News

POST TYPE

ENTERTAINMENT

ပက်ထရစ်ရှာနဲ့ တွေ့ဆုံခြင်း
13-Sep-2017 tagged as

သရုပ်ဆောင် ပက်ထရစ်ရှာနဲ့တွေ့ဆုံပြီး ကိုယ်ပိုင် Brand မထုတ်ဖြစ်သေးတဲ့အကြောင်း၊ ချစ်သူက လူမျိုးခြားဖြစ်ပေမယ့် မြန်မာဝတ်စုံဝတ်ပြီး ဘုရားအတူ ဖူးဖြစ်တဲ့အကြောင်းနဲ့ မကြာမီ ရုံတင်ဖို့ရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အောင်မြင်နေတဲ့ အနုပညာရှင်အများစုက ကိုယ်ပိုင် Brand လေးတွေ ထုတ်လာကြတယ်။ ကိုယ့်မှာလည်း ပရိသတ် အခိုင်အမာ ရှိနေပြီဆိုတော့ ကိုယ်ပိုင် Brand ထုတ်ဖို့ စိတ်ကူး မရှိသေးဘူးလား။
P : ညီမကတော့ ကိုယ့်ကိုယ်ပိုင် Brand ထုတ်ရလောက်အောင် မအောင်မြင်သေးဘူးလို့ ညီမကိုယ်ညီမ ထင်ပါတယ်။ ညီမ အောင်မြင်ချင်တဲ့ အတိုင်းအတာအထိ ရောက်ခဲ့ရင်၊ ညီမအားကျရတဲ့ အနုပညာရှင်တွေလို အောင်မြင်ခဲ့တဲ့အချိန်ကျရင် ကိုယ်ပိုင် Brand လေးထုတ်မှာပါ။ ကိုယ်ပိုင် Brand ထုတ်ခဲ့ရင်လည်း ပရိသတ်တွေအတွက် အသုံးလိုမယ့် ပစ္စည်းမျိုးလေးတွေ ထုတ်မှာပါ။ ညီမကို ကိုရီးယားတို့၊ ထိုင်ဝမ်တို့က မိတ်ဆွေတွေကလည်း ကိုယ်ပိုင် Brand လေးထုတ်ဖို့ အားပေးကြတယ်။ အလှကုန် ပစ္စည်းလေးတွေ သူတို့ ပြတယ်။ ညီမနာမည်နဲ့ ထုတ်လို့ရတယ်ပေါ့။ ဒါပေမဲ့ ဒီအချိန်မှာတော့ ညီမ မထုတ်ချင်သေးပါဘူး။ ကိုယ်ပိုင် Brand ထုတ်ရလောက်အောင်လည်း မအောင်မြင်သေးဘူးလို့ ထင်ပါတယ်။

Voice : ဘယ်လို အနေအထားမျိုးရောက်မှ ကိုယ့်ကိုယ်ကိုယ် အောင်မြင်ပြီလို့ သတ်မှတ်ထားတာလဲ။
P : ညီမရှေ့က စီနီယာ အနုပညာရှင်တွေထဲမှာ ညီမ အားကျရတဲ့သူတွေ ရှိပါတယ်။ သူတို့လောက် အောင်မြင်မှ အောင်မြင်တယ်လို့ ညီမထင်ပါတယ်။ ညီမ အနုပညာအလုပ် စလုပ်တာ နှစ်ပိုင်းလေးပဲ ရှိပါသေးတယ်။ အဲ့ဒီလောက်ကြီး အောင်မြင်သေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်သေးဘူး။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုမျိုးရဖို့ ညီမ ဒီ့ထက် ပိုကြိုးစားရမယ်။ အမြဲတမ်းတော့ ညီမ လေ့လာသင်ယူနေပါတယ်။ အလုပ်လုပ်ရင်လည်း စေတနာ အပြည့်နဲ့လုပ်တယ်။ ဥပမာ ညီမကို Facebook မှာ ထုတ်ကုန်ပစ္စည်းတစ်ခု ကြော်ငြာပေးဖို့ အနုပညာကြေးပေးတယ်။ ဒါလေးကို  Review ရေးပေးပါပေါ့။ ဒါပေမဲ့ ညီမ မကြိုက်တဲ့ ပစ္စည်းမျိုးဆိုရင် Review လည်း မရေးပေးဘူး။ သူတို့ပေးတဲ့ အနုပညာကြေးလည်း မယူဘူး။ မိတ်ကပ်ပဲဖြစ်ဖြစ်၊ အင်္ကျီပဲဖြစ်ဖြစ် ညီမနဲ့ ကြော်ငြာချင်လို့ လာကမ်းလှမ်းတယ်။ ညီမ မကြိုက်တဲ့လူ၊ ညီမ မကြိုက်တဲ့ ဒီဇိုင်းမျိုးဆိုရင် လက်မခံဘူး။ ညီမ တကယ်ကို သဘောကျတယ်ဆိုရင် အလကား ရိုက်ပေးရင် ရိုက်ပေးလိုက်တယ်။ ကိုယ်ကို လုပ်ငန်းလာအပ်တဲ့ သူဌေးတွေကို အမြဲတမ်း ကိုယ်ချင်းစာတယ်။ သူတို့ပေးရတဲ့ အနုပညာကြေးထက် တန်အောင် ညီမ အမြဲလုပ်ပေးတယ်။

Voice : ကိုယ့်ကို လာအပ်တဲ့ ကြော်ငြာတွေကို ပက်ထရစ်ရှာက ဘယ်လိုစိစစ်ပြီး လက်ခံရိုက်ကူးပေးနေလဲ။
P : ဥပမာ - ညီမကို အသားဖြူဆေးကြော်ငြာ တစ်ခုရိုက်ဖို့ လာအပ်တယ်ဆိုပါတော့။ မှောင်မည်းနေတဲ့ အခန်းထဲမှာ ဓာတ်ပုံ ရိုက်ပေးလိုက်ရင် ကြည့်ရတာ မကောင်းတော့ဘူး။ ကိုယ့်ကိုလာအပ်တဲ့ ထုတ်ကုန်ပစ္စည်းကို ဘယ်လို အကောင်းဆုံးဖြစ်အောင် ကြော်ငြာပေးရမလဲဆိုတာကို ညီမ အမြဲတမ်းစဉ်းစားတယ်။ ကိုယ့်ကို အသားဖြူဆေးကြော်ငြာ အပ်တယ်ဆိုရင် အလင်းကောင်းကောင်းရှိတဲ့နေရာမျိုးမှာ ဓာတ်ပုံရိုက်မှ အဆင်ပြေမယ်လေ။ ညီမဘက်က တကယ်ကို စေတနာအပြည့်နဲ့ လုပ်ပေးတယ်။ သူများ လုပ်တာတွေ မှားနေရင်လည်း ဝေဖန်တယ်။ ကြော်ငြာတွေရိုက်ရင်လည်း အဝတ်အစားကအစ အကောင်းဆုံး ပြင်ဆင်ပြီး ဝတ်ပေးတယ်။ သူများတွေဆို ပြောတယ်။ နင်ရတဲ့ အနုပညာကြေးနဲ့ နင်ကုန်တဲ့ အဝတ်အစားဖိုးနဲ့ ကာရော ကာမိရဲ့လားလို့ ပြောကြတယ်။ ညီမကတော့ ကြည့်ရတဲ့ ပရိသတ်တွေအတွက် စေတနာ ထားပြီး လုပ်ပေးတယ်။ 

Voice : ချစ်သူက လူမျိုးခြား၊ ဘာသာခြားဖြစ်ပေမယ့် ပက်ထရစ်ရှာနဲ့ ဘုရားအတူ ဖူးကြတာလည်း တွေ့ရတယ်။ သူ့ကို မြန်မာဆန်ဆန် ပုဆိုးလေးဆင်ပေး ဖြစ်တာကရော ပက်ထရစ်ရှာရဲ့ စိတ်ကူးလား။
P : အမှန်တော့ သူဝတ်တဲ့ ပုဆိုးအဆင်က ညီမရဲ့အမေ ရွေးပေးတာပါ။ အမေကလေ ယောက်ျားလေးနဲ့ မိန်းကလေး ဘယ်အရောင်လေးနဲ့ဆို ဘယ်လိုလိုက်တယ် ဆိုတာကို ရွေးတတ်တယ်။ ကိုယ့်ဟာကိုယ်ဆို မရွေးတတ်ဘူး။ အမေပဲ အမြဲရွေးပေးတာပါ။ ဘုရား အတူဖူးဖြစ်တာကလည်း သူ့ဘက်က တောင်းဆိုလို့ပါ။ သူ့မွေးနေ့မှာ ဘုရားသွားချင်တယ်။ သူက မြန်မာဝတ်စုံ ဝတ်ရတာလည်း အရမ်းကြိုက်တယ်။ တိုက်ပုံတွေ ဘာတွေဆို သူ့ဟာသူ ယူလာခဲ့တာပါ။ ကိုယ်ကတော့ သူ့ကို မြန်မာဝတ်စုံ ဝတ်ပါဟဲ့၊ ဘုရားသွားပါဟဲ့လို့ ဘယ်တော့မှ မတိုက်တွန်းဘူး။ တော်ကြာ သူ့ဘာသာထဲကို ဆွဲထည့်တာလား၊ မြန်မာလိုတွေ အတင်း လုပ်ခိုင်းတာလားလို့ ထင်မှာစိုးတယ်။ သူ့ဘက်ကစပြီး တောင်းဆိုလာတော့ ကိုယ်လည်း ဝမ်းသာရတယ်၊ ပီတိဖြစ်ရတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာတရားကို အလေးထားတော့ ကိုယ်လည်း ပိုပျော်ရတာပေါ့နော်။

Voice : ချစ်သူကို မြန်မာစကားတွေ ဘာတွေ သင်ပေးတာမျိုးရော ရှိလား။
P : မြန်မာစကားကတော့ သူ့ဟာသူ သင်ထားတာတွေလည်း ရှိတယ်။ တစ်ခါတလေ ကျရင်တော့ ညီမက သူ့ကို မြန်မာစကား အတိုလေးတွေနဲ့ ဘန်းစကားလေးတွေ သင်ပေးတယ်။ ညီမ ပရိသတ်တွေနဲ့ တွေ့တဲ့အခါမျိုးမှာ ပရိသတ်တစ်ယောက်က သူ့ကို နိုင်ငံခြားသားဆိုတော့ ဘိုင့်ဘိုင်လို့ နှုတ်ဆက်တယ်။ သူက တာ့တာလို့ ပြန်နှုတ်ဆက်တယ်။ သူ့ကိုနှုတ်ဆက်တဲ့ ပရိသတ်က ရှက်လိုက်တာလို့ ပြန်ပြောတော့ သူက အိုဗာတင်းပါအေလို့ ပြန်ပြောတယ်။ သူကိုယ်တိုင်ကလည်း မြန်မာစကားလေးတွေ သင်ရတာကို စိတ်ဝင်စားတယ်။ လိုလိုချင်ချင် ရှိတယ်။ ကိုယ်ကလည်း သူ့ကို ကြုံရင် ကြုံသလို သင်ပေးဖြစ်ပါတယ်။

Voice : ရုပ်ရှင်ဇာတ်ကားသစ်တွေကရော ဘာတွေ ရိုက်ဖို့ရှိသေးလဲ။ ရိုက်ထားပြီးတဲ့အထဲကရော ဘယ်ဇာတ်ကားတွေ ရုံတင်ဖို့ရှိလဲ။
P : ရုပ်ရှင်ကားကြီးတစ်ကားကို နယ်ဘက်မှာ သွားရိုက်ဖို့ရှိပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ညီမရဲ့ ကာရိုက်တာကတော့ သူနာပြု ဆရာမနေရာက သရုပ်ဆောင်ရမှာပါ။ အဲ့ဒီဇာတ်ကားက ကုန်ကျစရိတ် များများသုံးပြီး ရိုက်မယ့်ဇာတ်ကားပါ။ ကင်မရာတွေ၊ မီးတွေကအစ နောက်ဆုံးပေါ်တွေ သုံးပြီး ရိုက်မှာပါ။ ရိုက်ဖို့ သေချာပြီဆိုတော့မှ ဘယ်ဒါရိုက်တာ၊ ဘယ်မင်းသားနဲ့ ရိုက်မလဲဆိုတာကို ပြောပြပေးပါမယ်။ ရိုက်ထားပြီးတဲ့ဇာတ်ကားတွေထဲကတော့ ဇွတ်ကျားနဲ့ ကျောက်သင်ပုန်းပေါ်က ကလေးလက်ရေး ရုပ်ရှင်နှစ်ကား ရုံတင်ဖို့ရှိတယ်။ အခုနောက်ပိုင်းမှာ ညီမပရိသတ်တွေအတွက် ဟာသကားတွေ တော်တော်များများ ရိုက်ပေးဖြစ်တယ်။ ပရိသတ်တွေက ဟာသကားဆို ပိုပြီးကြည့်ချင်ကြတယ်။ အားပေးတဲ့သူလည်း ပိုများတယ်။ ဒါပေမဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေတဲ့အတွက် ဆေးစက်ကျရာ အရုပ် ထင်နိုင်ရမယ်၊ ဇာတ်ရုပ်အစုံ သရုပ်ဆောင် နိုင်ရမယ်လို့တော့ ညီမ ခံယူထားပါတယ်။

  • TAGS