News

POST TYPE

ENTERTAINMENT

ရန်အောင်နဲ့ တွေ့ဆုံခြင်း
20-Sep-2017 tagged as

“ဇာတိမြေ” ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် ရန်အောင်နဲ့ တွေ့ဆုံပြီး ဂျပန်ရိုက်ကူးရေး အတွေ့အကြုံများအကြောင်း၊ အလည်အပတ် ခရီးစဉ်များ အကြောင်းနဲ့အတူ အကောင်အထည် မဖော်ဖြစ်သေးတဲ့ အိမ်ထောင်ရေး အကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : မကြာခင်က ဂျပန်မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ကားက အတွေ့အကြုံတွေကို ပြန်လည်ပြီး မျှဝေပေးပါဦး။
YA : ဒီကားကို ဂျပန်ပြန်ကြားရေးဌာန NHK နဲ့ မြန်မာတို့ ပူးပေါင်းပြီး ဖက်စပ် ရိုက်ကြတာဆိုတော့ သူတို့ဆီက အတုယူစရာတွေ အများကြီး ရပါတယ်။ အစ်ကိုတို့အတွက်လည်း အတွေ့အကြုံအသစ်တွေ ရတာပေါ့နော်။ အကြမ်းဖျင်း ပြောရရင်တော့ သူတို့က စည်းကမ်းရှိတယ်၊ တိကျတယ်၊ တစ်ခုခုကို မပြီးပြီးအောင် ဇွဲနဲ့လုပ်ကြတယ်။ ပြီးတော့ လူလူချင်းကို လေးစားတတ်တဲ့အကျင့် တွေ့ရတယ်။ ဥပမာ- ရိုက်ကွင်းမှာ သရုပ်ဆောင်အသစ်တစ်ယောက် လာပြီးရိုက်တယ်ဆိုရင် ကားမှာ ပါဝင်တဲ့လူတွေ အားလုံး စက်အဖွဲ့ကအစ ဝိုင်းလိုက်ရပါတယ်။ ပြီးတာနဲ့ တာဝန်ရှိတဲ့လူက သူက သရုပ်ဆောင်အသစ်ပါဆိုပြီး မိတ်ဆက်ပေးတယ်။ ဒီကားမှာ ဘယ်ဇာတ်ရုပ်ကနေ ရိုက်မှာပါ၊ နာမည်က ဘယ်သူပါဆိုပြီး ပြောတယ်။ ကျန်တဲ့လူတွေကလည်း သူပြောပြီးတာနဲ့ လက်ခုပ်တီးပြီး ကြိုဆိုကြတယ်။ သူကလည်း ပါသမျှ ဇာတ်ဝင်ခန်း ရိုက်ပြီးပြန်ရင်လည်း အကုန်လုံးကို ပြန်ခေါ်တယ်။ သူရိုက်လို့ ပြီးပါပြီ၊ ပြန်ပါတော့မယ်ဆိုပြီး နှုတ်ဆက်ပါတယ်။ အစ်ကိုကတော့ သူတို့ဆီက အဲ့ဒီအကျင့်လေးကို နှစ်သက်တယ်။

Voice : ကိုယ့်မြန်မာပြည်က သရုပ်ဆောင်တွေကိုလည်း သူတို့လို မလုပ်စေချင်ဘူးလား။
YA : အစ်ကိုကတော့ မြန်မာပြည်မှာလည်း သူတို့လို လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက လာရိုက်တဲ့ သရုပ်ဆောင်အသစ်တွေရော၊ ဇာတ်ပို့ဇာတ်ရံတွေကပါ လာသာရိုက်လိုက်တယ်။ ဘယ်သူနဲ့မှလည်း မခင်လိုက်ဘူး။ ဘယ်သူနဲ့မှလည်း မသိလိုက်ဘူး။ အသိအမှတ်ပြုခြင်းကိုလည်း မခံရဘူး။ ဘာပဲပြောပြော အသိအမှတ်ပြုလိုက်တာက သူတို့အတွက်လည်း အားရှိသလို ကိုယ်လည်း သူတို့နဲ့ ရင်းနှီးသွားပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီအကျင့်လေးကို ကိုယ့်မြန်မာပြည်မှာလည်း လုပ်စေချင်ပါတယ်။ 

Voice : အလည်အပတ် ခရီးတွေလည်းသွားတာ တွေ့ရတော့ ဘယ်တွေ ရောက်ခဲ့သေးလဲ၊ ဘာတွေ လေ့လာခဲ့လဲ။
YA : ဒီကားရဲ့ ဇာတ်ဝင်ခန်းမှာက ကမာကူရဘုရားပဲပါတော့ ဘုရားကိုတော့ မဖြစ်မနေ ရောက်ရတာပေါ့နော်။ ကျန်တဲ့ဖူဂျီတောင်နဲ့ Disneyland တို့ကိုတော့ အစ်ကိုတို့ သတ်သတ်သွားကြတာပါ။ Disneyland ဆို အောင်ရဲလင်းနဲ့ ကစ်ကစ်တို့ကလည်း သွားချင်တယ်ဆိုတာနဲ့ သွားကြတယ်။ ပထမတော့ တက္ကစီနဲ့ သွားကြဦးမလို့ပဲ။ လူကများတော့ တက္ကစီဆိုလည်း နှစ်စီးငှားမှ အဆင်ပြေမှာလေ။ ဒါပေမဲ့ ဘတ်ဂျက် တွက်ကြည့်တော့ မကိုက်တာနဲ့ တစ်ဖွဲ့လုံး ရထားစီးပြီး သွားကြတယ်။ အစ်ကိုတို့တည်းတဲ့ ဟိုတယ်ကနေ ဘူတာဆီကို လမ်းလျှောက်ကြတယ်။ ဘူတာနဲ့ ဟိုတယ်က ငါးဖာလုံလောက်ဝေးတော့ တော်တော် လျှောက်ရတယ်။ ရထားစီးတော့လည်း သုံးဘူတာကို နှစ်စီး ပြောင်းစီးရတယ်။ ပြီးတော့ Disneyland ရောက်ဖို့ကို လမ်းက တစ်မိုင်လောက် ထပ်လျှောက်ရသေးတယ်။ အထဲရောက်တော့လည်း လမ်းတွေပဲ လျှောက်နေရတော့ အစ်ကိုမှာ Body Weight တောင် ကျသွားတယ်။ အမောလည်း ခံနိုင်လာတော့ အစ်ကို့အတွက် အကျိုးရှိတယ်လို့ ပြောရမှာပေါ့နော်။ 

Voice : တိုက်တိုက်ဆိုင်ဆိုင် ဂျပန်မှာ ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာပဲ အမေက ကျန်းမာရေး ချူချာလိုက်သေးတော့ ကိုယ့်စိတ်မှာ ဗျာများခဲ့ရသေးလား။
YA : အမေက ပြီးခဲ့တဲ့ သင်္ကြန်လောက်ကတည်းက ကျန်းမာရေး မကောင်းဘူး။ အရင်ကထက် ပိုချူချာလာတာပေါ့နော်။ အဲ့ဒီမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီကားရိုက်ဖို့အတွက် ဂျပန်ကို သွားခါနီးမှာ တော်တော်လေး ဆိုးလာတယ်။ အဲ့ဒါကြောင့် ပါရဂူဆရာဝန် တွေဆီကအကြံဉာဏ်ယူပြီး အမေ့ကို Medical Check Up လုပ်တယ်။ အဖြေလည်းရရော အမေ့မှာ ရောဂါအမည်တွေ ပိုထွက်လာတယ်။ သည်းခြေနဲ့ အစာအိမ် ဆက်တဲ့နေရာမှာ အကျိတ်လိုလို ဘာလိုလို တွေ့ရတယ်။ သည်းခြေမှာ ကျောက်ရှိတာကိုလည်း ထပ်တွေ့ရတယ်။ ကျွန်တော့်မှာ အမေ့ကို စိတ်ပူတာပေါ့။ ကလေးတွေကို Viber ဖွင့်ခိုင်းပြီး ဂျပန်ကနေ အမေနဲ့ စကားတွေပြောပြီး အမေ့ရဲ့ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်နေရတယ်။ အမေတစ်ခုခု ဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်နဲ့ တော်တော်လည်း ဝမ်းနည်းပါတယ်။ ကိုယ့်အခန်းထဲမှာ တစ်ယောက်တည်း ကျိတ်ပြီး မျက်ရည်ကျခဲ့ရတယ်။

Voice : မေမေချစ်တဲ့သားကြီးပဲ လုပ်တော့မှာလား၊ အိမ်ထောင်ပြုဖို့ကို မစဉ်းစားတော့ဘူးလား။
YA : အစ်ကိုအနေနဲ့ ဒီအသက် ဒီအရွယ်မှာတော့ အိမ်ထောင်ပြုချင်လည်း ပြုလို့ရပါတယ်။ ဒါပေမဲ့ အစ်ကိုတို့မှာက ရင်ခုန်ရတဲ့ နှလုံးသားနဲ့ နည်းနည်းလေး ဝေးခဲ့ပါပြီ။ အဲ့ဒါကြောင့် ဦးနှောက်နဲ့ ဆုံးဖြတ်ချင် ဆုံးဖြတ်မယ်။ နောက်တစ်ခုက ကိုယ်က တအားကြီး ချစ်ဖို့ဆိုတာ ချင့်ချိန်တတ်တဲ့ အနေအထား ရောက်သွားတော့ သိပ်ချစ်သွားဖို့ ရည်ရွယ်ချက် မရှိတော့ဘူး။ တကယ်လို့ သူက ချစ်လာမယ်ဆိုရင်တော့ လက်ခံရမှာပေါ့နော်။ လက်ရှိ အစ်ကို့မှာ သူချစ်တွေ အများကြီး ရှိပါတယ်။ ပရိသတ်တွေက အစ်ကို့ရဲ့ ချစ်သူတွေပဲလေ။

Voice : အိမ်ထောင်ရေးကို လုံးဝ ဥပေက္ခာပြုလိုက်ပြီလို့ ပြောရင်ရပြီလား။
YA : အဲ့ဒီလိုတော့ ယတိပြတ် ပြောလို့မရပါဘူး။ အစ်ကို့အတွက် ဆေးပေးမီးယူ ဆိုတာလည်း ပေါ်လာနိုင်သလို နှစ်ဦးသဘောတူ စိတ်တူကိုယ်တူလည်း ရှိလာနိုင်တယ်လေ။ ပါရမီဖြည့်ဖက်ဆိုတာက အချိန်တန်မှ ပေါ်လာတာမျိုးပါ။

ဝင်းထွန်းနိုင်

  • TAGS