်က ပြောကြားသည်။

“လပေးလက်မှတ်နဲ့ စီးနင်းမှုက ပြီးခဲ့တဲ့လနဲ့ယှဉ်ရင်တောင် ဒီလက တိုးလာခဲ့တယ်။ အရင်ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် စံချိန်တင် တိုးလာတယ်လို့ ပြောလို့ရတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ပတ်ရထား လက်မှတ်ခဈေးနှုန်းများမှာ ခရီးစဉ်အစမှ ၁၅ မိုင်အထိ ကျပ် ၁၀၀ နှုန်း၊ ၁၅ မိုင်အထက်နှင့် မြို့တစ်ပတ်လုံးကို ကျပ် ၂၀၀ သတ်မှတ်ထားပြီး နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ပြေးဆွဲလျက်ရှိသည်။

“ရထားစစီးတုန်းက တစ်ရက်ကို အသွားအပြန် နှစ်ရာပေးရတယ်။ လပေးနဲ့ကျတော့ တစ်လကို ၃၃၅၀ ဆိုတော့ ဈေးက ထက်ဝက်လောက် သက်သာလို့ လပေးဝယ်စီးဖြစ်တာပါ”ဟု သမိုင်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မြို့ပတ်ရထားစီးနင်းမှုတွင် တစ်လစာ ကြိုတင်ဝယ်ယူရသည့် လပေးလက်မှတ်စနစ်ဖြင့် ဝယ်ယူစီးသူဦးရေမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၅၀၀၀ ဦးကျော်၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာ ၉၆၀၀ ဦးအထိရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် မြို့ပတ်ရထား ကိုးစီးရှိပြီး ဘူတာ ၃၈ ခုရှိကာ တစ်ရက်လျှင် အခေါက်ရေ ၂၁၅ ပြေးဆွဲလျက်ရှိရာ ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူ ကိုးသောင်းကျော် စီးနင်းမှုရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06