News

POST TYPE

ENTERTAINMENT

မင်းမော်ကွန်းနဲ့ တွေ့ဆုံခြင်း
12-Oct-2017 tagged as

ပရိသတ်တွေအပြင် ရုပ်ရှင်လောကသား အချင်းချင်းပါ စိတ်ဝင်စားနေကြတဲ့ “Rose Rider” ရုပ်ရှင်ကားက လက်ရှိမှာဆိုရင် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရိုက်ကူးပြီးစီးသွားပြီဖြစ်တာကြောင့် သရုပ်ဆောင် မင်းမော်ကွန်းနဲ့တွေ့ဆုံပြီး ရိုက်ကူးရေး အတွေ့အကြုံများ၊ နှင်းဆီအနေနဲ့ အမေရိကားမှာ မကဖြစ်တော့တဲ့ အကြောင်းများနဲ့အတူ ဖခင်ဖြစ်သူ ဦးဇင်ဝိုင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဖြစ်သွားတဲ့အပေါ် စိတ်ခံစားမှုအကြောင်း တစေ့တစောင်းကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။ 

Voice : အချိန် နှစ်လလောက်ပေးပြီး ရိုက်ကူးထားတဲ့ “Rose Rider” ရုပ်ရှင်ကား အကြောင်းကနေ စပြောပေးပါဦး။
MMK : ဒီကားကို ကျွန်တော်တို့ နှစ်လလောက် အချိန်ယူပြီး ရိုက်ကူးထားပါတယ်။ လက်ရှိမှာတော့ ဇာတ်ကားရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကပြီးပါပြီ။ ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုတော့ ဒီလထဲမှာပဲ ရိုက်သွားဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ အဆင့်ဆင့် အများကြီး ရှိပါသေးတယ်။ 

Voice : ရိုက်ကူးရေးရက်ကို အချိန် အများကြီး ပေးထားတာဆိုတော့ ကိုယ်ကိုယ်တိုင်က အားရကျေနပ်တဲ့ကား တစ်ကားဖြစ်မယ် ထင်တယ်။
MMK : အဓိက ဒီကားမှာပါတဲ့ Location တော်တော်များများက တခြားကားတွေမှာ တွေ့ရခဲတဲ့နေရာတွေချည်းပါပဲ။ ကျွန်တော်တို့အနေနဲ့ တကယ်ကို ခဲရာခဲဆစ် ရိုက်ထားပါတယ်။ အဲ့ဒါကြောင့်လည်း အချိန်ကြာတာပါ။ ကျွန်တော်တို့က ဇာတ်သိမ်းခန်း တစ်ခန်းတည်းကိုပဲ အချိန် ဆယ်ရက်လောက်ယူပြီးတော့ ရိုက်ကူးထားပါတယ်။ ရိုက်ပြီးသား အရုပ်တွေကို ပြန်ကြည့်ကြတဲ့အခါမှာတော့ အားရကျေနပ်မှု ရှိပါတယ်။

Voice : ဆိုင်ကယ်တွေနဲ့ ရိုက်တာဆိုတော့ ရိုက်ကူးရေးပိုင်းမှာ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။
MMK : ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ လူအထိအခိုက်လေးတွေတော့ အနည်းအကျဉ်း ရှိတာပေါ့နော်။ ဒါပေမဲ့ ကြီးကြီးမားမားတော့ မရှိပါဘူး။ အခက်အခဲတွေဆိုတာက ကျွန်တော်တို့ နေလို့ရတဲ့နေရာနဲ့ ကျွန်တော်တို့ တကယ် ရိုက်ချင်တဲ့ Location ကဝေးတော့ ဆိုင်ကယ်တွေကို ကိုယ့်ဘာသာကိုယ် သယ်သွားရတယ်။ ကိုယ့်ဆိုင်ကယ်အပြင် တခြား ဆိုင်ကယ်တွေလည်းပါတော့ ဝိုင်းစီးပေးဖို့ လူက မလောက်ဘူး။ အဲ့ဒါကြောင့် ဆိုင်ကယ်တွေကို ကိုယ်တွေပဲ ခေါက်တုံ့ခေါက်ပြန် သယ်ရတော့ တစ်နေ့ကို မိုင်လေးဆယ်နီးပါးလောက် ဆိုင်ကယ်စီးရတယ်။ ရိုက်တာနဲ့ဆိုရင်တော့ တစ်နေ့ကို ဆိုင်ကယ်စီးချိန်က ရှစ်နာရီလောက် ဖြစ်နေတာပေါ့နော်။ ဒီကားမှာ ပါတဲ့လူတွေ အားလုံးလည်း တော်တော် ပင်ပန်းကြပါတယ်။  တခြားကားထက် နှစ်ဆ၊ သုံးဆလောက် ပိုပြီး ပင်ပန်းပါတယ်။

Voice : ဆိုင်ကယ်အစီးရေအားဖြင့် ဘယ်နှစီးလောက် သုံးထားလဲ၊ ဆိုင်ကယ်ကို ဘယ်မြို့တွေမှာ စီးတာများလဲ။
MMK : ဒီကားမှာပါတဲ့ ဆိုင်ကယ်အစီးရေက ကျွန်တော့်ခန့်မှန်းခြေအရဆိုရင် နှစ်ရာကျော် သုံးရာနီးပါးလောက်တော့ ရှိမယ်ထင်ပါတယ်။ ဒီကားမှာတော့ ရန်ကုန်မှာ ဆိုင်ကယ်စီးတဲ့အခန်းတွေ မပါပါဘူး။ ကျွန်တော်တို့က တခြားမြို့ကြီး တော်တော်များများမှာတော့ သွားပြီး စီးထားပါတယ်။ 

Voice : နှင်းဆီအဖွဲ့ရဲ့ အမေရိကား ခရီးစဉ်က သွားတာလည်း မတွေ့ရတော့ ပွဲကပျက်သွားပြီလား။
MMK : အဓိက အဲ့ဒီပွဲပျက်သွားလို့ ကျွန်တော်တို့အနေနဲ့ ဒီကားကို မြန်မြန်ဆန်ဆန် ရိုက်ကူးနိုင်တာပါ။ ဒီကားကို အချိန်တစ်လ သတ်မှတ်ပြီးတော့ အဲ့ဒီပွဲကိုလည်း အချိန်တစ်လ သတ်မှတ်ထားတယ်။ ဒါပေမဲ့ ပွဲကပျက်သွားတော့ ဒီကား ရိုက်ကူးဖို့ ကျန်တဲ့အပိုင်းတွေကို အဲ့ဒီရက်မှာပဲ ကျွန်တော်တို့ ရိုက်ကူးလိုက်လို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြီးသွားတာပါ။ အဓိက ပွဲပျက်တဲ့ အကြောင်းအရင်းကတော့ ဗီဇာ အခက်အခဲရှိတာနဲ့ ဆယ့်ငါးရက်လောက် နောက်ဆုတ်သွားတာပေါ့နော်။ အဲ့ဒါကြောင့် ရိုက်ရက်တွေနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် ပျက်သွားရခြင်းဖြစ်ပါတယ်။

Voice : အမေရိကားခရီးစဉ် ထပ်သွားဖို့ စီစဉ်ထားတာ ရှိသေးလား၊ ပြည်တွင်းမှာ ဖျော်ဖြေပွဲ မလုပ်တာလည်း ကြာပြီနော်။
MMK : သူတို့က ကျွန်တော်တို့ကို ဗီဇာ ဆက်ဝင်ခိုင်းထားတယ်။ သူတို့ခေါ်လို့ရတဲ့အချိန် ပွဲလုပ်ချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သေတော့ မသေချာပါဘူး။ ကျွန်တော်တို့အဖွဲ့က ပြည်တွင်းမှာလည်း ကဖို့ရှိပါတယ်။ ပွဲလည်း မကတာကြာပြီလေ။ ကျွန်တော်တို့ဆီမှာလည်း ပြက်လုံးတွေ ရှိပါတယ်။ လောလောဆယ်မှာတော့ “Rose Rider” ကားအတွက်ပဲ လုံးပန်းနေပါတယ်။ 

Voice : အဖေဖြစ်သူ ဦးဇင်ဝိုင်းက ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဖြစ်သွားပြီနော်၊ ရွေးကောက်ပွဲ ဝင်ပြိုင်တုန်းကလည်း မိသားစုနဲ့ စကားတွေ ပြောခဲ့ရတယ် ကြားတယ်။
MMK : ကျွန်တော်က အဖေ့ကို ပထမတစ်ခေါက်ကတည်းက ဥက္ကဋ္ဌ မလုပ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာက အမုန်းခံရတဲ့နေရာပါ။ လူနည်းစုနဲ့ လူများစုပဲ ကွာတယ်၊ မုန်းတာတော့ မုန်းကြတာပဲ။ ဒီနေရာလုပ်တဲ့ လူတွေက အမုန်းခံမှလည်း လုပ်လို့ရတာကိုး။ ကျွန်တော်ကတော့ အဖေ့ကို တစ်ယောက်တလေတောင် မမုန်းစေချင်ပါဘူး။ အဲ့ဒါကြောင့် ပထမတစ်ခေါက်တုန်းက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ကျတော့ အဖေ့စိတ်သဘောထားကိုလည်း သိတယ်၊ ကျန်တဲ့ ကျွန်တော့်ဆရာသမားတွေ အားလုံးကလည်း ဝိုင်းပြောတာနဲ့ ဒီတစ်ခေါက်ကတော့ အဖေ လုပ်ချင်လည်း လုပ်ပါ၊ အဖေရှေ့မှာ ဖြစ်အောင်သာလုပ်၊ ကျွန်တော် နောက်ကနေ ပံ့ပိုးပေးပါ့မယ်ဆိုပြီးတော့ သဘောတူညီမှု ယူထားတာပါ။ လက်ရှိအချိန်မှာလည်း အဖေ့မှာ အတိုက်အခံ များပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့လောကသား အချင်းချင်း၊ ညီအစ်ကို အချင်းချင်းဆိုတော့လည်း အကောင်းဆုံးဖြစ်အောင် တိုင်ပင်ဆွေးနွေးပြီးတော့မှ လုပ်ကြစေချင်လိုပါတယ်။ 

သန့်ဇင်ဦး

  • TAGS