News

POST TYPE

ENTERTAINMENT

ဇေရဲထက်နဲ့ တွေ့ဆုံခြင်း
12-Sep-2017 tagged as

စက်တင်ဘာလ ၂၂ ရက်နေ့ကစပြီး ရုံတင်ပြသတော့မယ့် “ထဘီကျွတ်၍ လွှတ်လိုက်သည်”ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇေရဲထက်နဲ့တွေ့ဆုံပြီး ဇာတ်ကားအကြောင်း၊ ဇာတ်ရုပ်အကြောင်းနဲ့အတူ လက်ရှိရိုက်ကူးနေတဲ့ “ရာဇဝင် ရိုင်းခဲ့သည်”ရုပ်ရှင်ကားအကြောင်း အပြည့်အစုံကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : “ထဘီကျွတ်၍ လွှတ်လိုက်သည်” ရုပ်ရှင်ကားက မျိုးညွန့် ဇာတ်ရုပ်အပေါ်မှာ ကျေနပ်အားရမှု ရှိရဲ့လား။
ZYH : ဒီကားက ကျွန်တော့်ရဲ့ဆရာ ဦးညီထွန်းလွင် ရိုက်တဲ့ကားပါ။ ကျွန်တော့်အနေနဲ့လည်း အစွမ်းကုန် ကြိုးစားထားတဲ့အတွက် မျိုးညွှန့်ဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျ ဖြစ်တယ်လို့ မြင်မိတယ်။ ပြီးတော့ တရားရုံးချုပ်ကနေ အမိန့်ပေးတဲ့ ဇာတ်ဝင်ခန်းမှာဆိုရင် ကျွန်တော် တကယ်ကြီးကို Mood ဝင်သွားပြီး တကယ်ကို သေချာ လုပ်ခဲ့တယ်။ အဲ့ဒီ ဇာတ်ဝင်ခန်းအတွက် နေ့၊ ညမအိပ်ဘဲနဲ့ မျက်တွင်းတွေကျအောင် လုပ်တယ်၊ ထမင်းကိုလည်း လုံးဝ မစားဘဲ နေခဲ့တယ်။ မှတ်မှတ်ရရ အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်နေရင်းနဲ့မှ စကားလုံးတစ်လုံး ကျန်ခဲ့တဲ့အချိန်မှာပဲ ဦးညီထွန်းလွင်က ရှုတင်ကို ထမင်းစား နားလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်က Mood အရမ်းဝင်နေတာပေါ့နော်။ အဲ့ဒါကြောင့် ထမင်း မစားဘဲနဲ့ ရိုက်တဲ့နေရာမှာပဲ ထိုင်နေမိတယ်။ ဦးညီထွန်းလွင်ကလည်း ကျွန်တော် Mood ဝင်နေတာသိတော့ မြန်မြန် ထမင်းစားပြီး ပြန်ရိုက်ပေးခဲ့ပါတယ်။ ဒီကားမှာ ကျွန်တော်ငိုတဲ့ဇာတ်ဝင်ခန်းတွေကို ပရိသတ်ကြီး ကြည့်ရင် သိပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ မျက်ရည်အစစ်နဲ့ ငိုခဲ့တာကြောင့် ဒီကားကို ပရိသတ်တွေ ကြည့်တာနဲ့ ရင်ထဲနင့်နေအောင် ခံစားရမှာပါ။ 

Voice : စာရေးဆရာကြီး မောင်သာရရဲ့ စာပေဆုရဝတ္ထုကို ပြန်ရိုက်ရတဲ့ စိတ်ခံစားချက်က ဘာဖြစ်မလဲ။
ZYH : ဒါကတော့ ကျွန်တော့်ဘဝရဲ့ မှတ်တိုင်ပါပဲ။ ကျွန်တော်က အကယ်ဒမီ လိုချင်လို့ပြောတာ မဟုတ်ပါဘူး။ အဓိက ကျွန်တော့်ဘဝမှာ စာပေဆုရခဲ့တဲ့ စာရေးဆရာကြီး မောင်သာရရဲ့ ဝတ္ထုကို ရိုက်ခွင့်ရတဲ့အတွက် အမှတ်ရစရာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော် ရိုက်ခွင့်ရတာကလည်း ဆရာဦးညီညီထွန်းလွင်ရဲ့ ကျေးဇူးကြောင့်ပါ။ 

Voice : ရုံတင်တော့မယ့်ဆဲဆဲမှာလည်း ဝတ္ထုနဲ့ ပတ်သက်ပြီး ပွဲဆူခဲ့သေးတယ်နော်။
ZYH : ကျွန်တော့်ရဲ့ ဆရာဦးညီညီထွန်းလွင်က အလုပ်တစ်ခုကို လုပ်ပြီဆိုရင် သူ့ဘက်က သေချာမှ လုပ်ပါတယ်၊ သူ့ဘက်က မှန်မှ လုပ်တယ်။ အဲဒါကြောင့် ဦးညီညီထွန်းလွင် မှားတာတော့ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဦးညီညီထွန်းလွင်ဆိုတာ ရုပ်ရှင်လောကမှာ ဘုရင်တစ်ဆူဖြစ်နေတော့ အမှားတစ်ခုမှ မလုပ်ဘူးလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။

Voice : လက်ရှိရိုက်ကူးနေတဲ့ “ရာဇဝင်ရိုင်းခဲ့သည်”ရုပ်ရှင်ကားမှာလည်း ဇာတ်ရုပ်က ထူးခြားတယ်လို့သိရတယ်၊ ဇာတ်ရုပ် အပြည့်အစုံကို ပြောပြပေးပါဦး။
ZYH : ဟုတ်ပါတယ်။ ဒီကားမှာ ကျွန်တော့်ရဲ့ ဇာတ်ရုပ်က ရိုက်ဖူးနေကျပုံစံမျိုး မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီကားရိုက်ဖို့ကို အများကြီး စဉ်းစားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ရုပ်က တော်တော်လေးကို ဆိုးဝါးတဲ့ဇာတ်ရုပ်ဖြစ်နေလို့ပါ။ ဒီကားမှာ ကျွန်တော်က အတွေးအခေါ် အယူအဆ မှားနေတဲ့ လူငယ်တစ်ယောက်ပေါ့နော်။ အဖေလုပ်သူက နောက်မိန်းမ ယူသွားတာကြောင့် အဲ့ဒီစိတ်နဲ့ပဲ အမေလုပ်တဲ့သူက သေသွားတယ်။ အဲ့ဒါကြောင့် ကလေးဘဝမှာကတည်းက သူ့ရဲ့စိတ်တွေက ကစဥ့်ကလျား ဖြစ်သွားတယ်။ နောက်ဆုံး သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သေဖို့ကံပါမလာတော့ သူတို့မိသားစုကို ပြိုကွဲအောင် လုပ်တဲ့လူတွေကို ပြန်ပြီး လက်စားချေတဲ့ပုံစံမျိုးလေးပါ။

Voice : ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ဇာတ်လမ်းက ကြွမှာဆိုတော့ ဘာတွေကြိုတင်ပြင်ဆင်ထားလဲ။
ZYH : အဓိက ဆံပင်နဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် Sexy ကျတဲ့ ကင်မရာမန်းမျိုးဖြစ်အောင် လေ့လာထားရတယ်။ ပြီးတော့ ဒီကားက ချစ်ကြိုက်ကွဲညား ဇာတ်လမ်းမဟုတ်တဲ့အတွက် လှည့်စားမှုတွေ၊ မာယာတွေ အရမ်းများတဲ့ကား ဖြစ်နေတော့ စိန်ခေါ်မှုတွေလည်း အများကြီး ရှိနေမှာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ စိန်ခေါ်မှုများတာကို ကြိုက်တယ်။

Voice : ဗီဒီယိုဘက်မှာက ဇေရဲထက် တစ်ခေတ်ဖြစ်နေပေမယ့် ရုပ်ရှင်ဘက်မှာက ကိုယ့်အတွက် လုပ်ခွင့်ရတဲ့ကားက နည်းနေသေးသလိုပဲ။
ZYH : သရုပ်ဆောင် ဆိုတာကတော့ တစ်ခန်းပဲရရ၊ နှစ်ခန်းပဲရရ အကောင်းဆုံး ဖြစ်အောင်တော့ ရိုက်ရမှာပါ။ ဒါပေမဲ့ ဇာတ်လမ်းပိုင်းကကျတော့ ကိုယ်မကြိုက်တဲ့ ဇာတ်လမ်းတွေ အရမ်းများတော့ မရိုက်ဘဲနေတယ်။ ကျွန်တော့်ကားတွေမှာဆိုလည်း “နို့ဘီလူး”၊ “မာယာစတိုင်”၊ “ထဘီကျွတ်၍ လွှတ်လိုက်သည်” ကားတွေလောက်ပဲ ထိထိမိမိ ရှိခဲ့တယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာတော့ ကိုယ့်အတွက် လုပ်ခွင့်ရမယ့် ရုပ်ရှင်ကားမျိုးတွေ များများရပါစေလို့ ဘုရားမှာ ဆုတောင်းရတာပေါ့နော်။

Voice : နောက်ပိုင်းမှာ ဇာတ်လမ်းပုံစံတွေကို အပြောင်းအလဲ လုပ်ပြီး ရွေးချယ်သွားမှာလား။
ZYH : ကျွန်တော့်အတွက် ရုပ်ရှင်ကားတွေမှာက အခွင့်အရေးရတာ နည်းပါသေးတယ်။ အခွင့်အရေး ရတာက ဗီဒီယိုကား တွေမှာပဲရှိတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ရုပ်ရှင်ကားပဲ ရိုက်ရိုက်၊ ဗီဒီယိုကားပဲရိုက်ရိုက် ကိုယ်လုပ်နိုင်မယ့်၊ အကောင်းဆုံး ဖြစ်နိုင်မယ့်ဇာတ်ကိုသာ ရွေးချယ်ပြီးရိုက်ကူးတယ်။ ဥပမာ- ဖျော်ဖြေရေးကားဆိုရင် ဖျော်ဖြေရေးကားနဲ့တူအောင် ရိုက်ပါတယ်။ ကျွန်တော်ရိုက်ခဲ့တဲ့  ဗီဒီယိုကားပေါင်းလည်း တော်တော်လေးကို များနေပါပြီ။ ကျွန်တော်ရပ်တည်နိုင်တယ်ဆိုတာကလည်း ဇာတ်လမ်းတွေ ရွေးချယ်ခဲ့တယ်။ ဇာတ်ရုပ်တွေကို ကိုယ်ကိုယ်တိုင် မတူညီအောင် အသံကအစ၊ အက်တင်ကအစ လုပ်ဆောင်ပါတယ်။

Voice : ဗီဒီယိုဈေးကွက် ပျက်နေတဲ့အချိန်မှာ ကိုယ်က ဗီဒီယိုကားတွေကို ရိုက်တာများတော့ ပိုပြီးကြိုးစားရတဲ့ အပိုင်းတွေရှိလား။
ZYH : ကျွန်တော်တို့က ကားတစ်ကားကို ခုနစ်ဂျူတီ၊ ရှစ်ဂျူတီလောက် ရိုက်ရတယ်။ ကျွန်တော်ဆို ရိုက်ကွင်းကို နံနက် စောစောသွားတယ်။ တစ်ရက်ကို ဇာတ်ဝင်ခန်း ဆယ်ခန်းလောက် ပြီးအောင်ရိုက်ရမယ်ဆိုရင် ကိုယ့်ဘက်ကနေ အစွမ်းကုန် လုပ်တယ်။ အဲ့ဒါကြောင့် အရမ်းပင်ပန်းတယ်။ ပြီးတော့ ကိုယ်ရိုက်ချင်တဲ့ ပုံစံရဖို့အတွက် အခက်အခဲတွေက အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ်ရိုက်ထားတဲ့ကားကို အရည်အသွေး ကောင်းဖို့၊ ကြည့်တဲ့သူကလည်း ပေးရတဲ့ငွေနှစ်ရာ၊ သုံးရာနဲ့ တန်အောင် ကြည့်ပျော်ဖို့ ကြိုးစား ဖန်တီးတယ်။ တစ်ခါတလေ ရိုက်ကွင်းမှာ လိုအပ်တဲ့ပစ္စည်းကအစ ကျွန်တော်ကိုယ်တိုင်ငှားပြီး ကိုယ့်ကားကိုကောင်းအောင် လုပ်ပါတယ်။

ဝင်းထွန်းနိုင်

  • TAGS