News

POST TYPE

ENTERTAINMENT

အိမ်ထောင်ရေးကိစ္စ နောက်ပြောင်ရာမှ လူသတ်မှုဖြစ်
ရန်ကုန်၊ ဇန်နဝါရီ ၁၁

မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ခရမ်းစုလမ်းတွင် ဇန်နဝါရီလ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်က ဇနီးဖြစ်သူနှင့် ကွာရှင်းထားသော အမျိုးသားတစ်ဦးကို အိမ်ထောင်ရေးကိစ္စ နောင်ပြောင်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဓားဖြင့်ထိုးသတ်ခံရသူ အသက် ၄၂ နှစ် ဦးအေးသွင်မှာ အကြော်ရောင်းသူဖြစ်ပြီး ယင်းညက ဂါလီနင်းသူ ဦးကြည်နိုင်ကို အိမ်ထောင်ရေးကိစ္စ စနောက်ရာမှ နှစ်ဦးစကားများရန်ဖြစ်ကာ ဦးကြည်နိုင်က ဓားဖြင့်ထိုးသဖြင့် ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ဘယ်နံစောင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“ဂါလီနင်းတဲ့သူက မိန်းမနဲ့ကွဲတာ သိပ်မကြာသေးဘူး။ သေဆုံးသူက ဂါလီနင်းသူကို မယားပစ်လို့ စနောက်ခေါ်ရာက စကားများကြပြီး လူသတ်မှုအထိ ဖြစ်သွားတာလို့ စစ်ဆေးသိရှိရတယ်။ တရားခံကို ဖမ်းမိထားပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

အဆိုပါ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူဟုဆိုသော ဂါလီနင်းသူ ဦးကြည်နိုင်ကို အခင်းဖြစ်ညတွင် ဖမ်းမိခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03