News

POST TYPE

ENTERTAINMENT

အိချောပိုနဲ့ တွေ့ဆုံခြင်း
21-Nov-2017 tagged as

နာမည်ကျော် သရုပ်ဆောင် အိချောပိုနဲ့ တွေ့ဆုံပြီး မကြာမီ ရုံတင်ပြသတော့မယ့် “သုံးရောင်ခြယ်”ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်လမ်း အကြောင်းနဲ့ ဥ (၂) ရုပ်ရှင်အကြောင်းတို့ကို The  Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖြစ်တဲ့အကြောင်းကနေစပြီး ပြောပြပေးပါဦး။
ECP : အမှန်တော့ ဒီဇာတ်လမ်းကို ဒါရိုက်တာက ကိုခန့်စည်သူကို အရင် လာပြတာပါ။ မင်းသားနဲ့ မင်းသမီးအတွက် လုပ်ကွက်ရှိတဲ့ ဇာတ်လမ်းလေးတဲ့။ ထုတ်လုပ်သူ ရှာရမယ်တဲ့။ အိချောကလည်း ကိုယ်နဲ့ ရိုက်နေကျ ထုတ်လုပ်သူကို အကူအညီ တောင်းကြည့်တာပေါ့။ ဒီကားလေးကို သမီး အရမ်း ရိုက်ချင်တယ်၊ ဇာတ်လမ်းလေးကလည်း သားအဖနှစ်ယောက်ရဲ့ ဇာတ်ကလေးပါလို့ ပြောပြတော့ ထုတ်လုပ်သူကလည်း ရိုက်ပေးတယ်ပေါ့။ အဲ့ဒါနဲ့ ဒီဇာတ်ကားလေးကို ရိုက်ဖြစ်သွားတာပါ။

Voice : ဒီဇာတ်ကားမှာ ပြည့်တန်ဆာ တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာနော်။
ECP : ဒီကား မှာ အိချောက မကောင်းတာ လုပ်စားတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရတာပါ။ ဒါပေမဲ့ သူက ဘဝ မပျက်ချင်ဘဲ ပျက်သွားရတဲ့ ကောင်မလေးပေါ့။ ကိုယ့်ချစ်သူဆိုပြီး အားကိုးမိတဲ့သူက ရောင်းစားတာကို ခံလိုက်ရတာပေါ့။ အဲ့ဒီလို ကာရိုက်တာလေးပါ။ ကိုယ့်ကို လိုက်ရှာနေတဲ့ အဖေနဲ့ ပြန်တွေ့တာတောင် အဖေ မှန်းမသိဘူးပေါ့။ သားအဖ နှစ်ယောက်ရဲ့ ဒရာမာ ဇာတ်လမ်းလေးပါပဲ။

Voice : ကိုယ့်အတွက်လည်း လုပ်ကွက်ရှိတာ ဆိုတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုရော ဘယ်လောက် အထိ မျှော်လင့်ထားလဲ။
ECP : ဒီဇာတ်ကားရုံတင်ရင် အိချော ဘယ်လောက် ကြိုးစားထားတယ်၊ ဘယ်လောက်အထိ အပင်ပန်း ခံထားတယ်ဆိုတာကို ပရိသတ်တွေ သိမှာပါ။ အိချောကတော့ ဘယ်ကားရိုက်ရိုက် ကိုယ့်ကို လာပေးတဲ့ ဇာတ်လမ်းအပေါ်မှာ အကောင်းဆုံးကြိုးစား ပါတယ်။ ကိုယ်အရမ်းရိုက်ချင်တဲ့ ဇာတ်လေးဖြစ်လို့လည်း ရိုက်ခဲ့တာပါ။ ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစား ထားတယ်။ ဇာတ်ကားထွက်လာရင်တော့ ပရိသတ်တွေက ဘယ်လို တုံ့ပြန်ကြမလဲဆိုတာတော့ မမှန်း တတ်ပါဘူး။

Voice : ဇာတ်လမ်းက ဟဲဗီးဒရာမာ ဇာတ်ဆိုတော့ အက်တင်လုပ်လို့တော့ အရမ်းကောင်းမှာပေါ့။
ECP : ဒီလိုဇာတ်မျိုးက အိချောလည်း ရိုက်နေကျဇာတ်မျိုး မဟုတ်ပါဘူး။ အရမ်းကို ရဲရဲတင်းတင်းနဲ့ ရိုက်ထားရတာပါ။ သုံးရောင်ခြယ်ဇာတ်ကား ရိုက်တုန်းက စိတ်ပူပင်မှုလေးတွေတော့ ရှိတယ်။ ဒါပေမဲ့ မင်းသမီးဇာတ် ဖြစ်နေတဲ့အတွက် ရိုက်ခဲ့တာပါ။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးကလည်း အိချောကို ဝိုင်းဝန်း ပံ့ပိုးပေးထားကြပါတယ်။ ဒရာမာဇာတ်လမ်း ကောင်းကောင်း ကြည့်ချင်တဲ့ ပရိသတ်တွေ နှစ်သက်မယ့် ဇာတ်ကားတစ်ကား ဖြစ်မှာပါ။

Voice : အနုပညာအရ လုပ်ကွက်ရှိတဲ့ ဇာတ်ကားတွေဆို ကိုခန့်စည်သူနဲ့ ရိုက်ရတာ များတယ်နော်။ သူနဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့ အတွေ့အကြုံတွေကို ပြောပြပေးပါဦး။
ECP : ကိုခန့်က အနုပညာပျိုး ခင်းမှာ ကတည်းက အိချောရဲ့ ဆရာတစ်ယောက်ပါ။ ဒီလောကကို စဝင်ပြီး ဗီဒီယို ဇာတ်ကားတွေ စရိုက်ကတည်းက ကိုခန့်က လက်တွဲ ခေါ်လာခဲ့တာပါ။ ကိုခန့်က ကိုယ့်ရဲ့ လက်ဦးဆရာ လိုလည်း ဖြစ်နေတဲ့အတွက် ရိုက်ကွင်းမှာ မသိတာရှိရင်လည်း သင်ပြပေးတယ်။ အက်တင်လုပ်တော့ မယ်ဆိုရင်လည်း သိပ်ပြီး ညှိစရာမလိုတော့ဘူးပေါ့နော်။ တစ်ယောက် ဘာလုပ်မယ်ဆိုတာကို တစ်ယောက်က သိနေတော့လေ။ ရိုက်ရတာ အဆင်ပြေပါတယ်။ ကိုခန့်က အိချောတို့မှ မဟုတ်ပါဘူး။ သူနဲ့ရိုက်တဲ့ သရုပ်ဆောင် အသစ်ကလေးတွေ အကုန်လုံးကို စေတနာပါပါနဲ့ သင်ပေးလေ့ ရှိပါတယ်။

Voice : ရုပ်ရှင်ဇာတ်ကားတွေတော့ ဆက်တိုက် ရိုက်ဖြစ်နေတယ်နော်။ ဗီဒီယို ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တာက ဈေးကွက် အခြေအနေကြောင့်လား။
ECP : ထုတ်လုပ်သူတွေကလည်း ရုပ်ရှင်ကားကြီးတွေပဲ အရိုက်များနေတော့ အိချောတို့လည်း ရုပ်ရှင်တွေပဲ ပိုရိုက်ဖြစ်နေတာပါ။ ဗီဒီယိုကျတော့ ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့နယ်တွေ ထွက်နေရတဲ့အတွက် အချိန်မပေးနိုင်တာလည်းပါတယ်။ အချိန်ရရင်တော့ ရသလို ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖြစ်ပါတယ်။ ဗီဒီယိုဈေးကွက် အခြေအနေကြောင့် ထုတ်လုပ်သူတွေကလည်း ဗီဒီယိုဇာတ်ကားတွေ အရိုက် နည်းနေကြတာပါ။ ဗီဒီယို ဈေးကွက် အခြေအနေ မကောင်းတဲ့အတွက် အနုပညာသမား တစ်ယောက်အနေနဲ့တော့ စိတ်မကောင်း ဖြစ်ရပါတယ်။ အိချောကတော့ ကိုယ့်လောကသားတွေ အကုန်လုံး အဆင်ပြေပြေနဲ့ အလုပ်တွေ လုပ်နေရတာကိုပဲ မြင်ချင်ပါတယ်။

Voice : ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်မယ့် “ဥ” (၂) ရုပ်ရှင်မှာ အိချောပို ပါဝင်မယ်လို့ သိရတယ်။ ဘယ်လို ကာရိုက်တာမျိုးနဲ့ ပါဝင်ရမှာလဲ။
ECP : အိချော အခု ကလောမှာ ကိုမြင့်မြတ်နဲ့ “ဒယ်ဒီဖားကင်”ဆိုတဲ့ ရုပ်ရှင် ရိုက်နေပါတယ်။ အဲ့ဒီကားမှာတော့ အိချောက ဦးဖားကင်ရဲ့ သမီးနေရာက သရုပ်ဆောင်ရတာပါ။ ဟာသဇာတ်လမ်းလေးပါပဲ။ ဒီကား ပြီးရင်တော့ ပုပ္ပါးမှာ “ဥ” (၂) ရုပ်ရှင်ဇာတ်ကား ရိုက်ပါမယ်။ ဒီကားမှာကျတော့ “ဥ”ဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ရမှာပါ။ ရွာသူ ကောင်မလေးပေါ့။ မင်းသားတွေကတော့ ဦးနိုင်ကြီး(ကျော်ရဲအောင်)၊ ကိုခန့်စည်သူနဲ့ ကိုဇေရဲထက်တို့ပါပါတယ်။

  • TAGS