News

POST TYPE

ENTERTAINMENT

မိုးဗြဲ - ဖယ်ခုံရေကြောင်းလမ်း ခရီးစဉ်အသစ် ခွင့်ပြု
12-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နှင့် ရှမ်းပြည်နယ် အင်းလေးဒေသကို ဆက်သွယ်ထားသည့် မိုးဗြဲဆည်မှ ရေကြောင်းလမ်းခရီးစဉ်အသစ်ကို ဒီဇင်ဘာလအတွင်း ခွင့်ပြုထားပြီးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကယားပြည်နယ်) ရုံးခွဲတာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောကြားသည်။

“မိုးဗြဲ ဆည်ရေလမ်းကြောင်းကနေ ဖယ်ခုံနဲ့ လွိုင်ကော်ကနေ စက်လှေတွေကို စုစည်းပြီး ပြေးဆွဲနိုင်ဖို့ စီစဉ်ထားတယ်။ ဆည်ရေလမ်းကြောင်းကို နံနက်ကိုးနာရီနဲ့ သုံးနာရီတစ်ကြိမ်စီ ဖွင့်ပေးမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရေကြောင်းခရီးစဉ်သည် အင်းလေးဒေသမှတစ်ဆင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ စက်လှေဖြင့် ဝင်ရောက်သည့် ခရီးစဉ်တစ်ခုဖြစ်ပြီး မိုးဗြဲဆည်မှ ဖယ်ခုံအထိ ပြည်တွင်းပြည်ပ ခရီးသည်များအတွက် သဘာဝရှုခင်းကို ကြည့်ရှုနိုင်သည့် ခရီးစဉ်တစ်ခုအဖြစ်လည်း အကောင်အထည်ဖော်ထားသည့် ခရီးစဉ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“လက်ရှိမှာ မိုးဗြဲဆည်ခရီးစဉ်ကို စုံစမ်းတာတွေရှိတယ်။ အတိအကျတော့ မဖြစ်သေးဘူး။ ရေလမ်းကြောင်းတစ်လျှောက်က တိုင်းရင်းသားကျေးရွာတွေရဲ့ ဓလေ့တွေ၊ ရှုမျှော်ခင်းတွေကို သဘာဝအတိုင်း ကြည့်ရှုနိုင်တဲ့ ခရီးစဉ်တစ်ခုအဖြစ် တိုးအစီအစဉ်တွေ ရေးဆွဲနိုင်တဲ့ အလားအလာတွေရှိပါတယ်”ဟု ကယားပြည်နယ်အခြေပြု ခရီးသွားကုမ္ပဏီ တစ်ခုဖြစ်သည့် Kayan Beauty Travels & Tours မှ တာဝန်ရှိသူက ဆိုသည်။

မိုးဗြဲဆည်ရေလမ်းကြောင်းခရီးစဉ်သည် ဖယ်ခုံမြို့နှင့် အင်းလေးဒေသတို့ကို ဆက်သွယ်ပေးသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး ရေလမ်းကြောင်းဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသည်များအတွက် လုံခြုံရေးအပိုင်းကိုလည်း စိစစ်ဆောင်ရွက်ရန် ပြုလုပ်သင့်ကြောင်း၊ ယင်းခရီးစဉ်တွင် လွိုင်ကော်မြို့မှ ဖယ်ခုံမြို့တစ်လျှောက်ရှိ ကျေးရွာများဖြစ်သော ဘုရားဖြူ၊ ဘုရားနီ၊ ကြာဖြူကန် စသည့်ဒေသများကို လည်ပတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လက်ရှိမှာ အင်းလေးနဲ့ဖယ်ခုံက ခရီးစဉ်ရှိပြီးသား၊ အခုမိုးဗြဲဆည်က ရေလမ်းကြောင်းပွင့်ပြီဆိုတော့ ကယားကို ဝင်တဲ့လမ်းကြောင်းတစ်ခု တိုးလာတဲ့သဘောပါ”ဟု ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

နိုင်ငံခြားသား ခရီးသွားအများစုသည် ယခုနောက်ပိုင်းတွင် ရပ်ရွာအခြေပြု ခရီးသွားအစီအစဉ်များကို သဘောကျနှစ်ခြိုက်လေ့ရှိပြီး မြစ်တွင်းသွား စီးနင်းလည်ပတ်ရသည့်ခရီးစဉ်များကို ပိုမိုနှစ်သက်လာကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများထံမှ သိရသည်။

J-14