News

POST TYPE

ENTERTAINMENT

ထက်ထက်မိုးဦးနဲ့ တွေ့ဆုံခြင်း
11-Sep-2017 tagged as

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ တွေ့ဆုံပြီး၊ လက်ရှိ ရိုက်ကူးနေတဲ့ မိုးကောင်းကင်အိပ်မက် ရုပ်သံဇာတ်လမ်းတွဲအကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများအကြောင်း၊ ယခင်ခေတ်နဲ့ ယခုခေတ် ကြော်ငြာရိုက်ကူးမှု အတွေ့အကြုံတွေ ကွာခြားတဲ့အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မထက်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်းကနေ စပြီး ပြောပြပေးပါဦး။
HHMO : ထက်ထက် အခု MRTV-4 က ရိုက်တဲ့ မိုးကောင်းကင် အိပ်မက်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ရက်မရှိတဲ့ နေ့တွေဆိုရင်တော့ ကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ဒီလကုန်မှာ ဝိန့်စိန်ရွှေဆိုင် ကြော်ငြာရိုက်ဖို့ ရှိတယ်။ ပြီးရင်တော့ မန္တလေး သွားပြီးတော့ စိန်စံပ္ပာယ်ဖူး စိန်တိုက်ကြော်ငြာ ရိုက်မယ်။ ဇာတ်လမ်းတွဲ ရိုက်နေရင်းနဲ့ အားတဲ့ရက်ကလေးတွေကို ပြန်ယူပြီး ကြော်ငြာလေးတွေ လက်ခံရိုက်ကူးပေးနေတာပါ။

Voice : မိုးကောင်းကင်အိပ်မက်က မထက်အတွက် ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်မယ်ထင်တယ်နော်။
HHMO : ဇာတ်လမ်းလေးကလေ ရိုက်ရတာ နည်းနည်းတော့ ခက်ခဲတယ်။ ဘာလို့လဲဆို တော့ ဇာတ်ဝင်ခန်း တော်တော်များများကလေ ဒေါသထွက်တဲ့ အခန်းတွေပဲ သရုပ်ဆောင်ရတာဆိုတော့ မောလည်းမောတယ်။ ကိုယ်ကလည်း အဲ့ဒီလို ရိုက်နေကျမဟုတ်တော့လေ။ နင်တို့ ငါ့ကို လူမှားပြီး ငှားပြီလား မသိဘူးလို့။ ငါလည်း မောလိုက်တာ။ ဒေါသတွေကြီး အခန်းတိုင်း ထွက်နေရတော့လေ။ ရိုက်ရတာ နည်းနည်းတော့ ပင်ပန်းပါတယ်။

Voice : ဒီဇာတ်လမ်းတွဲမှာ မထက် သရုပ်ဆောင်ရတဲ့ ကာရိုက်တာကရော ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
HHMO : ဒီဇာတ်လမ်းတွဲမှာ ထက်ထက်က Music Production တစ်ခုကို ထူထောင်ထားတဲ့ ပိုင်ရှင်ပေါ့။ ဂီတဝါသနာရှင် အသစ်ကလေးတွေကို မွေးထုတ်ပေးတယ်။ သူတို့ကို ကောင်းစေချင်လို့၊ နာမည်ကြီးစေချင်လို့ ပြောဆို၊ ဆုံးမရတယ်။ ကိုယ့် စကားကို နားမထောင်တဲ့အခါကျတော့ ဒေါသတွေ ထွက်ရတာပေါ့။ ကိုယ်က သူတို့ကို အမှား မတွေ့စေချင်ဘူး။ ရှုပ်ရှုပ်ယှက်ယှက်တွေ မလုပ်စေချင်ဘူး။ ဒေါသထွက်ရတဲ့ အခန်းလေးတွေ များများပါတော့ မောတော့ မောတယ်။

Voice : ဒီဇာတ်လမ်းတွဲကို ထိုင်းဒါရိုက်တာက ရိုက်ကူးပေးတာဆိုတော့၊ သူတို့ရဲ့ ရိုက်နည်းရိုက်ဟန်တွေကိုရော ဘယ်လို သုံးသပ်မိလဲ။
HHMO : ထက်ထက်တို့ကို ရိုက်ပြီးရင်တော့ သူတို့က မော်နီတာထဲမှာ ပြန်ပေးကြည့်ပါတယ်။  မကြိုက်ဘူးဆိုရင် သူတို့လည်း ပြန်ရိုက်တယ်တဲ့။ ထက်ထက်ကိုလည်း မကြိုက်ရင် ပြောပါ။ ပြန်ပြီး ရိုက်ပေးမယ်လို့ ပြောပါတယ်။ ထက်ထက်လည်း ရိုက်ပြီးသွားလို့ ကိုယ်အားမရတဲ့အခန်းတွေ ဆိုရင်တော့ ပြန်ရိုက်ရတာပေါ့။ နှစ်ရက်လောက်က နေမကောင်းဖြစ်နေရက်နဲ့ ရိုက်ရတော့ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ကိုယ်လုပ်ပြချင်သလောက် လုပ်မပြနိုင်မှာကို စိုးရိမ်ခဲ့တာပေါ့နော်။

Voice : ကိုယ့်အတွက် ထူးထူးခြားခြား လုပ်ပြခွင့်ရမယ့် ဇာတ်ဝင်ခန်းမျိုးတွေရောပါလား။
HHMO : ဒီဇာတ်လမ်းတွဲမှာ ထက်ထက်က အမေနေရာက သရုပ်ဆောင်ရတာပါ။ ကိုယ့်မှာက သားတစ်ယောက်လည်း ရှိတယ်။ သားကလည်း ဆိုးတယ်။ ကိုယ်နဲ့ တွဲရိုက်ရတဲ့သူကလည်း သရုပ်ဆောင်နေကျ မဟုတ်တော့၊ နည်းနည်းတော့ ခက်ခဲတယ်။ ရိုက်တဲ့အခါမှာလည်း အချိန်တော့ နည်းနည်း ယူရတာပေါ့။ ကိုယ့်ရဲ့စိတ်တွေကိုလည်း ပြင်ဆင်ရတာပေါ့။ ဒီဇာတ်လမ်းမှာ ကိုယ်က စီးပွားရေးလည်း လုပ်ရတယ်။ မိသားစုကိစ္စတွေကလည်း ရှိသေးတယ်။ ကိုယ့်သားကိုလည်း လိမ္မာစေချင်တယ်။ ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်တာလည်း မကြိုက်ဘူးပေါ့။

Voice : ဇာတ်ကားတွေကိုရော အရင်လို ပုံမှန်အတိုင်း ပြန်ရိုက်သွားတော့မှာလား။
HHMO : ဇာတ်ကားတွေကတော့ ရိုက်သွားမှာပါ။ နောက်ပိုင်းကျရင်လည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးတွေ ကမ်းလှမ်းလာရင် ရိုက်ဖြစ်မှာပါ။ ငယ်ငယ်ကနဲ့တော့ မတူတော့ဘူးပေါ့လေ။ ကိုယ်လည်း အရွယ်တစ်ခုကို ရောက်လာပြီဆိုတော့၊ ကိုယ့်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးတွေကိုတော့ လက်ခံပြီး ရိုက်ဖြစ်မှာပါ။ ဇာတ်ကား အရေအတွက် အများကြီး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ထက်ထက် ပရိသတ်အတွက် ရိုက်တဲ့ဇာတ်ကားတိုင်းမှာတော့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။

Voice : ကြော်ငြာမှာ ထက်ထက်မိုးဦး ဆိုတာက တစ်ခေတ် ရှိခဲ့တယ်နော်။ ဒီအရွယ်မှာရိုက်ဖြစ်တဲ့ ကြော်ငြာတွေမှာကျတော့ အက်တင်ကို ဘယ်လိုစဉ်းစားပြီး လုပ်ဖြစ်လဲ။
HHMO : အဲ့ဒါကလေ ဒီဘက်ခေတ်မှာရိုက်တဲ့ ကြော်ငြာတွေက ထက်ထက်တို့ အရင်တုန်းက ရိုက်ခဲ့တာတွေနဲ့ မတူတော့ဘူး။ ရိုက်တဲ့ ဒါရိုက်တာတွေရဲ့ အမြင်ချင်းလည်း မတူတော့ဘူး။ နောက်ပြီး အခုဟာက IT ခေတ် ရောက်သွားပြီဆိုတော့ သီချင်းတွေဆိုပြီး သရုပ်ဆောင်ရတာမျိုး မဟုတ်တော့ဘူး။ ရိုက်တဲ့ပုံစံတွေက အရမ်းကို ခေတ်မီလာတော့ ကိုယ်လည်း လုပ်ရတာ သက်သာတယ်။ အရင်တုန်းကဆို ကြော်ငြာတစ်ခုအတွက် ကတ်လေးငါးဆယ် ရိုက်ရတာ အရမ်းပင်ပန်းတယ်။ အခုဆို သူတို့လိုသလောက် ကတ်ကိုပဲ ရိုက်တာဆိုတော့ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။

Voice : ကိုယ်ငယ်တဲ့ အရွယ်တုန်းကတော့ ဘယ်လိုအက်တင်မျိုးပဲ လုပ်လုပ် ချစ်စရာကောင်းနေတယ်။ လက်ရှိအရွယ်မှာကျတော့ရော အရွယ်နဲ့ လိုက်ဖက်တဲ့ အက်တင်မျိုးတွေ စဉ်းစားပြီး လုပ်ရတာမျိုးရောရှိလား။
HHMO : အခုခေတ်ကကျတော့ ကိုယ်က စဉ်းစားစရာ မလိုတော့ဘူး။ ဒါရိုက်တာက အကုန်လုံးကို စဉ်းစားထားပြီးသား၊ အကွက်ချပြီးသားပေါ့နော်။ ဒါလေး၊ ဒါလေး၊ ဒီလို လုပ်ပေးဆိုရင် သူခိုင်းတဲ့ အပေါ်မှာပဲ ကိုယ်ကြိုးစားပြီး အကောင်းဆုံး လုပ်ပေးတာပါပဲ။ အရင်တုန်းကကျတော့ ကြော်ငြာတစ်ခုရိုက်ရင် ဘယ်လို အက်တင်မျိုး လုပ်ရမလဲဆိုတာကို ကိုယ်တိုင် စဉ်းစားရတာပေါ့နော်။ တစ်ခုနဲ့ တစ်ခု အက်တင် မတူအောင်လည်း စဉ်းစားရတယ်။ ဒီဘက်ခေတ်မှာကျတော့ ဒါရိုက်တာခိုင်းတဲ့အတိုင်း ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် လုပ်ပေးရုံပါပဲ။

Voice : မထက်ကို ယနေ့တိုင် အားပေးနေဆဲဖြစ်တဲ့ ပရိသတ်တွေကိုရော ဘာများဖြည့်စွက် ပြောကြားချင်သေးလဲ။
HHMO : ထက်ထက်ကို ဒီနေ့ ဒီအချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးလည်း တင်ပါတယ်။ အရမ်းလည်း ချစ်ပါတယ်။ အခုလို အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်တာကလည်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်းပါပါတယ်။ ထက်ထက် ဘက်ကတော့ ကိုယ်လုပ်ခွင့်ရသမျှ အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကိုလည်း အမြဲတမ်း တာဝန်ကျေအောင် ထက်ထက် ကြိုးစားပါတယ်။

သန့်ဇင်ဦး

  • TAGS