News

POST TYPE

ENTERTAINMENT

"လူကြီးလူကောင်းများ"


မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီရဲ့လက်အောက်မှာရှိတဲ့ The Eye ရုပ်ရှင်ထုတ်လုပ်ရေးရဲ့စီစဉ်မှုနဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟက “လူကြီးလူကောင်းများ” ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင်လွင်မိုး၊ လူမင်း၊ နေတိုး၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ ရွှေအိမ်စည်၊ ယွန်းဝင့်လွှာအောင်၊ စဝ်ယွန်းဝတီဦးတို့နဲ့ မကြာမီမှာ ရိုက်ကူးသွားတော့မှာပါ။ ယင်းဇာတ်ကားမှာ ပါဝင်မယ့် အနုပညာရှင်အချို့ရဲ့ ရင်တွင်းစကားသံတွေကို The Voice မေးမြန်းဖော်ပြထားပါတယ်။ 

လွင်မိုး

ဒီဇာတ်ကားမှာ မင်းသားလေးယောက်က တစ်ယောက်ကို ကာရိုက်တာ တစ်မျိုးစီပါပဲ။ ဇာတ်လမ်းလေးကတော့ စိုးမြတ်သူဇာက ကျွန်တော်တို့လေးယောက်ကို လက်စားချေတဲ့ ဇာတ်လမ်းလေးပါပဲ။ ကျွန်တော်က ရှေ့မှာ ဒါရိုက်တာပြည်ဟိန်းသီဟနဲ့ ‘မင်းဘာကောင်လဲ ၊ ငါဘာကောင်လဲ၊ ဘယ်သူဘာကောင်လဲဆိုတဲ့  ရုပ်ရှင်ကားကြီး ရိုက်ဖူးပါတယ်။ ရိုက်ကွင်းမှာ သူ့ကို လေ့လာကြည့်သလောက်တော့ သူ့မှာ ဟာသနဲ့ပတ်သက်ပြီး အမြင်လေးတွေရှိတယ်။ သူ့အဘိုးကလည်း ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည်ဆိုတော့ အနုပညာဗီဇတော့ ပါလာတာပေါ့နော်။ ဇာတ်လမ်းတင်ပြပုံနဲ့ ကင်မရာရိုက်ချက်တွေ၊ အယူအဆတွေကအစ သူ အကုန်နားလည်ပြီးသားပါ။ အရေးကြီးတာကတော့ ဇာတ်လမ်းလေးက ထိထိမိမိနဲ့ ပရိသတ်ရင်ထဲကို ရောက်သွားရင် ပြီးတာပါပဲ။ ပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံးလည်း ကျရာနေရာက တာဝန်ကျေကြမယ်ဆိုရင် ပရိသတ်ကြိုက်တဲ့ ဇာတ်ကားတစ်ကား ဖြစ်မှာပါ။ 

လူမင်း

ဒီဇာတ်ကားက ကိုယ်တို့လောကသားအများစုနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက စီစဉ်တဲ့ကားပါ။ကိုယ်တို့ ရှယ်ယာရှင်တွေအနေနဲ့လည်း ကိုယ်ကျတဲ့နေရာက ပံ့ပိုးကူညီတဲ့အနေနဲ့ ပါဝင်ရိုက်ကူးဖြစ်တာပါ။ ပါဝင်တဲ့မင်းသားတွေ အားလုံးကလည်း မေတ္တာနဲ့ ရိုက်ပေးကြမယ့် ဇာတ်ကားလေးပါ။ အများပိုင်ကုမ္ပဏီကနေလည်း နောက်ထပ်ဇာတ်ကားတွေ ရိုက်ကူးဖို့ စီစဉ်ထားတာလည်း ရှိပါတယ်။ ဇာတ်လမ်းလေးကတော့ အပျော်ဇာတ်လမ်းလေးပါပဲ။ ဒီကားမှာ ကိုယ်တို့ မင်းသားလေးယောက်ကတော့ လူကြီးလူကောင်းတွေပေါ့။ အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်မိတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်လေးတွေ ကြုံလာရတာပေါ့။ ဒီကားမှာ ပရိသတ်တွေရဲ့ အားပေးမှု ကိုယ်စီရရှိထားတဲ့ အလှမယ်လေး လေးယောက်ကိုလည်း စင်တင်ပွဲထုတ် ရိုက်ကူးထားပါတယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ပရိသတ်တွေအတွက် ကြည့်ရတာ အသစ်အဆန်းတစ်ခု ဖြစ်မယ်လို့မျှော်လင့်ပါတယ်။

ပြေတီဦး 

ဒီဇာတ်ကားလေးက အချစ်၊ ဟာသဇာတ်ကားလေးပါ။ ကျွန်တော့်ရဲ့ ကာရိုက်တာကတော့ ဆော်ကြောင်တယ်၊ ဘတ်ကီးရိုက်တယ်။ ကျွန်တော်တို့ လေးယောက်က မကြီးစိုးကို ဒုက္ခပေးထားတဲ့အတွက် သူက မကျေနပ်ဘူး။ ကျွန်တော်တို့ကို သူက လက်စားချေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းလေးပါပဲ။ ဒီကားမှာ ကိုယ့်အနုပညာလောကက ညီအစ်ကိုတွေနဲ့ စုစုစည်းစည်း ရိုက်ရမယ့်အတွက် အရမ်းပျော်ပါတယ်။ ကိုလွင်မိုးဆိုရင် ကျွန်တော် ဒုတိယမင်းသား ဘဝကတည်းက တွဲရိုက်ခဲ့တာပါ။ ကိုလူမင်းဆိုလည်း ဇာတ်ကားတွေ တွဲရိုက်ခဲ့ကြဖူးတယ်။ နေတိုးဆိုလည်း အနုပညာလောကကို မရှေးမနှောင်း ဝင်လာခဲ့ကြတဲ့သူတွေပါပဲ။ အားလုံးက မိသားစုတွေလို ဖြစ်နေကြတာပါပဲ။ ဇာတ်လမ်းလေးကလည်း ပျော်စရာကောင်းမှာပါ။ ဒါရိုက်တာဖြစ်တဲ့ ကိုပြည်ဟိန်းသီဟကလည်း ဟာသကားတွေ ရိုက်တာပိုင်တဲ့ ဒါရိုက်တာတစ်ယောက်ဆိုတော့လေ။ ပရိသတ်တွေ အချိန်ပေးပြီး ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။

ဒါရိုက်တာ ပြည်ဟိန်းသီဟ

ဒီဇာတ်ကားက ၂၀၁၈ ခုနှစ်မှာ ကျွန်တော် ပထမဆုံး စရိုက်တဲ့ကားပါ။ နာမည်ကြီးမင်းသား လေးယောက်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံတွေလည်း တော်တော်များများ ပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ မကြီးစိုး ( စိုးမြတ်သူဇာ) နဲ့ လူကြီးလူကောင်း လေးယောက်က ပတ်သက်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီလူတွေက မကြီးစိုးအပါ် လူကြီးလူကောင်း မဆန်ခဲ့ဘူးပေါ့။ ဒီလူတွေကို သူက ကလဲ့စားချေချင်တဲ့အတွက် ငယ်ရွယ်ချောမောတဲ့ မိန်းကလေး လေးယောက်ကို အသုံးချတာပေါ့။ ဒီမိန်းကလေးတွေကို လူကြီးလူကောင်း လေးယောက်နဲ့ ပတ်သက်ခိုင်းပြီး ကလဲ့စားချေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းလေးပါ။ ပရိသတ်တွေ ပျော်ရွှင်ရမယ့် ဟာသဇာတ်လမ်းလေးပါပဲ။ ဇာတ်လမ်းကပေးချင်တဲ့ Message ကတော့ လူကြီးဖြစ်ပေမယ့် လူကောင်းလည်း ဖြစ်ရမယ်ပေါ့။ လူကြီးလူကောင်းလို့ နာမည်ခံထားရင် အများက ကိုယ့်ကိုယုံကြည်အောင်၊ လေးစားအောင် နေထိုင်တတ်ရမယ်ဆိုတဲ့ သင်ခန်းစာလေး ပေးထားပါတယ်။  

သတင်းနှင့် ဓာတ်ပုံ - သန့်ဇင်ဦး