News

POST TYPE

ENTERTAINMENT

ပက်ထရစ်ရှာနဲ့ တွေ့ဆုံခြင်း
14-Nov-2017 tagged as

သရုပ်ဆောင် ပက်ထရစ်ရှာနဲ့ တွေ့ဆုံပြီး လတ်တလော ရိုက်ကူးပြီးစီးခဲ့တဲ့ “ရန်ကုန်မြို့ရဲ့ ည”ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်ရုပ်အတွက် ပြင်ဆင်မှုအကြောင်း၊ အောင်ရဲလင်းနဲ့ ဇာတ်ကားတွေ တွဲဖက် ရိုက်ကူးရတဲ့ အတွေ့အကြုံတွေနဲ့ မကြာမီ ရုံတင်တော့မယ့် Reflection ရုပ်ရှင်အကြောင်းတို့ကို The Voice က မေးမြန်း ဖော်ပြထားပါတယ်။ 

Voice : ဒါရိုက်တာ ကျော်သားကြီးနဲ့ ရိုက်ခဲ့တဲ့ “ရန်ကုန်မြို့ရဲ့ ည”ရုပ်ရှင်ဇာတ်ကားအကြောင်းကနေစပြီး ပြောပြပေးပါဦး။
P : ဒီကားမှာ ညီမက မိသားစုကို ထောက်ပံ့ဖို့စရိတ်တွေ မတတ်နိုင်တော့တဲ့အခါမှာ စပွန်ဆာ ရှာတာပေါ့နော်။ မကောင်းတာ လုပ်စားတဲ့ဘဝကို ရောက်သွားတဲ့ မိန်းကလေး တစ်ယောက်ပေါ့နော်။ နောက်ပိုင်းကျတော့ ဘဝကို ရိုးရိုးသားသားနဲ့ ပြန်နေပြီး ကြိုးစားတယ်ပေါ့။ အဲ့ဒီလို ကာရိုက်တာမျိုးလေးပါ။ ဒီလိုကာရိုက်တာမျိုးက ညီမလည်း ပထမဆုံး ရိုက်ဖူးတာပါ။ အရင်တုန်းကတည်းက ဒီလို ပုံစံမျိုး ရိုက်ဖူး ကြည့်ချင်ခဲ့တာပါ။

Voice : ကိုယ်တစ်ခါမှ မလုပ်ဖူးသေးတဲ့ ကာရိုက်တာမျိုး ဖြစ်နေတော့ သရုပ်ဆောင်မှုအပိုင်းမှာ ဘယ်လို အခက်အခဲတွေရော ရှိနိုင်လဲ။
P : ဒီကားမှာ ညီမက မကောင်းတာ လုပ်စားတဲ့ မိန်းကလေး ဆိုပေမယ့် တစ်ကားလုံးကြီးတော့ အဲ့ဒီလို ကာရိုက်တာမျိုး လုပ်ရတာ မဟုတ်ဘူး။ ဇာတ်လမ်းအလယ်လောက်ကလေးမှာပဲ လုပ်ရတာပါ။ အစပိုင်းမှာတော့ ရိုးရိုးအေးအေးနဲ့ ဘဝကို ဖြတ်သန်းနေတဲ့ မိန်းကလေး တစ်ယောက်ပဲ။ ဒီအလုပ်ကြောင့်သာ နောက်ပိုင်းမှာ ပြင်ပြင်ဆင်ဆင် နေဖြစ်သွားတာပေါ့။ ဒီကားအတွက် အဝတ်အစားကိုလည်း သုံးမျိုးလောက် စီစဉ်ရတယ်။ ဇာတ်ရုပ်ကလည်း သုံးမျိုးလောက် ပြောင်းရတာဆိုတော့လေ။

Voice : ဒီကာရိုက်တာအတွက် အပြင်မှာ လေ့လာခဲ့တာမျိုးရောရှိလား။
P : နိုင်ငံခြား ဇာတ်ကားတွေမှာ ဒီလိုကာရိုက်တာကို သရုပ်ဆောင်တဲ့ မင်းသမီးတွေက ဘယ်လို ဝတ်စားပြင်ဆင်ကြလဲဆိုတာကို လေ့လာခဲ့တာမျိုးတော့ ရှိတယ်။ ဆံပင်ပုံစံက အစပေါ့နော်။ နောက်ပြီးတော့ ညီမ အလုပ်မှာ စိတ်ဖိစီးမှုတွေများရင် သူငယ်ချင်းတွေနဲ့ တစ်ခါတလေ ဘားတို့၊ ကလပ်တို့ သွားဖြစ်တာတွေ ရှိတယ်။ အဲ့ဒီမှာဆိုရင် လူပေါင်းစုံ တွေ့ရတာပေါ့နော်။ အဲ့ဒီလို နေရာတွေ သွားဖြစ်ရင်း လေ့လာခဲ့တာမျိုးတော့ ရှိပါတယ်။

Voice : ဒီလို ကာရိုက်တာမျိုးကို သရုပ်ဆောင်တဲ့အတွက် ကိုယ့်ပရိသတ်တွေဆီကရော ဘယ်လို တုံ့ပြန်အားပေးမှုမျိုး ပြန်ရမယ်ထင်လဲ။
P : ဒီလို ကာရိုက်တာမျိုးကို ညီမ ပရိသတ်တွေက လက်မခံနိုင်စရာ အကြောင်းတော့ မရှိဘူး ထင်ပါတယ်။ ဒီကားထဲမှာပါတဲ့ ကောင်မလေးက ဒီအလုပ်ကို ဝါသနာပါလို့ လုပ်နေတဲ့ ပုံစံမျိုး မဟုတ်ဘူးလေ။ သူ့ရဲ့ မိသားစု အခြေအနေကြောင့် သာလုပ်နေရတာပါ။ သူ့ရဲ့ဘဝပေး အခြေအနေကြောင့်သာ သူ လုပ်နေရတာပါ။ ပရိသတ်တွေကတော့ ညီမကို မမြင်ဖူးသေးတဲ့ ကာရိုက်တာမျိုးနဲ့ မြင်ရမယ်ဆိုတော့ စိတ်ဝင်စားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Voice : မကြွေပါနဲ့ ဆာကူရာ ဇာတ်ကားက စပြီး အောင်ရဲလင်းနဲ့ စဆုံခဲ့တာနော်။ သူနဲ့ ဇာတ်ကားတွေ တော်တော်များများလည်း ရိုက်ဖြစ်ခဲ့တော့ တွဲဖက် သရုပ်ဆောင်ရတဲ့ အတွေ့အကြုံကို ပြောပြပေးပါဦး။
P : ကိုအောင်ရဲလင်းနဲ့ တွဲရိုက်တဲ့ ဇာတ်ကားတွေမှာဆို သူက အများကြီး သင်ပေးပါတယ်။ အစ်ကိုက Idea လည်း ကောင်းတယ်။ ကိုယ်နဲ့သူနဲ့ အပေးအယူမျှမျှ သရုပ်ဆောင်နိုင်အောင် ညှိလို့ရတဲ့ မင်းသားထဲမှာ ပါပါတယ်။ တခြားသူတွေကျတော့ ကိုယ်က ပြောပြရင်တောင် သိပ်လက်မခံချင်ဘူး။ အစ်ကိုကျတော့ အဲ့ဒီလို မဟုတ်ဘူး။ သူ့မှာ စီနီယာ၊ ဂျူနီယာဆိုပြီး ခွဲခြားတဲ့စိတ်လည်း မရှိဘူး။ လူတိုင်းအပေါ်မှာ လေးစားမှု ရှိတယ်။ ဆရာလုပ်တဲ့ပုံစံမျိုးလည်း ဘယ်တော့မှ မပြောဘူး။ အမြဲတမ်း အကြံဉာဏ်ကောင်းပေးတယ်။ အစ်ကိုက တကယ်ကို စိတ်ထားကောင်းပါတယ်။ အစ်ကိုနဲ့ရိုက်ရတာ အရမ်းပျော်ပါတယ်။

Voice : ရိုက်ထားပြီးသား ဇာတ်ကားတွေထဲကရော ဘယ်ဇာတ်ကားတွေ ပရိသတ်ရှေ့ကို ရောက်လာဖို့ရှိလဲ။
P : ညီမ ရိုက်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေ ခုနစ်ကားလောက် ထွက်ဖို့ရှိတယ်။ တချို့ ဇာတ်ကားတွေဆို ရိုက်ထားတာ ခုနစ်လ၊ ရှစ်လလောက်ရှိပြီ။ မထွက်နိုင်သေးဘဲ ကြာနေတာပေါ့နော်။ မအူဝဲတို့ ထုတ်လုပ်ရေးအတွက် ရိုက်ပေးထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကားကတော့ ရုံတင်တော့မယ်လို့ ကြားပါတယ်။ အဲ့ဒီ ဇာတ်ကားမှာ ကိုယ့်စီနီယာအစ်မတွေနဲ့ အတူ သရုပ်ဆောင်ထားတာဆိုတော့ ရင်လည်း ခုန်ပါတယ်။ ကိုယ်တိုင်လည်း ဒီဇာတ်ကားကို ကြည့်ချင်နေပြီ။

Voice : အဲ့ဒီဇာတ်ကားမှာရော ဘယ်လို ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ထားတာလဲ။
P : အဲ့ဒီကားမှာ ညီမက မခိုင်ကြီး (ထွန်းအိန္ဒြာဗို) ကို ကလဲ့စားချေဖို့အတွက် ကြိုးစားနေတဲ့ ကောင်မလေးပေါ့နော်။ မအူဝဲနဲ့ ညီမ ပူးပေါင်းပြီး မခိုင်ကြီးကို ကလဲ့စားချေဖို့ ကြိုးစားတဲ့ ပုံစံမျိုးလေးပါ။ ဒီကားမှာ ကိုယ့်ထက် ဝါရင့်တဲ့ မင်းသမီးတွေနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ရတဲ့အတွက် စိတ်လှုပ်ရှားခဲ့တာတွေ ရှိတယ်။ အားလုံးကလည်း သရုပ်ဆောင် အရည်အချင်း ပြည့်ဝပြီး တကယ်ကို ထူးချွန်တဲ့သူတွေဆိုတော့ ကိုယ့်ဘက်က စိုးရိမ်ခဲ့တာ မျိုးတော့ရှိခဲ့တယ်။ ဒါပေမဲ့ အားလုံးက ကိုယ့်ကို သင်ပေးတယ်။ ညီမလေးတစ်ယောက်လို၊ တူမလေးတစ်ယောက်လို သဘောထားပြီး လက်တွဲ ခေါ်ခဲ့ကြတဲ့အတွက် အစစ အရာရာ အဆင်ပြေခဲ့ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ အန်ကယ်လေး (လူမင်း) ကလည်း ညီမကို အများကြီး သင်ပေးပါတယ်။

သန့်ဇင်ဦး

  • TAGS