News

POST TYPE

ENTERTAINMENT

နိုင်ငံရေး၊ ဘာသာရေး မသင်ကြားရန်ဆိုသော တားမြစ်ချက် ဖြုတ်ပေးရန် တောင်းဆို
ရန်ကုန်၊ ဇန်နဝါရီ ၁၁

သင်ရိုးညွှန်းတမ်းတွင် မပါဝင်သော နိုင်ငံရေးနှင့် ဘာသာရေး အကြောင်းအရာများ သင်ကြားခြင်း၊ ဟောပြောခြင်း မပြုလုပ်ရန် တားမြစ်ချက်ကို ဖြုတ်ပေးရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်လက်အောက်ရှိ ပုဂ္ဂလိကကျောင်းဆရာ ကိုယ်စားလှယ်များက တောင်းဆိုသည်။

ပုဂ္ဂလိကကျောင်း ဥပဒေကြမ်း ပုဒ်မ ၂၁ (င) တွင်ပါရှိသည့် “သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်ခြင်း မရှိသည့် နိုင်ငံရေး၊ ဘာသာရေးနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော အကြောင်းအရာများကို သင်ကြားပို့ချခြင်းမပြုရန် ကြပ်မတ် ဆောင်ရွက်ရမည်”ဟူသောစာပိုဒ်တွင် “နိုင်ငံရေး၊ ဘာသာရေး” စကားရပ်ကို ဖြုတ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

ဆရာအဖွဲ့ချုပ်၊ ပုဂ္ဂလိကကျောင်းဆရာ ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ဦးကျော်မင်းခန့်က “နိုင်ငံရေးနဲ့ ဘာသာရေးကို လွတ်လွတ်လပ်လပ် သင်ကြားခွင့်ကို တောင်းဆိုတာ မဟုတ်ဘူး။ သမိုင်းသင်မယ်ဆိုလည်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေ ပါမယ်။ ဘာသာရေးဆိုလည်း မဟော်သဓာအကြောင်းတွေပါမယ်။ ဘုရားအလောင်းအကြောင်းတွေ သင်ရမယ်။ အဲဒါတွေကျ လွတ်လွတ်လပ်လပ် ပြောလို့မရမှာ စိုး(ရိမ်)လို့”ဟု ပြောကြားသည်။

အထက်ပါ ပြဋ္ဌာန်းချက် မူကြမ်းအပြင် ပုဒ်မ ၄၉ တွင်ပါရှိသည့် “မည်သူမျှ ပုဂ္ဂလိကကျောင်းတွင် သင်ကြားရမည့် ဘာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခြင်း၊ ပို့ချခြင်းမပြုရ”ဟူသော စာပိုဒ်တွင်လည်း “နိုင်ငံရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ”ဟူသည့် စကားရပ်ကို ဖြုတ်ပေးရန် တောင်းဆိုသည်။ 

“တခြား ဘာသာရေးအကြောင်းကို သင်ကြားဖို့တောင်းဆိုတာ မဟုတ်ဘူး။ နိုင်ငံရေး ဘာသာရေးဆိုတဲ့ စကားလုံးကို ထောက်ထောက်ပြီးတော့ တခြား ပြဿနာတွေ တက်လာမှာစိုးလို့။ အဲဒါကြောင့် တစ်ခါတည်း တက်ရောက်လာတဲ့ ဆရာတွေက တစ်ခါတည်း အကြံပြုလိုက်တာ”ဟု ဦးကျော်မင်းခန့်က ပြောကြားသည်။

ပုဂ္ဂလိက ကျောင်းဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၀ ရက်က ရန်ကုန်တက္ကသိုလ်အတွင်းရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ်ရုံးခန်းတွင် ပုဂ္ဂလိက ကျောင်းဆရာများ စုပေါင်းဆွေးနွေးပြီးနောက် ယင်းအကြောင်းအရာများကို ပြင်ဆင်ရန် အားလုံး သဘောတူ တောင်းဆိုခြင်းဖြစ်သည်။

ယင်းသို့ နိုင်ငံရေး၊ ဘာသာရေး မသင်ကြားရဟူသော တားမြစ်ချက်နှင့်ပတ်သက်၍ ဖောင်တော်ဦးကျောင်းဆရာတော် ဦးနာယကက “သမိုင်းဆိုတာလည်း နိုင်ငံရေးပဲ။ ဒီမိုကရေစီခေတ်မှာ နိုင်ငံရေး မသင်ရ ဆိုတော့လည်း တစ်မျိုးကြီးဖြစ်နေတယ်”ဟု မိန့်ကြားသည်။

ဆရာအဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာနကဖြစ်စေ၊ အစိုးရက ခွင့်ပြုထားသော ပညာရေးနှင့်ဆိုင်သည့် ဆရာအဖွဲ့အစည်း တစ်ခုခုကဖြစ်စေ ဆရာအတတ်ပညာလက်မှတ် ရရှိပြီး သင်ကြားရေး အတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိသူဖြစ်ပါက ခွင့်ပြုရန် ၎င်းတို့က တောင်းဆိုသည်။ ဥပဒေကြမ်းတွင်မူ ဆရာဖြစ်ရန် သင်ကြားရေး အတွေ့အကြုံ ၅ နှစ်ရှိရမည်ဟု သတ်မှတ်သည်။ 

ယင်းအချက်များအပြင် ဥပဒေကြမ်းတွင်ပါဝင်သည့် အနည်းဆုံး ထောင်ဒဏ် ၃ လမှ အများဆုံး ၃ နှစ်အထိ ချမှတ်ရမည်ဆိုသော ပြစ်ဒဏ်ကိုလည်း လျှော့ပေါ့ပေးရန်၊ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားခြင်းကို ပုဂ္ဂလိကပညာရေး ကောင်စီက အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် အစားထိုးပေးရန် စသည့်အချက်များ တောင်းဆိုထားသည်။ 

Headway Education Center အထက်တန်းကျောင်းအုပ် ဦးစိုးဝင်းက “ရဲအရေးပိုင်သော ပြစ်မှုဆိုတာ အဆင့်မြင့် ပညာဥပဒေကြမ်းမှာလည်း မပါဘူး။ အခြေခံပညာရေး ဥပဒေကြမ်းမှာလည်း မပါဘူး၊ ကျွန်တော်တို့ ဒီပုဂ္ဂလိကကျောင်း ဥပဒေကြမ်းမှာမှ ပါတယ်”ဟု ပြောကြားသည်။

လိုင်စင်မရှိဘဲ စာသင်ကြားခြင်းသည် ခိုးကြောင်ခိုးဝှက်လုပ်ခြင်းမဟုတ်ကြောင်းနှင့် သင်ကြားခွင့်လိုင်စင်မရှိဘဲ သင်ကြားနေသော ဆရာ၊ ဆရာမများကို ယခုချိန်ထိ အစိုးရအနေနှင့်အရေးယူခြင်း မရှိသေးသော်လည်း နားလည်မှုယူ၍ သင်ကြားနေရခြင်းကိုလည်း အလိုမရှိကြောင်း ဦးစိုးဝင်းက ပြောကြားသည်။

ပုဂ္ဂလိကကျောင်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပုဂ္ဂလိကကျောင်းဆရာများအနေနှင့် ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်၊ အစားထိုးလိုသည့် အချက်များကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ထံ မကြာမီေ ပးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ပုဂ္ဂလိကကျောင်းဆရာများထံမှ သိရှိရသည်။

မြဇာခြည်သင်း