News

POST TYPE

ENTERTAINMENT

အောင်ရဲလင်းနဲ့ တွေ့ဆုံခြင်း
11-Nov-2017 tagged as

နာမည်ကျော် သရုပ်ဆောင် အောင်ရဲလင်းနဲ့တွေ့ဆုံပြီး လက်ရှိ ရိုက်ကူးနေတဲ့ “ရန်ကုန်မြို့ရဲ့ ည” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်လမ်းအကြောင်း၊ ကာရိုက်တာ နှစ်မျိုးနဲ့ ထူးထူးခြားခြား သရုပ်ဆောင်ထားတဲ့ “ဆုတောင်း” ရုပ်ရှင်ဇာတ်ကားအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိ ရိုက်ကူးနေတဲ့ “ရန်ကုန်မြို့ရဲ့ ည”ရုပ်ရှင်ဇာတ်ကား အကြောင်းကနေ စပြီး ပြောပြပေးပါဦး။
AYL : ဒီကားမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက ကလပ်တစ်ခုမှာ ဝိတ်တာ (Waiter) လုပ်တယ်။ ကလပ်မှာ ကောင်မလေး တစ်ယောက်(ပက်ထရစ်ရှာ) နဲ့ တွေ့တယ်ပေါ့။ ကောင်မလေးနဲ့ မမျှော်လင့်ဘဲ လက်ထပ်ဖြစ်သွားတယ်။ လက်ထပ်ပြီးတဲ့အချိန်မှာ ဘဝမှာ အပြောင်းအလဲတွေ အများကြီး တွေ့ခဲ့ရတယ်ပေါ့။ အဲ့ဒီလို ဇာတ်လမ်းလေးပါ။

Voice : ဒီဇာတ်ကားက ပရိသတ်တွေအတွက် ဘယ်လို ရသမျိုး ပေးနိုင်မလဲ။
AYL : ဒီဇာတ်ကားကို ကြည့်တဲ့ ပရိသတ်တွေအနေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အချိုးအကွေ့တွေ အများကြီး တွေ့ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီဇာတ်လမ်းလေးက မှန်းရလည်း ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းက ရှေ့ဆက်ပြီး ဘာဖြစ်မယ်ဆိုတာကို မှန်းလို့မရဘူး။ ဘဝအတွက် ရုန်းကန်ရတဲ့အချိန်မှာ ကိုယ်မမျှော်လင့်ထားတဲ့ဟာတွေ အများကြီး ဖြစ်နိုင်တယ်ဆိုတာကို ရိုက်ပြထားတယ်။ ဒီကားထဲမှာ လူငယ်တွေအတွက် ပညာပေးလေးတွေလည်းပါပါတယ်။

Voice : ကိုယ့်အတွက်ရော သရုပ်ဆောင်မှုအပိုင်းမှာ ထူးထူးခြားခြား လုပ်ပြခွင့်ရမယ့် ဇာတ်ဝင်ခန်းမျိုးရောပါလား။
AYL : ကျွန်တော့်အတွက် ထူးထူးခြားခြား လုပ်ပြခွင့် ရဖို့ဆိုတာထက်၊ ဒီဇာတ်ကားလေးကို လာကြည့်တဲ့ ပရိသတ်တွေ အားလုံး စိတ်ဝင်စားကြမယ်၊ ကြိုက်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီကားလေးကိုရိုက်တဲ့ ဒါရိုက်တာ ကိုသားကြီးနဲ့ ကျွန်တော်တို့ သရုပ်ဆောင်တွေ အားလုံး ဝိုင်းဝန်းပြီးတော့ အကောင်းဆုံး ကြိုးစားထားကြတယ်။ ဇာတ်ဝင်သီချင်းတွေကအစ ဒီဇာတ်ကားနဲ့ လိုက်မယ့်သီချင်းတွေကို သေချာလေး ရွေးထားပါတယ်။ ဇာတ်ကား ထွက်လာရင်တော့ အားလုံး ကြိုက်ကြမှာပါ။

Voice : ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ ရိုက်ထားတဲ့ “ဆုတောင်း” ရုပ်ရှင်ဇာတ်ကားမှာရော အောင်ရဲလင်းကို ဘယ်လိုပုံစံမျိုး မြင်တွေ့ရမလဲ။
AYL : ဒီဇာတ်ကားမှာ ကျွန်တော်က ကာရိုက်တာ နှစ်မျိုး သရုပ်ဆောင်ရတာပါ။ ပထမ ဘဝမှာက ဂျပန်စစ်ဗိုလ်ပေါ့။ နောက်ဘဝမှာက သစ်တောမှာလုပ်တဲ့ အရာရှိတစ်ယောက်ပေါ့။ ဂျပန်စစ်ဗိုလ် ကာရိုက်တာမှာက ကန်ဒို ဓားခုတ်ရတဲ့ အခန်းတွေပါတယ်။ အဲ့ဒီအခန်းတွေ ရိုက်ဖို့အတွက် ကျွန်တော်ရယ်၊ ထွန်းကိုကိုရယ် တစ်လကျော်လောက် အချိန်ပေးပြီး လေ့ကျင့်ခဲ့ရပါတယ်။ ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှု အပိုင်းတွေကို သေချာလုပ်ထားတော့ ရိုက်တဲ့အခါမှာ အရမ်းကို Mood လည်းဝင်တယ်။ အဲ့ဒီ ဇာတ်ကား ထွက်လာရင်လည်း ပရိသတ်တွေ ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ 

Voice : “ဆုတောင်း” ရုပ်ရှင်က ကိုယ့်အတွက်ရော၊ ပရိသတ်အတွက်ပါ ကျေနပ်အားရမယ့် ဇာတ်ကားဖြစ်မှာပေါ့နော်။
AYL : ကျွန်တော်ရိုက်တဲ့ ဇာတ်ကားမို့လို့ ပရိသတ် ကြိုက်မယ်လို့ ပြောတာ မဟုတ်ပါဘူး။ ရိုက်ကွင်းမှာ လာကြည့်တဲ့သူတွေ အကုန်လုံးလည်း ဆုတောင်း ရုပ်ရှင်ဇာတ်ကားကို အားရကြတယ်။ ကြိုက်ကြတယ်။ ဂျပန်စစ်ဗိုလ် ကာရိုက်တာမှာဆို ကျွန်တော်ကိုယ်တိုင် ဂျပန်စကားပြောပြီး သရုပ်ဆောင်ထားတယ်။ သစ်တောဝန်ထမ်း ကာရိုက်တာမှာဆိုလည်း ပီပြင်အောင် သေချာကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကလည်း ထိထိမိမိ ရှိပါတယ်။ ဇာတ်ကား ထွက်လာရင် ပရိသတ် ကြည့်ရကျိုးနပ်မယ့် ကားတစ်ကား ဖြစ်မှာပါ။

Voice : ကာရိုက်တာနှစ်ခုမှာကျတော့ ဘယ်ကာရိုက်တာကို လုပ်ခဲ့ရတာကို ပိုပြီး အားရလဲ။
AYL : ကာရိုက်တာနှစ်ခုလုံးကိုတော့ ကျွန်တော် အားရပါတယ်။ သစ်တောအရာရှိကတော့ အငြိမ်လိုင်းပေါ့နော်။ ဂျပန် စစ်ဗိုလ် ကာရိုက်တာကျတော့ လုံးဝ အကြမ်းပဲ။ ကြမ်းကြမ်းတမ်းတမ်း၊ ရက်ရက်စက်စက် ပုံစံမျိုး သရုပ်ဆောင်ရတာပါ။ ကာရိုက်တာ နှစ်မျိုးလုံးကတော့ ကြိုးစား အားထုတ်ရတာပါပဲ။ ဂျပန်စစ်ဗိုလ် ကာရိုက်တာအတွက်ဆို ခေါင်းတုံး တုံးပြီးတော့တောင် ရိုက်ခဲ့ရတယ်။ သစ်တောအရာရှိ ကာရိုက်တာအတွက်ကျတော့ ဆံပင်ပြန်ရှည်လာအောင် နှစ်လလောက် ပြန်စောင့်ပြီးမှ ရိုက်ခဲ့ရတယ်။ ဒီကားရဲ့ ရိုက်ရက်ကလည်း တစ်လလောက် ကြာပါတယ်။ ကျွန်တော် အရမ်းအားရတဲ့ ဇာတ်ကားတစ်ကားပါ။

သန့်ဇင်ဦး

  • TAGS