News

POST TYPE

ENTERTAINMENT

ရဲတိုက်နဲ့ တွေ့ဆုံခြင်း
19-Nov-2017 tagged as

ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှု၊ သာသနာ ညှိုးနွမ်းစေမှုတို့နဲ့ ထောင်ဒဏ် လေးနှစ်ကျော် ပြစ်ဒဏ်ကျခံခဲ့ရရာမှ ပြန်လွတ်လာခဲ့တဲ့ သရုပ်ဆောင် ရဲတိုက်နဲ့ တွေ့ဆုံပြီး ထောင်က ပြန်လွတ်လာတဲ့အတွက် ခံစားချက်၊ ထောင်တွင်း အတွေ့အကြုံတွေအကြောင်းနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ် ရေးသားထားတဲ့အကြောင်း၊ ဆက်လက် လုပ်ဆောင်သွားမယ့် အနုပညာ လှုပ်ရှားမှုတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ထောင်ထဲကို စဝင်ခဲ့ရတဲ့အချိန်နဲ့ ထောင်ထဲကနေ ပြန်ထွက်လာရတဲ့အချိန်မှာ ရဲတိုက်ရဲ့ ခံစားမှု အပြောင်းအလဲကို ပြောပြပေးပါဦး။
YD : ကျွန်တော် ထောင်ကျမယ်ဆိုတာကို ကြိုသိရပါတယ်။ ထောင်ထဲမှာ နေဖို့အတွက် ကျွန်တော် ဘယ်လို ကြိုတင်စိတ်ကူးထားလဲဆိုတော့ လူဆိုတာ ဘယ်နေရာမှာနေနေ စိတ်က အရေးအကြီးဆုံးပါပဲ။ လူခန္ဓာကိုယ်ကြီးကတော့ ဥပဒေအရ ဘယ်လိုနည်းနဲ့မဆို ထောင်သံတိုင်တွေ ကြားထဲရောက်မှာပဲ။ ဒါပေမဲ့ စိတ်ကိုတော့ ငါ့စိတ်ကြိုက် စီရင်ပိုင်ခွင့် ရှိတယ်ဆိုပြီး ထောင်မကျခင်ကတည်းက ကျွန်တော့် စိတ်လေးကို သေချာပါဆယ်ထုပ်ပြီး ဆော့ဖ်ဝဲတစ်ခု Run လိုက်ပါတယ်။ ထောင်ထဲမှာ တစ်ခါတလေ စိတ်နဲ့လူနဲ့ ကပ်ပါတယ်။ မကပ်တဲ့အချိန်က ပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့စိတ်ကို အထိခိုက် မခံနိုင်ဘူး။ ထောင်ထဲမှာ ကျွန်တော့်ရဲ့စိတ်ကို အထိခိုက်ခံလိုက်ရင် ဘာဖြစ်သွားနိုင်လဲဆိုတော့ အနုပညာ အလုပ်တွေလုပ်တာ ရပ်သွားနိုင်တယ်။

Voice : ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို လွတ်မသွားအောင်ကျတော့ ဘယ်လို ကြိုးစားပြီး ထိန်းခဲ့ရလဲ။
YD : ကျွန်တော်က ခံစားလွယ်တယ်။ စိတ်ကို လွှတ်ပေးလိုက်ရင် မထိန်းနိုင်ဘူး။ ဒါက ကျွန်တော့်ရဲ့သဘာဝပါ။ မူးယစ်ဆေးကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ ကျွန်တော်က စိတ်ကြီးတယ်။ ဒါပေမဲ့ သူများအပေါ်ကို အပြစ်ပုံမချတတ်ဘူး။ စိတ်ဆိုးတတ်တယ်။ ရှောင်ဖယ်မနေတတ်ဘူး။ တစ်ခါတည်းပဲ ထွက်ပြေးသွားတတ်တယ်။ ထောင်ထဲမှာ ကျွန်တော့်ရဲ့စိတ်ကို အထိခိုက်ခံလိုက်ရင် အနုပညာ အလုပ်တွေ ပြန်မလုပ်ဖြစ်မှာလည်း စိုးရိမ်တယ်။ ကျွန်တော် သိပ်ချစ်တဲ့ ဒီတိုင်းပြည်ကနေ၊ ကိုယ့်ဇာတိမြေကနေ၊ ကျွန်တော် သိပ်ချစ်တဲ့ အမေ့သင်္ချိုင်းဂူရှိရာ နေရာကနေ အဝေးကို ထွက်သွားမိမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ဒါကြောင့် ထောင်ထဲမှာ ကျွန်တော့်ရဲ့ စိတ်ကိုတော့ အထိခိုက် မခံခဲ့ပါဘူး။

Voice : ထောင်ဒဏ်နှစ်ရှည် ကျခံရတော့မယ်လို့ သေချာသွားတဲ့အချိန်မှာ ထောင်ထဲမှာ ဘယ်လိုပုံစံမျိုး နေထိုင် ဖြတ်သန်းဖို့ ရဲတိုက် ကြိုတင်ပြင်ဆင်ခဲ့လဲ။
YD : ကျွန်တော် အများကြီးတော့ ကြိုပြီး မစဉ်းစားထားဘူးဗျ။ ကြိုစဉ်းစားထားရင် ကျွန်တော့် ဦးနှောက်ကို အလုပ်ပေးရတော့မယ်။ ဦးနှောက်လေးကိုတော့ လန်းလန်းဆန်းဆန်း ဖြစ်စေချင်တယ်။ အဲ့ဒါကြောင့် ပြဿနာ တစ်ခုပေါ်ပြီဆိုမှ ကျွန်တော် အဖြေထထပြီး ထုတ်တယ်။ ထောင်ထဲမှာ နေရတာ မနေတတ်တော့ ဘူးဆိုရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျနေတဲ့ သူတွေကို ကြည့်တယ်။ သူတို့ထဲမှာ ဘယ်သူက အပျော်ဆုံးလဲ ကြည့်တယ်။ သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှုကို လိုက်ကြည့်တယ်။ သူ ဘယ်အရာတွေပေါ်မှာ စိတ်နှစ်ထားလဲပေါ့နော်။ အဲ့ဒီကျရင် အဖြေက တွေ့တာပဲ။ အဲ့ဒါလေးကို လိုက်လုပ်လိုက်တာနဲ့ ပြီးသွားရော။ ထောင်ထဲမှာရှိတဲ့ ရတနာဆိုတာ အဲ့ဒါမျိုးတွေကို ပြောတာ။ သူတို့ဆီက ကျွန်တော်ယူလိုက်လည်း သူတို့မှာ လျော့မသွားဘူး။

Voice : ရဲတိုက်ရဲ့ ပရိသတ်တွေကတော့ ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မှာကို စိတ်ပူကြတယ်။ ကိုယ့်ပရိသတ်တွေကို နောက်တစ်ကြိမ်ထပ် မဖြစ်စေရဘူးလို့ရော ကတိပေးနိုင်လား။
YD : ကျွန်တော်က ကတိမပေးတတ်ဘူး။ ကျွန်တော့် အဖေကိုတောင် ကတိမပေးထားပါဘူး။ ကျွန်တော့်အတွက် ပရိသတ်တွေ မစိုးရိမ်ရတော့ဘူးလို့ ပြောနိုင်ပါတယ်။ ထောင်ထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်တောင် ကျွန်တော် ရေးဖြစ်ခဲ့ပါ တယ်။ ဒါပေမဲ့ ဒီကိစ္စကို အဆိုးမြင်တဲ့ဘက်ကတော့ ကျွန်တော် မရေးထားဘူး။ တကယ်လို့ ဒီပြဿနာတွေကို ရှောင်ကွင်းချင်တယ်ဆိုရင် လွယ်လွယ်လေးဆိုတာ Message ပေးထားတယ်။ ကြုံချင်သပဆိုရင်လည်း ဘယ်လောက်ကာလနဲ့ အတိုင်းအတာက သင့်တော်တယ်ဆိုတာကို Message ပေးထားတယ်။ အဲ့ဒီကြားထဲမှ ကိုယ့်ကိုယ်ကိုယ် မသနားဘူး၊ ကျွန်တော့်လို အဖြစ်ခံနိုင်တယ်ဆိုရင်တော့၊ ကိုယ်ကိုယ်တိုင်တစ်ခုခုကို ခြေခြေမြစ်မြစ် မသိရမချင်း သူများပြောတာ မယုံတတ်ဘူးဆိုတဲ့သူမျိုးတွေ အတွက်တော့ နည်းနည်းခါးသီးတဲ့ အနာဂတ်ကို ကြိုပြီးတော့ တွေးထားပါလို့ ပြောချင်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ ဝေဖန်တိုက်ခိုက်တာ မဟုတ်ပါဘူး။ သဘောရိုးနဲ့ပဲ ပြောတာပါ။

Voice : မူးယစ်ဆေးသုံးစွဲတဲ့ လူငယ်တွေကို ထောင်ဒဏ် နှစ်ရှည်ချပြီး အပြစ်ပေးမယ့်အစား၊ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ခိုင်းပြီး အပြစ်ပေးတာမျိုး လုပ်ဖို့ ဆွေးနွေးမှုတွေ ရှိလာတဲ့အပေါ်ရော ရဲတိုက် ဘယ်လိုမြင်မိလဲ။
YD : အဲ့ဒါက အဖြစ်သင့်ဆုံးပါပဲ။ မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေကို ထောင်ထဲ ထည့်လိုက်တာ သူတို့ကို ဖျက်ဆီးလိုက်သလိုပါပဲ။ ICRC ကလည်း ထောင်ကို ပြင်ဆင်ပေးဖို့ ကြိုးစားခဲ့တာ နှစ်တွေ အများကြီး ကြာခဲ့ပါပြီ။ သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကြီးနိုင် ငယ်ညှဉ်း လုပ်မှုတွေကတော့ ရှိနေဆဲပါပဲ။ ထောင်ထဲမှာ အနိုင်ကျင့်နေတဲ့ သူတွေက အနိုင်မကျင့်ဘူးဆိုရင်တောင် သူ့မှာရှိတဲ့ ပါဝါကြောင့် လူငယ်တွေဟာ စိုးရိမ်စိတ်ကလေးတွေနဲ့ နေကြရတယ်။ အထူးသဖြင့် ဆေးမှုနဲ့ကျလာတဲ့ လူငယ်လေးတွေဟာ တခြားဘာမှ သိပ်ပြီး သိကြတာ မဟုတ်ဘူး။ ဒီလိုလူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲ ဆိုတာကို သူတို့ဘက်က အဆင်သင့် မဖြစ်သေးဘူး။ ယောကျာ်းချင်း ပြဿနာ တစ်ခုကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲဆိုတာကို ကြိုစဉ်းစားထားတာမျိုးလည်း မရှိသေးတော့၊ တစ်ခုခုဖြစ်ပြီဆိုရင် သူတို့ဘက်က နစ်နာပါတယ်။ မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေ တကယ်ကြုံနေရတဲ့ ပြဿနာက ဒါသုံးလိုက်မှ ငါပို ဉာဏ်ရွှင်တယ်တို့၊ ပိုမိုက်လာတယ်တို့ထင်နေတဲ့ အထင်မှား အမြင်မှားတွေကို အထင်မှန် အမြင်မှန်တွေ ပြန်ဖြစ်အောင် မူးယစ်ဆေးဖြတ်တဲ့စခန်းမှာမှ တကယ့် ပညာရှင်တွေက ကုသပေးနိုင်မှာပါ။ ပညာရှင်လို့ပြောတဲ့ နေရာမှာ လူကြီးရော၊ လူငယ်ရော ပါဝင်စေချင်ပါတယ်။

Voice : ထောင်ထဲကနေ ပြန်လွတ်လာပြီဆိုတော့ အနုပညာ လှုပ်ရှားမှုတွေကို ဘယ်လိုပုံစံမျိုး ဆက်လုပ်သွားမလဲ။
YD : လောလောဆယ်ကတော့ ကျွန်တော် စိတ်သစ်၊ လူသစ်ဖြစ်အောင် ခရီးထွက်ချင်ပါတယ်။ နီးနီးရော၊ ဝေးဝေးရော တစ်ယောက်တည်း ခရီးထွက်ချင်တယ်။ ဒါပေမဲ့ လူကြီးတွေကို ခွင့်တောင်းပြီးမှ ကျွန်တော် သွားမှာပါ။ သူတို့ ကျွန်တော့်အတွက် စိတ်ပူရမယ့် အဖြစ်မျိုးလည်း ထပ်မဖြစ်ချင်ဘူး။ ကျွန်တော် စိတ်ရော၊ လူရော အဆင်သင့်ဖြစ်တဲ့အချိန်မှာ အနုပညာ အလုပ်တွေကို ပြန်စလုပ်မယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ ကြည့်ချင်တဲ့ ဇာတ်လမ်း အမျိုးအစားတွေကို သိအောင် ကြိုးစားပြီး ရိုက်ပေးမယ်။ ဇာတ်လမ်းတွေကတော့ ဆာတိုရီက တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတော့လည်း ရွေးချယ်သွားမယ်။ ကျွန်တော် ဖြစ်ချင်တဲ့ ပုံစံလေးတွေကိုလည်း သူတို့ကို ပြောပြပါမယ်။ 

Voice : ရဲတိုက် တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကနေ လမ်းပေါ်နေ ကလေးငယ်တွေအတွက် အကူအညီ ပေးချင်တယ်လို့ ပြောထားတယ်နော်။ သူတို့အတွက် ဘယ်လို အကူအညီမျိုးတွေ ပေးသွားမလဲ။
YD : ဒီကလေးတွေကို ကူညီဖို့အတွက်တော့ ပရိသတ်တွေကလည်း ကျွန်တော့်ကို တတ်နိုင်သမျှ သတင်းပေးပေးကြဖို့ ပြောချင်ပါတယ်။ အထူးသဖြင့် ဒီလို ကလေးတွေကို ဘုရားတွေမှာ ကျွန်တော် တွေ့တာ များတယ်။ အဲ့ဒီနေရာကျတော့ သူတို့တွေကို စည်ပင်ရဲက သိပ်မဖမ်းတဲ့နေရာပေါ့နော်။ စည်ပင်ရဲတွေကိုလည်း ကျွန်တော်တို့က အကူအညီ တောင်းရမှာပေါ့။ လေလွင့်ကလေးတွေကို တွေ့လာတဲ့အခါမှာ ဖမ်းမိရင် ဘယ်ကို ခေါ်လာပေးပါဆိုပြီး အကူအညီ တောင်းရမှာပေါ့။ ကျွန်တော်လည်း အများကြီးတော့ မတတ်နိုင်ပါဘူး။ ကျွန်တော်က တစ်ယောက်တည်းသမားလေ။ ကျွန်တော့်အနောက်ကနေ ကူညီထောက်ပံ့ပေးမယ့်သူတွေ မရှိသရွေ့ လေလွင့်ကလေးတွေနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ဆန္ဒက ဆန္ဒအဖြစ်ပဲ ရှိနေဦးမှာပါ။

သန့်ဇင်ဦး

  • TAGS