News

POST TYPE

ENTERTAINMENT

မိုးစက်ဝိုင်နဲ့ တွေ့ဆုံခြင်း
13-Nov-2017 tagged as

နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မိုးစက်ဝိုင်နဲ့တွေ့ဆုံပြီး ဇာတ်ရုပ်အကြောင်း၊ ဇာတ်ကားအကြောင်းနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာများအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ကားမှာ ကိုယ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်ပုံစံကို အရင်ဆုံး ပြောပြပေးပါဦး။ 
MSW : ဒီကားမှာ မိုးစက်က ပန်းသည်မလေး နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ တစ်ကားလုံးမှာ ပန်းသည် ဇာတ်ရုပ်ပုံစံမျိုးတော့ သရုပ်မဆောင်ထားပါဘူး။ အဓိက မိုးစက်က ပန်းသည်ဇာတ်ရုပ် တစ်ခုအပြင် ကိုယ့်ရဲ့ ပင်ကိုစရိုက်နဲ့ မတူတဲ့ နောက်ထပ် ဇာတ်ရုပ်တစ်မျိုးမှာလည်း သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီဇာတ်ရုပ်ကိုတော့ လောလောဆယ်မှာ လျှို့ဝှက်ထားပါဦးမယ်။ 

Voice : ပန်းသည်ဇာတ်ရုပ်က ပရိသတ်တွေအမြင်မှာ ဘယ်လောက်ထိ သနားစရာ ကောင်းနေမှာလဲ။ 
MSW : အမှန်အတိုင်းပြောရလို့ရှိရင် ဒီကားထဲမှာ သုံးယောက်စလုံးက သနားစရာ ကောင်းပါတယ်။ ဒါကတော့ ဒရာမာကားရဲ့ သဘောတရားပေါ့နော်။ အဲ့ဒါကြောင့် မိုးစက်တစ်ယောက်တည်း သနားဖို့ကောင်းတာ မဟုတ်ပါဘူး။ ဒီကားမှာပါတဲ့ ကိုနေတိုးလည်း သနားဖို့ကောင်းတယ်၊ ရွှေထူးလည်းသနားဖို့ကောင်းတယ်။ နောက်တစ်ခုက မိုးစက် အနေနဲ့ ပန်းသည်ဇာတ်ရုပ်အပေါ်မှာ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ဆိုတာက မိုးစက် အထင်ပေါ့နော်၊ အပြင်နဲ့ ရာခိုင်နှုန်းပြည့် တူနေရင်လည်း ကြည့်ကောင်းချင်မှ ကြည့်ကောင်းမှာလေ။

Voice : ငိုတဲ့ဇာတ်ဝင်ခန်းတွေလည်းပါတော့ ငိုတာနဲ့ပတ်သက်ပြီး အခက်အခဲ ကြုံခဲ့ရသေးလား။
MSW : မိုးစက်အေနေနဲ့ ငယ်ငယ်တုန်းကတော့ ငိုခဲ့ဖူးတာပေါ့နော်။ နောက်တစ်ခုက နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ထားတော့ ငိုစရာရှိလည်း မငိုအောင် ထိန်းတာများတယ်။ အဲ့ဒါကြောင့် မိုးစက်က ဝမ်းနည်းစရာ တစ်ခုကြုံရင် သုံးစက္ကန့်လောက်ပဲ ခံစားတယ်။ ဒါပေမဲ့ ရုပ်ရှင်ရိုက်တဲ့ နေရာမှာကျတော့ တစ်ခါတည်း ငိုရတာ မဟုတ်ဘူး။ ဇာတ်ဝင်ခန်း တစ်ခန်းတည်းကိုပဲ သုံး၊ လေး၊ ငါးခေါက် ထပ်ငိုရတော့ Mood ကို ပြန်ခေါ်ရတာမျိုး ရှိတာပေါ့နော်။ 

Voice : ကိုယ့်အတွက် ဘယ်သူနဲ့တွဲဖက်ပြီး သရုပ်ဆောင်ရတာက ပိုအမှတ်ရစေလဲ။ 
MSW : မိုးစက်အတွက် နှစ်ယောက်စလုံးနဲ့ ရိုက်ရတာ တစ်မျိုးစီပေါ့နော်။ ကိုနေတိုးနဲ့ ဆုံတဲ့ဇာတ်ဝင်ခန်းတွေမှာဆိုရင် ကိုယ်က ရှိန်နေတာမျိုးတွေတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ရွှေထူးနဲ့ကျတော့ အရမ်း ခင်နေတော့ အရမ်းပေါ့ပါးတယ်။ နောက်တစ်ခုက မိုးစက်နဲ့ သူရဲ့ဇာတ်ရုပ်ကလည်း ပေါ့ပေါ့ပါးပါး ဆန်တဲ့ ဇာတ်ရုပ်ဖြစ်နေတော့ အဆင်ပြေပါတယ်။ 

Voice : “ပက်ပက်စက်စက်ညှို့”ရုပ်ရှင်ကားက ကိုယ့်ရဲ့ ပထမဆုံး ရုံတင်မယ့်ကားဆိုတော့ ရင်ခုန်မှုခံစားမှုက အတိုင်းထက်အလွန်ဖြစ်နေမှာပေါ့။
MSW : ဒီကားက မိုးစက်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားဆိုပေမယ့် ပွဲဦးထွက် ရုံတင်မှာဆိုတော့ အရမ်းလည်း ရင်ခုန်နေပါတယ်။ ဒါပေမဲ့ မိုးစက်ကံကောင်းတာက ကိုနေတိုးကလည်း မိုးစက်ကို လက်တွဲခေါ်တယ်၊ ဒါရိုက်တာ ကိုသားညီကလည်း တကယ်ကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးတော့ အဆင်ပြေခဲ့ပါတယ်။ နောက်တစ်ခုက မိုးစက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပိတ်ကားပေါ်မှာ တစ်ခါမှလည်း မမြင်ဖူးဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိတ်ကားပေါ်မှာ ပြန်ကြည့်ရမယ့်ခံစားမှုက ဘယ်လိုခံစားမှု ဖြစ်မလဲ မသိသေးဘူး။ 

Voice : “ပက်ပက်စက်စက်ညှို့” ရုပ်ရှင်ကားရဲ့ ရလဒ်ကိုကြည့်ပြီး သရုပ်ဆောင်ဘက်ကို ရှေ့ဆက်လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်မှာလား။ 
MSW : အဓိက သရုပ်ဆောင် ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာထက် မိုးစက်အနေနဲ့ ကိုယ့်ရဲ့ပရိသတ်ကြီးကို အမှတ်တရလည်း ရှိစေချင်သလို ကိုယ့်ဘဝမှာလည်း အမှတ်တရ တစ်ခုအနေနဲ့ ကျန်ခဲ့ချင်လို့ သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ဇာတ်ကားပါ။ နောက်တစ်ခုက အရင်ကတည်းက မိုးစက်ရဲ့ မိသားစုက သိပ်ပြီးတော့ ပေးမရိုက်သလို ကိုယ့်ရဲ့ ဆွေမျိုးထဲမှာလည်း အနုပညာသမား တစ်ယောက်မှ မရှိတော့ သိပ်ပြီးတော့ အားမပေးဘူး။ ဒါပေမဲ့ မိုးစက်ကတော့ သရုပ်ဆောင်အလုပ်ကို လုပ်ချင်တယ်။ အဲ့ဒါကြောင့် “ပက်ပက်စက်စက် ညှို့” ရုပ်ရှင်ကားနဲ့ “သတ္တိရှိရင် လောင်းမလား”ဆိုတဲ့ ရုပ်ရှင်ကား နှစ်ကားကို ရိုက်ခဲ့တယ်။ မိုးစက်က ဒီကားနှစ်ကားရဲ့ ပရိသတ် အားပေးမှုအပေါ်မှာ မူတည်ပြီး သရုပ်ဆောင်အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။ မိုးစက် သဘောကျရင် ကျသလို ကိုယ်ကြိုက်တဲ့ ဇာတ်ရုပ်မျိုးဆိုရင် ရိုက်ဖြစ်မှာပါ။

Voice : မကြာခင်ရုံတင်တော့မယ့် “ပက်ပက်စက်စက်ညှို့”ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ပရိသတ်ကို နောက်ဆုံးအနေနဲ့ ဘာများ ကြိုပြောထားချင်လဲ။ 
MSW : မိုးစက်ကိုချစ်ပြီး လာကြည့်တဲ့ ပရိသတ်တွေကို ပြောချင်တာက အရမ်း ကြိုးစားထားပါတယ်။ အဲ့ဒါကြောင့် ပရိသတ်ကြီးက ဒီကားလေးကို ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိုးစက်တို့ရဲ့ ကြိုးစားအားထုတ်မှု အထူးသဖြင့် မိုးစက်ရဲ့ ကြိုးစားအားထုတ်မှု အသစ်ကို ရုံတင်တဲ့အချိန်မှာ လာရောက် ကြည့်ရှုအားပေးပါ။ ဒီကားကို ကြည့်ပြီးတာနဲ့ မိုးစက်ရဲ့ ပရိသတ်ကြီးလည်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဝင်းထွန်းနိုင်

  • TAGS