News

POST TYPE

ENTERTAINMENT

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ကြမယ့် တေးသံရှင် မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့ရဲ့ ရင်တွင်းစကားသံများ
12-Jan-2018



မကြာမီ ကျင်းပတော့မယ့် Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ကြမယ့် တေးသံရှင် မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့ရဲ့ ရင်တွင်းစကားသံတွေကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

မြန်မာပြည်သိန်းတန်

Season 3 မှာလည်း ပြိုင်ပွဲဝင်တွေကို အန်ကယ့်ရဲ့ အဆိုပညာနဲ့ အကောင်းဆုံး အကဲဖြတ်ပေးသွားမှာပါ။ ကိုယ့်တူတော်မောင်တစ်ယောက် ဝင်ပြီးတော့ ပြိုင်ရင်တောင်မှ သူမကောင်းလို့ရှိရင် ရွေးမှာမဟုတ်ပါဘူး။ ပြိုင်ပွဲဝင်မယ့် ကလေးတွေကို ပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုတယ်။ ဇွဲသတ္တိရှိဖို့ လိုတယ်။ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ဖို့လိုပါတယ်။ ဒီနှစ်မှာ ဒိုင်က လေးယောက်ဖြစ်သွားတော့ ပိုပြီးတော့ အားရှိလာတယ်။ ပိုပြီးတော့ ပျော်စရာကောင်းလာပါတယ်။ ဒိုင်အဖွဲ့ဝင်သစ်တွေကလည်း အရည်အချင်းသေးတဲ့သူတွေ မဟုတ်ကြဘူးလေ။ သူတို့ရဲ့အရည်အချင်းတွေကိုလည်း အန်ကယ်က သိနေတော့ အင်မတန် အားရစရာကောင်းပါတယ်။ ဒီပြိုင်ပွဲမှာ Winner ဖြစ်ချင်တဲ့သူက သီချင်းတွေကို ဘက်စုံဆိုနိုင်ဖို့လိုတယ်။ အဆိုကောင်းဖို့လိုတယ်။ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ အကျင့်စာရိတ္တကောင်းဖို့လိုတယ်။ ပရိသတ်ကို ဆွဲဆောင်နိုင်မယ့် Talent လေးတွေ ရှိဖို့လည်းလိုပါတယ်။

ရန်အောင်

ကျွန်တော့်ကို Myanmar Idol က တာဝန်ရှိသူတွေက ဒိုင်လုပ်ဖို့အတွက် ကမ်းလှမ်းလာတာ သုံးကြိမ်မြောက်ရှိပါပြီ။ အခု Season 3 ကျမှ ပါဝင်ဖြစ်တာပေါ့။ ကျွန်တော်လည်း အတွေ့အကြုံသစ်တွေ လိုချင်တဲ့အတွက် လက်ခံဖြစ်တာပါ။ ရှေ့ပိုင်းမှာတော့ ကျွန်တော် မလုပ်ဖြစ်ခဲ့တာက အချိန်လုံးဝမရလို့ပါ။ ဒီပြိုင်ပွဲကလည်း လနဲ့ချီပြီး အချိန်ပေးနိုင်မှ ရတာဆိုတော့လေ။ ဒီတစ်ခေါက်တော့ ပြိုင်ပွဲအချိန်ဇယားကို ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော်လည်း အချိန်ပေးနိုင်တဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ။ ဒါက သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ကျွန်တော် ပထမဆုံး ဒိုင်လုပ်တာပါ။ ကျွန်တော့်မှာ အတွေ့အကြုံတွေလည်း အများကြီးလိုအပ်ပါသေးတယ်။ ပရိသတ်တွေအနေနဲ့ ကျွန်တော်တို့ဒိုင်တွေရဲ့ အကဲဖြတ်မှုတွေကို ကြည့်ရှုအားပေးကြပါ။ ကျွန်တော်တို့က ဆုံးဖြတ်ရွေးချယ်လိုက်ပေမယ့် ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူမကျတဲ့ ပြိုင်ပွဲဝင်တွေလည်း ပါလာမှာပါပဲ။ ဒါက နှစ်တိုင်းလည်း ပါနေကျပါ။ အဲ့ဒီအခါကျရင်လည်း ပရိသတ်တွေက နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။

တင်ဇာမော်

မနှစ်က ပြိုင်ပွဲမှာလည်း ဒိုင်တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီးပြီ။ ဒီနှစ်မှာလည်း ထပ်ပြီး ပါဝင်ခွင့်ရတယ်ပေါ့။ အဲ့ဒီအခါကျတော့ မနှစ်ကထက် ပိုကောင်းအောင် ဘာလုပ်ပေးနိုင်လဲလို့ အစ်မ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါတယ်။ အစ်မမှာလည်း လိုအပ်ချက်တွေရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ရမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ဆန်းစစ်ရပါမယ်။ လာပြိုင်တဲ့ ပြိုင်ပွဲဝင်တွေအတွက် အကျိုးရှိအောင် ငါ့ဘက်က ဘာတွေ တတ်နိုင်မလဲပေါ့။ ဒီနှစ်က အစ်မအတွက် ဒိုင်လုပ်ရတာ တာဝန်ပိုကြီးတယ်လို့ ခံစားရပါတယ်။ ဒီနှစ်မှာ ထူးခြားတာက ပြည်ပရောက်မြန်မာတွေလည်း အွန်လိုင်းကနေတစ်ဆင့် အသံဖိုင်ပေးပို့ပြီး Audition ဝင်လို့ရပါတယ်။ မြန်မာ ပတ်စပို့စ်ကို ကိုင်ဆောင်ထားတဲ့ မြန်မာလူမျိုးတွေထဲကနေပြီးတော့ အရည်အချင်းရှိတဲ့၊ အစ်မတို့ထက်တောင် ပိုတော်တဲ့လူငယ်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ပြည်ပရောက် မြန်မာလူငယ်တွေလည်း ဒီသတင်းကို ကြားတဲ့အခါမှာ စိတ်ဝင်စားပြီး လာပြိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မျိုးကျော့မြိုင်

အရင် Season တွေကတည်းက ကျွန်တော့်ကို ဒိုင်လုပ်ပေးဖို့အတွက် သူတို့ဘက်က ကမ်းလှမ်းချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဆက်သွယ်လို့မရတာနဲ့ မလုပ်ဖြစ်ခဲ့တာပါ။ Myanmar Idol Season 1၊ 2 တုန်းက တချို့ပွဲစဉ်လေးတွေ ကျွန်တော်ကြည့်ဖြစ်ပါတယ်။ အကုန်လုံးတော့ မကြည့်ဖြစ်ဘူး။ အရင်တုန်းကတော့ American Idol ပြိုင်ပွဲကို ကြည့်ခဲ့ဖူးတယ်။ အဲ့ဒီမှာ ဒိုင်တွေရဲ့ အကဲဖြတ်မှုတွေကို လေ့လာဖြစ်တယ်။ ဒီပြိုင်ပွဲက အရမ်းလည်းပေါက်ထားတော့ ကျွန်တော်တို့အတွက်လည်း ဒိုင်လုပ်ရတာ တာဝန်ကြီးပါတယ်။ ဒိုင်အချင်းချင်း ငြင်းခုံရတာတွေရှိမယ်။ ပရိသတ်တွေနဲ့ ဒိုင်တွေနဲ့ အမြင်မတူတာတွေရှိမယ်။ အချုပ်ကိုပြောရရင်တော့ ဒီပြိုင်ပွဲက ပရိသတ်တွေကို ဖျော်ဖြေမှုတစ်ခုအနေနဲ့ တင်ဆက်တာပါပဲ။ ပြိုင်ပွဲဝင်ကလေးတွေအတွက်လည်း ထိုက်တန်တဲ့ အောင်မြင်မှုမျိုးရအောင်၊ ပရိသတ်တွေ လက်ခံနိုင်အောင်လည်း ကျွန်တော်တို့ဘက်က ကြိုးစားသွားမှာပါ။

သန့်ဇင်ဦး