News

POST TYPE

ENTERTAINMENT

မော်တော်ယာဉ် လိမ်လည်ငှားရမ်းသည်ဟုဆိုသော အမေရိကန်နိုင်ငံသားကို အမှုဖွင့်
12-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၁ 

လုပ်ငန်းတွင် အသုံးပြုရန်ဟုဆိုကာ ငှားရမ်းထားပြီး စီးနင်းခြင်းမရှိဘဲ အခြားသူတစ်ဦးကို လွှဲပြောင်းထားသည်ဟုဆိုကာ အမေရိကန်နိုင်ငံသားတစ်ဦးကို ဇန်နဝါရီလ ၉ ရက် ည ၉ နာရီခန့်က ဗဟန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၇) ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် မမာမာအေးသည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဒဂုံမြို့နယ်တွင် ရုံးခန်းဖွင့်လှစ်ပြီး ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်နေသော အမေရိကန်နိုင်ငံသား Mr. Garrett Foster Perez ကို ၎င်းပိုင် Alphard ယာဉ်အား ယာဉ်သက်သေခံလက်မှတ်များနှင့်အတူ ငှားရမ်းခဲ့ကြောင်း၊ ထိုသို့ ငှားရမ်းထားသည့်ယာဉ်ကို ၎င်းက စီးနင်းအသုံးပြုခြင်းမရှိဘဲ အခြားသူတစ်ဦးက စီးနင်းအသုံးပြုနေသည်ကို သိရသဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“အခု အမှုဖွင့်တဲ့သူနဲ့ အမှုဖွင့်ခံရတဲ့ အမေရိကန်နိုင်ငံသားက အသိတွေပါ၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်လို့ ငှားရမ်းပေးထားတာ။ အမေရိကန်နိုင်ငံသားက နိုင်ငံခြားမှာ ရောက်နေတယ်လို့ သိရတယ်။ ဘာအချက်အလက်မှ မစစ်ဆေးရသေးလို့ အတိအကျပြောမရသေးဘူး။ သူ့ဖမ်းမိမှပဲ တကယ်လိမ်လား၊ မလိမ်လား သိရမှာပါ”ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

ထိုသို့ အခြားသူတစ်ဦးက အသုံးပြုနေသဖြင့် ရုံးခန်းသို့ သွားရောက်ပြီးမေးမြန်းရာ ယာဉ်ငှားရမ်းထားသူ Mr. Garrett Foster Perez မှာ အတွေ့မခံဘဲ တိမ်းရှောင်နေကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ ၁၁ နာရီခန့်က ငှားရမ်းထားသည့် မော်တော်ယာဉ်ကို အမေရိကန်နိုင်ငံသူတစ်ဦးက စီးနင်းနေသည်ကိုတွေ့ရပြီး ပြန်လည်တောင်းခံရာ ပြန်ပေးခြင်းမရှိသဖြင့် ယာဉ်ကို မရိုးမဖြောင့်သောသဘောဖြင့် လိမ်လည်ငှားရမ်းသည်ဟုဆိုကာ ယာဉ်ငှားရမ်းသူ အမေရိကန်နိုင်ငံသား Mr. Garrett Foster Perez အား အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

J-16