News

POST TYPE

ENTERTAINMENT

မင်းသွေးနဲ့ တွေ့ဆုံခြင်း
30-Nov-2017 tagged as

“မုန်းစွဲ”ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသွေးနဲ့တွေ့ဆုံပြီး ရိုက်ကူးရေး အတွေ့အကြုံများအကြောင်း၊ အခက်အခဲများ အကြောင်းနဲ့အတူ ထွက်ရှိမလာသေးတဲ့ “ထိုးစစ်” MTV အကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “မုန်းစွဲ”ရုပ်ရှင်ကားမှာ ပင်ပင်ပန်းပန်း သရုပ်ဆောင်ထားတာဆိုတော့ ထူးမော် ဇာတ်ကောင်အပေါ်ကို ကိုယ်တိုင် အားရကျေနပ်ခဲ့ရဲ့လား။
MT : ကျွန်တော်ရိုက်ကူးသမျှ ကားတိုင်းကိုတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တာချည်းပါပဲ။ ကိုယ့်ရဲ့ ဇာတ်ကောင်စရိုက်ကို ကြိုက်လို့ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေချည်းပါ။ ဒီကားကကျတော့ ကွဲပြားတာပေါ့နော်။ ဒီကားက မင်းသား မရှိတဲ့ကားပါ။ ဒီကားက မင်းသားကိုတည်ပြီး ရိုက်တဲ့ကားလည်း မဟုတ်ဘူး။ ဇာတ်လမ်းကိုက အကုန်လုံး ဝိုင်းပံ့ပိုးရတဲ့ပုံစံမျိုးပါ။ ဒီကားမှာ ကျွန်တော်ပါတဲ့ ဇာတ်ဝင်ခန်းက နည်းပါတယ်။ ကျွန်တော်က ဇာတ်ကားရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ပါပါတယ်။ ဒါပေမဲ့ ဇာတ်ကောင်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ တောက်လျှောက်ကြီး ပါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူဘဝမှာ တစ်ဖန်ပြန်ပြီး အမြွှာအဖြစ်နဲ့ မွေးဖွားလာတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဇာတ်ကောင်ကို အစ်ကိုက သရုပ်ဆောင်သွားတာကိုး။ နောက်တစ်ခုက ကျွန်တော် သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းဆယ့်တစ်ခန်းမှာ ပေါ့ပေါ့ပါးပါး လုပ်ရတာ တစ်ခန်းမှ မပါဘူး။ ကျွန်တော်လုပ်ရတဲ့ ဇာတ်ကောင်အရရော နေထိုင်မှုပုံစံအရပါ ကျွန်တော်ကိုယ်တိုင်လည်း ၁၉၅၈- ၆၀ ခုနှစ်ကို ပြန်ရောက်သွားသလို ခံစားရတယ်။ အဲ့ဒါကြောင့် ဒီကားက ပရိသတ်တွေအတွက်လည်း ထူးခြားပါလိမ့်မယ်။ ဒီကားမှာပါတဲ့လူတွေအကုန်လုံးလည်း တော်တော်လေး ကြိုးစားထားတယ်။ ဒီကားရိုက်ရတာ အရမ်းလည်း ပင်ပန်းပါတယ်။ 

Voice : ကိုယ်မကြိုက်တဲ့ ဇာတ်ကောင်တစ်ခုကို သရုပ်ဆောင်ရတော့ ရိုက်ကွင်းပေါ်မှာ အဆင်ပြေရဲ့လား၊ ပရိသတ်တွေကြားမှာ Mood ထည့်ရတာ အခက်အခဲရှိမှာပေါ့နော်။ 
MT : ဒီကားရိုက်နေရင်းနဲ့ ပရိသတ်တွေနဲ့ သဟဇာတ မဖြစ်ဘူး။ အမှန်အတိုင်း ပြောရရင်တော့ နယ်ကလူတွေ ဆိုတာက ကားရိုက်လာမှ မင်းသား၊ မင်းသမီးတွေကို တွေ့ရတာဆိုတော့ သူတို့က တွေ့ချင်မှာပေါ့နော်။ ဒါပေမဲ့ တစ်ရက်ကျတော့ ကျွန်တော် ရိုက်ရမယ့်ဇာတ်ဝင်ခန်းက အရမ်းအရေးကြီးတဲ့ ဇာတ်ဝင်ခန်း ဖြစ်နေတယ်။ ကျွန်တော် သရုပ်ဆောင်ရမယ့် ထူးမော် ဇာတ်ကောင်ပုံစံက ဘယ်သူကိုမှလည်း ဂရုမစိုက်ဘူး။ ရွာမှာ သူ လုပ်ချင်တာ လုပ်တယ်၊ သူ လိုချင်တာရှိရင် ရအောင် ယူတတ်တယ်၊ သူ လုပ်လို့မရရင် အစ်ကိုဖြစ်သူကို ပူဆာတဲ့ပုံစံ မျိုးဆိုတော့ ကျွန်တော်က ဒဏ်ရာတွေနဲ့ ကိုယ်လုပ်ရမယ့် အက်တင်လေးတွေကို မှတ်ရင်းနဲ့ ဇာတ်ကောင်ရဲ့စိတ်ကို ဖော်နေရတယ်။ အဲ့ဒီအချိန်မှာ ပရိသတ်တချို့က ဓာတ်ပုံ ရိုက်ချင်ကြတယ်။ ပရိသတ်တွေက ကျွန်တော့်ကို လက်တို့တယ်။ ကိုယ်က လှည့်မကြည့်တော့ မင်းသားက မာနကြီးတယ်ဆိုပြီး ပြောတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်က ဘာမှပြန်မပြောဘဲ ရှောင်လိုက်သေးတယ်။ နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခန်းမှာကျတော့ နေရောင်ကို လုနေရတဲ့အချိန် ဖြစ်နေတယ်။ ဒါရိုက်တာနဲ့ DOP ကလည်း နေဝင်တာလေးကို ရိုက်ချင်တယ်ဆိုတော့ ရိုက်ကြတာပေါ့။ ဆောင်းရာသီ ဖြစ်တဲ့အတွက် နေကလည်း ကျတာ အရမ်းမြန်တော့ ဘာအတွက်မှ အချိန် မပေးနိုင်တော့ဘူး။ တချို့ ပရိသတ်တွေကတော့ ကျွန်တော့်ကို အမြင်ကတ်ကြပါလိမ့်မယ်။ ကျွန်တော် မှားခဲ့တာရှိရင်လည်း တောင်းပန်ပါတယ်။ ကျွန်တော်က ဒီကားကိုကြည့်တဲ့ ပရိသတ်တွေကို ကောင်းကောင်းမွန်မွန်လေး ကြည့်စေချင်လို့ပါ။ 

Voice : “ထိုးစစ်” MTV ကလည်း လက်ရှိအချိန်ထိကို မထွက်သေးဘူးနော်၊ ကိုယ့်ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို ပရိသတ်တွေက အားမရကြဘူး။ 
MT : ကျွန်တော့်ရဲ့ “ထိုးစစ်” MTV ကိုတော့ ၂၀၁၈ ခုနှစ်ရဲ့ ခုနစ်လပိုင်းမတိုင်ခင် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကြားထဲမှာ ရိုက်ကူးရေးပိုင်းရော တခြားအပိုင်းတွေကိုပါ ပြီးအောင် လုပ်ပါ့မယ်။ နောက်တစ်ခုက ကျွန်တော်က အနုပညာ စလုပ်ကတည်းက ကိုယ်လုပ်ချင်တဲ့ အနုပညာကိုပဲ သေချာလေး စဉ်းစားပြီး လုပ်ဖြစ်တယ်။ လက်ရှိမှာဆိုရင် ပိုပြီးတော့တောင် စိစစ်လာပါတယ်။ အဲ့ဒါကြောင့် ပရိသတ်တွေက ကျွန်တော်လုပ်တဲ့ အနုပညာ အလုပ်တွေအပေါ်မှာ နည်းနည်းလေး မချင့်မရဲ ဖြစ်နေတာပေါ့နော်။ ကျွန်တော်ကို ကားထွက်ကျဲတယ်ဆိုပြီးလည်း ပြောကြပါတယ်။ အဲ့ဒီအတွက်လည်း ပရိသတ်ကြီးကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ လည်း အချိန်ပေးပြီး အလုပ် လုပ်ရတယ်၊ ငွေကြေးကိုလည်း အဆုံးရှုံးခံပြီးတော့ ထုတ်လုပ်ရေးတွေက ထုတ်လုပ်ရတယ်၊ ကြည့်တဲ့ ပရိသတ်တွေကလည်း အချိန်ပေးပြီး ကြည့်ရတယ်။ ဒါပေမဲ့ ကျွန်တော်က ကြည့်ပြီးတော့ ပြီးသွားတဲ့ကားမျိုးတွေ မဖြစ်စေချင်ဘူး။ မြန်မာနိုင်ငံမှာက အရမ်း စိတ်ညစ်စရာတွေ များတော့ ပရိသတ်ကို ရယ်မောပျော်ရွှင်စေမယ့် ကားလေးတွေပဲ ရိုက်ကြတာ များတယ်။ အဲ့ဒါက ကောင်းပါတယ်။ တစ်ခုရှိတာက ပျော်ရွှင်စေမယ့်ကားဆိုရင်လည်း ကြည့်ပြီးတာနဲ့ ပရိသတ်ရဲ့ရင်ထဲကို တစ်ခုခုလေး ကျန်ခဲ့စေချင်တယ်။ 

Voice : ဟာသကားတွေ ရိုက်တာ မတွေ့ရတာက ဘာကြောင့်ဖြစ်မလဲ။ 
MT : ကျွန်တော်ကို ဟာသကား မရိုက်ဘူးလားဆိုပြီး ပရိသတ်တချို့က မေးကြပါတယ်။ ကျွန်တော် ရိုက်ချင်တဲ့ တင်ပြပုံမျိုးနဲ့ ဟာသကားကို မတွေ့သေးလို့ မရိုက်သေးတာပါ။ ၂၀၁၈ ခုနှစ်ထဲမှာတော့ ထူးထူးခြားခြား အနေနဲ့ အစ်ကိုနဲ့တွဲပြီးတော့ အလုပ်တွေ ဆက်လုပ်သွားဖို့ရှိသလို ကျွန်တော်တစ်ယောက်တည်း အနေနဲ့လည်း ဆက်လုပ်သွားဖို့ရှိပါတယ်။ လတ်တလောမှာတော့ ကျွန်တော်က ဇာတ်လမ်းတိုလေးတစ်ခု ရိုက်နေပါတယ်။ အဲ့ဒါပြီးရင်တော့ ဒီဇင်ဘာထဲမှာ သုသုတို့ ထုတ်လုပ်ရေးက ရိုက်မယ့် “မီ”ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ရမယ်။ ဒီကားထဲမှာ ကျွန်တော် သရုပ်ဆောင်ရမယ့်ဇာတ်ဝင်ခန်းက အများကြီး မဟုတ်ပါဘူး။ ကျွန်တော်က ဇာတ်ဝင်ခန်းလေးခန်းလောက်ပဲ ပါမှာပါ။

ဝင်းထွန်းနိုင်

  • TAGS