News

POST TYPE

ENTERTAINMENT

ထက်ထက်ထွန်းနဲ့ တွေ့ဆုံခြင်း
“အနုပညာရှင်တွေအကုန်လုံးက ဘာပဲလုပ်လုပ်၊ အိမ်ထဲမှာပဲ နေနေ၊ အပြင်ပဲ သွားသွား အဆဲခံလူတန်းစားလုံးလုံး ဖြစ်နေတယ်”

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “လူကြီးလူကောင်းများ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် လွင်မိုး၊ လူမင်း၊ ပြေတီဦး၊ နေတိုး၊ စိုးမြတ်သူဇာ၊ ရွှေအိမ်စည်၊ စဝ်ယွန်းဝတီဦး၊ ယွန်းဝင့်လွှာအောင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ့် သရုပ်ဆောင် ထက်ထက်ထွန်းနဲ့တွေ့ဆုံပြီး ဇာတ်ကားအကြောင်း၊ မကြာသေးခင်က ရိုက်ကွင်းတစ်ခုမှာ လေယာဉ်မယ်ဝတ်စုံနဲ့ ရိုက်တဲ့အချိန်မှာ စီးတဲ့ဖိနပ်နဲ့ပတ်သက်ပြီး လေယာဉ်မယ် အစစ်တစ်ယောက်က ဝေဖန်ခဲ့တဲ့အပေါ် သူ့ရဲ့ခံစားချက်တွေကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “လူကြီးလူကောင်းများ” ရုပ်ရှင်ကားမှာ တကယ့်သရုပ်ဆောင်ကြီးတွေနဲ့ အတူတူ ပါဝင်ရမှာဆိုတော့ ရင်ခုန်သံက ဆူညံနေပြီလား။ 
HHT : ဒီဇာတ်ကားရိုက်ဖို့အတွက် ထက်ကို စစချင်း လာကမ်းလှမ်းတဲ့အချိန်မှာ အရမ်းပျော်မိတယ်။ ရှေ့မှာလည်း သရုပ်ဆောင်ကြီးတွေနဲ့ “ညစ်တွန်း” ရုပ်ရှင်ကားကြီးရိုက်ဖို့ရှိတယ်၊ ဒီကားမှာလည်း သရုပ်ဆောင်ကြီးတွေနဲ့ ရိုက်ရမှာဆိုတော့ လတ်တလော ကိုယ့်ကိုယ်ကိုယ် ကံအရမ်းကောင်းနေပါလားလို့တောင် တွေးမိတယ်။ တစ်ခုရှိတာက ကံကောင်းနေပေမယ့် ကိုယ့်ဘက်က မလုပ်နိုင်မှာကိုလည်း စိုးရိမ်တယ်။ ဒါပေမဲ့ ထက်ဘက်ကနေရလာတဲ့ အခွင့်အရေးအပေါ်မှာ အကောင်းဆုံး ကြိုးစားသွားမှာပါ။ 

Voice : မကြာသေးခင်က ဂယက်ထခဲ့တဲ့ လေယာဉ်မယ်ဝတ်စုံကိစ္စမှာ ကိုယ့်ဘက်က မှန်နေတာဆိုတော့ သူ့ဘက်ကရော ဘယ်လိုမျိုး ပြန်တုံ့ပြန်လာလဲ။ 
HHT : သူ့ဘက်ကနေ ဘာတုံ့ပြန်မှုမှမလာပါဘူး။ အဲ့ဒါကြောင့် တချို့တွေကပြောကြတယ်၊ သူ့ဘက်က ဘာမှပြန်မပြောဘဲနဲ့ နင့်ဘက်ကပြောနေတာ မပြီးတော့ဘူးဆိုပြီးလေ။ ဒါပေမဲ့ ထက်ကတော့ ကိုယ့်ကိုလာမေးရင် ဖြေရတာပဲ။ ထက်က ပြောချင်လွန်းလို့ လာမေးကြပါဆိုပြီး ပြောထားတာလည်း မဟုတ်ဘူး၊ လာမေးတဲ့လူရှိမှ ဖြေတာပါ။ တစ်ခုရှိတာက ကိုယ်ဖြေထားတာက အွန်လိုင်းပေါ်တက်တော့ ထက်က မပြီးဘူးဖြစ်ရောပေါ့နော်။ ထက်က သူ့အလုပ်ကိုလည်း ပြောထားတော့ အလုပ်က ပြန်မတုံ့ပြန်ရဘူးလို့ ပြောရင်လည်း ပြောထားမှာပေါ့။ အဲ့ဒီအခါကျတော့ ထက်ကပဲ လူဆိုး၊ လူမိုက်ကြီးကို ဖြစ်နေတာပေါ့။ ထက်ကတော့ ကိုယ့်ကိုလာမေးရင် ဘယ်နှယောက် လာမေးမေးပြောမှာပဲ၊ နောက်နှစ်အထိ လာမေးနေရင်လည်း ပြောရမှာပဲလေ။

Voice : နောက်ပိုင်းမှာ ထက်ထက်ထွန်းဆိုတဲ့ နာမည်အတိုင်း ပိုထက်နေသလိုပဲ၊ ကိုယ့်ကိုတစ်ခုခုပြောလို့ရှိရင် ပြန်ပြောတတ်တာက ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်တာကြောင့်လား။ 
HHT : ထက်မှာက မဟုတ်မခံတဲ့စိတ်ရှိတယ်။ ထက်က ခေါင်းလည်းမာတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကို မထိန်းနိုင်တာတော့ မဟုတ်ပါဘူး၊ ထက်စိတ်ကို ထက်ထိန်းတယ်။ Miss လုပ်ရင်းနဲ့လည်း ပိုပိုပြီးတော့ ထိန်းနိုင်လာပါတယ်။ တချို့အရာကျတော့ ထိန်းရတာမျိုးရှိသလို တချို့အရာတွေကျတော့လည်း မထိန်းဘဲနဲ့ ပြောသင့်ပြောထိုက်လို့ ပြောရတာမျိုးရှိတယ်။ တချို့ကျတော့ ပြောမှသိတာမျိုးတွေရှိတယ်။ တကယ်လို့ ကိုယ်က မပြောလိုက်လို့ ရှိရင်လည်း နောက်ထပ်ပိုပိုပြီးတော့ ကိုယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတာမျိုး၊ ကိုယ့်အနုပညာလောကသားတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတာမျိုးတွေ သူတို့အနေနဲ့ ဆက်ပြီးလုပ်မိမှာစိုးလို့ ကိုယ်ကစေတနာနဲ့ ပြောလိုက်တာမျိုးလည်း ရှိရင်ရှိတယ်။၊ နောက်ထပ်ပြဿနာတွေ၊ အမုန်းတွေ အများကြီးမဖြစ်ခင် ထက်က ဒါလေးတော့ မကြိုက်ပါဘူးဆိုပြီး ကိုယ်မကြိုက်တာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပါ။ 

Voice : လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ အနုပညာရှင်တွေကို ဝေဖန်ပြောဆိုမှုတွေ များလာတာနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
HHT : ထက်တို့ အနုပညာရှင်တွေက လူပါပဲ။ အနုပညာရှင်တွေက အဆဲခံသက်သက်သမားတွေ မဟုတ်ကြပါဘူး။ ဝေဖန်ခံနိုင်ပါတယ်၊ ဒါပေမဲ့ မဟုတ်တာလုပ်မထားဘဲနဲ့ အဆဲတော့မခံနိုင်ပါဘူး။ တကယ်လို့ မဟုတ်တာ လုပ်ထားရင်တော့ ဆဲပေါ့နော်။ သူတို့မှာလည်း ဆဲပိုင်ခွင့်ရှိသလို ထက်တို့မှာလည်း မကြိုက်ရင် မကြိုက်ဘူးဆိုပြီး ပြောပိုင်ခွင့်တော့ ရှိပါတယ်။ အဲ့ဒါကြောင့် ထက်အနေနဲ့ လွတ်လွတ်လပ်လပ် ပြောလိုက်တာပါ။ စိတ်ထဲမှာလည်း ကိုယ့်ကို မကောင်းပြောတဲ့လူတွေကို အငြိုးအတေးတွေ မထားပါဘူး။ အဲ့ဒီလူတွေကို မုန်းတာတို့၊ သူတို့လုပ်သလို တစ်နေ့ပြန်လုပ်ပစ်မယ် ဆိုတာမျိုးတွေ ထက်စိတ်ထဲမှာ မရှိဘူး။ စိတ်ထဲမှာ မကြိုက်ရင် မကြိုက်ဘူးလို့ ပြောချလိုက်တာပဲရှိတယ်၊ ပြီးရင်ပြီးသွားတာပါပဲ။ ကိုယ်လုပ်တဲ့ အနုပညာအလုပ်ကလည်း စိတ်နဲ့လုပ်ရတာဆိုတော့ စိတ်ထဲမှာ ခပ်ရှင်းရှင်းပဲ ထားတယ်။ ဒါက ထက်ရဲ့အကျင့်ပါ။ 

Voice Voice : အနုပညာရှင်တွေက အဆဲခံ၊ အပြောခံမဟုတ်ဘူးဆိုပြီး ပြောထားတော့ ဘယ်လိုစိတ်ခံစားချက်နဲ့ ပြောဖြစ်တာလဲ။
HHT : အဲ့ဒီစကားကတော့ ရင်ဘတ်ကြီးထဲက လာတာပါ။ Social Media ကြီးကြီး လာတာနဲ့အမျှ Facebook မှာ အကောင့်တုတွေက အများကြီး ရှိလာကြတယ်။ အရင်တုန်းကဆို အနုပညာရှင်တွေကို ပရိသတ်တွေက ချစ်ကြတယ်၊ အားပေးကြတယ်။ တကယ်လို့ ဝေဖန်တယ်ဆိုရင်တောင်မှ အကောင်းဘက်ကနေ ဝေဖန်ကြတယ်။ သူတို့စိတ်ကလေးတွေ ငြိုငြင်သွားမှာစိုးလို့ အကောင်းဘက်ကနေပဲ ဝေဖန်ကြတယ်။ အနုပညာရှင်တွေဆိုတာ အဲ့ဒီလို အချစ်ခံရတဲ့လူတန်းစားပါ။ ဒီခေတ်မှာတော့ အဲ့ဒီလို အချစ်ခံရတဲ့လူတန်းစား တစ်ရပ်မဟုတ်တော့ဘဲနဲ့ ထက်မြင်တာက အနုပညာရှင်တွေအကုန်လုံးက ဘာပဲလုပ်လုပ်၊ အိမ်ထဲမှာပဲနေနေ၊ အပြင်ပဲသွားသွား အဆဲခံ လူတန်းစားလုံးလုံး ဖြစ်နေတယ်။ လူတိုင်းကတော့ ဆဲနေတာမဟုတ်ပါဘူး၊ အနုပညာရှင်တွေကို ချစ်နေကြတဲ့လူတွေ၊ အားပေးနေကြတဲ့လူတွေလည်း အများကြီးရှိပါတယ်။ သူတို့ကြောင့်ပဲ ထက်တို့မှာ ကြိုးစားချင်တဲ့စိတ်တေ ပိုပြီးရှိနေတာပါ။ ဒါပေမဲ့ ဆဲနေတဲ့လူတစ်စုကိုလည်း ထက် ပြောချင်ပါတယ်။ ထက်တို့ကို ကောင်းတဲ့ဘက်ကနေ မြင်ပြီးတော့ ပြောပေးပါ၊ အားပေးပါ။ မကောင်းပြောလည်း ဒီစကားပဲ၊ အကောင်းပြောလည်း ဒီစကားပါပဲ။ ကိုယ်ချစ်တဲ့ အနုပညာရှင်ကို ကိုယ့်ဘက်ကနေ ချိုချိုသာသာပြောရင်းနဲ့ပဲ အားပေးကြပါလို့ အနုပညာရှင်တွေကိုယ်စား ပြောချင်ပါတယ်။

ဝင်းထွန်းနိုင်