News

POST TYPE

ENTERTAINMENT

မင်းမော်ကွန်းနဲ့ တွေ့ဆုံခြင်း
10-Aug-2017 tagged as

နာမည်ကျော် သရုပ်ဆောင် မင်းမော်ကွန်းနဲ့ တွေ့ဆုံပြီး “Rose Rider”ရုပ်ရှင်ဇာတ်ကားအကြောင်း၊ မြေပဲယိုအဖွဲ့ရဲ့ ရှိုးပွဲအကြောင်းနဲ့ စီးရီးသစ် အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : နှင်းဆီအဖွဲ့သားတွေ ပူးပေါင်း ထုတ်လုပ်ရိုက်ကူးတဲ့ “Rose Rider” ရုပ်ရှင်က ပရိသတ်တွေ မျှော်ရကျိုးနပ်မယ့် ဇာတ်ကားတစ်ကား ဖြစ်နိုင်မလား။
MMK : ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်ကအစ ကျွန်တော်တို့ မကန့်သတ်ထားဘူး။ ပြင်ဆင်မှုတွေကိုလည်း အများကြီး လုပ်ထားတယ်။ ရိုက်ကူးရက်တွေကိုလည်း အချိန် အများကြီး ပေးပြီး ရိုက်မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြိုက်တာ မကြိုက်တာကတော့ ပရိသတ်အပိုင်းပေါ့လေ။ ကျွန်တော်တို့ဘက်ကတော့ ဇာတ်ကားကောင်း တစ်ကားဖြစ်အောင် ကြိုးစားရိုက်ကူးကြမှာပါ။ ထုတ်လုပ်မှု အပိုင်းရော၊ အနုပညာပိုင်းရော၊ ငွေရေး ကြေးရေးအပိုင်းရော၊ ပြင်ဆင်မှုအပိုင်းရော အပြည့်အဝ အားစိုက်ထုတ်ထားကြပါတယ်။

Voice : နောက်ပိုင်းမှာရော နှင်းဆီအဖွဲ့အနေနဲ့ ဇာတ်ကားတွေ ဆက်လက် ရိုက်ကူးသွားဖို့ ရှိဦးမလား။ ကိုယ်တိုင် ထုတ်ရိုက်ကြတဲ့အတွက် အနုပညာ ဖန်တီးမှုပိုင်းမှာ ဘာတွေ ပိုပြီး လုပ်ပြနိုင်မလဲ။
MMK : ကျွန်တော်တို့ ပုံမှန် တစ်နှစ်ကို ရုပ်ရှင်တစ်ကားလောက် ရိုက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ထုတ်ရိုက်တဲ့အတွက် လုပ်ငန်းပိုင်းမှာ ပိုပြီး တွင်ကျယ်တာပေါ့နော်။ ဇာတ်ညွှန်းရော၊ ဇာတ်လမ်းပိုင်းရော၊ သရုပ်ဆောင်ပိုင်းရော၊ စက်ပစ္စည်းပိုင်းရော ဒီအဖွဲ့သားတွေပဲ ပေါင်းလုပ်ကြတာ ဆိုတော့လေ။ ကျွန်တော်တို့ ကိုယ်တိုင်ထုတ် ရိုက်တဲ့အတွက် ထုတ်လုပ်သူကို အားနာစရာ မလိုတော့ဘူးပေါ့လေ။ ကျွန်တော်တို့ စိတ်တိုင်းကျ လုပ်ချင်တဲ့ဟာကို လုပ်လိုက်လို့ရတဲ့ အားသာချက်တော့ ရှိပါတယ်။

Voice : မကြာခင်ရက်ပိုင်းက Yangon Yangon Bar မှာ လုပ်ခဲ့တဲ့ မြေပဲယိုအဖွဲ့ရဲ့ရှိုးက အောင်မြင်ခဲ့တယ်နော်။ ကိုယ်တိုင်လည်း သီချင်းတွေ အများကြီး မဆိုရတာကြာပြီဆိုတော့ ဘယ်လောက်အထိ ကျေနပ်အားရမှု ရှိခဲ့လဲ။
MMK : ကျွန်တော် ပျော်ပါတယ်ခင်ဗျာ။ သီချင်းတွေကို အဲ့ဒီလို အားရပါးရလည်း မဆိုရတာ ကြာပြီဆိုတော့လေ။ Back To Millennium ပွဲမှာကတည်းက မြေပဲယိုအဖွဲ့နဲ့ သီချင်းတွေ ပြန်ဆိုရတဲ့အတွက် အရမ်း ပျော်ပါတယ်။ ရှိုးပွဲညကလည်း လာပြီး အားပေးတဲ့ ပရိသတ်တွေ အကုန်လုံးက ကျွန်တော်တို့ သီချင်းတွေ လိုက်ဆိုပေးကြတဲ့အတွက် ပိုပြီး ပျော်ပါတယ်။ နောက်ထပ်လည်း ဆက်ပြီးတော့ ကြိုးစားပါဦးမယ်။ နိုဝင်ဘာလထဲမှာ Back To Millennium ပွဲစီစဉ်တဲ့သူတွေနဲ့ပဲ ရန်ကုန်မှာ ရှိုးပွဲတစ်ပွဲ လုပ်ဖို့ရှိပါတယ်။ အဲ့ဒီမှာလည်း ကျွန်တော်တို့ မြေပဲယိုအဖွဲ့ ပါပါဦးမယ်။

Voice : မြေပဲယို ရှိုးလုပ်မယ်လို့ ကြေညာကတည်းက အဖွဲ့ဝင်အဟောင်းတွေလည်း ပရိသတ်တွေက ပြန်မြင်ချင်ကြတယ်။ မြေပဲယိုအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကျော်သူစိုးတို့နဲ့ရော အဆက်အသွယ် ရသေးလား။
MMK : ကျွန်တော်တို့ မြေပဲယိုအနေနဲ့ ရှိုးပွဲလုပ်မယ်ဆိုတော့ ကျော်သူစိုးကိုလည်း ဆက်သွယ်ပြီး၊ မေးပါသေးတယ်။ ကိုကျော်ရေတဲ့ ကျွန်တော့်အလုပ်က မအားတော့ အမြဲတမ်း လိုက်ဆိုနိုင်ဖို့က မလွယ်ဘူးတဲ့။ အခွေလုပ်လို့ရှိရင်လည်း လွန်ရောကျွံရော ကျွန်တော် ဆိုနိုင်လည်း တစ်ပုဒ်ပဲတဲ့။ နောက်ပိုင်း ကျွန်တော်တို့ ရှိုးလုပ်ခါနီးမှ သူ ဖုန်းဆက်သေးတယ်။ ရန်ကုန်ကို လာစရာ ရှိတယ်တဲ့။ အဲ့ဒါဆိုရင်တော့ မင်း ဝင်ဆိုမလားလို့မေးတော့ သူ့ဆီက အဖြေမရခဲ့ဘူး။ နောက်ပိုင်းတော့ သူလည်း အလုပ်မအားလို့ ထင်တယ်။ ကျွန်တော်တို့နဲ့ အဆက်အသွယ် ပြတ်သွားတယ်။

Voice : မြေပဲယိုအနေနဲ့ စီးရီးတွေ အများကြီး မထွက်ခဲ့ပေမယ့်၊ အဖွဲ့ကို အားပေးတဲ့ ပရိသတ်တွေ သီးသန့် ရှိနေတဲ့အပေါ် ဘယ်လို ခံစားရလဲ။
MMK : ကျွန်တော်တို့ သီချင်းတွေကို ကြိုက်တဲ့ပရိသတ်တွေ သတ်သတ်ရှိနေတာကို သိရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဒီနှစ်ထဲမှာလည်း မြေပဲယိုရဲ့ စီးရီးသစ် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းပိုင်းရော၊ Music Arrangement ပိုင်းတွေရော အားလုံးကို စိတ်တိုင်းကျအောင် လုပ်ပြီးတော့မှပဲ ပရိသတ်တွေကို ချပြချင်ပါတယ်။

Voice : သီချင်းပုံစံတွေကရော မြေပဲယို အဖွဲ့ ဆိုနေကျ ပုံစံတွေပဲလား။ အပြောင်းအလဲတွေရော ရှိနိုင်မလား။
MMK : သီချင်းတွေကတော့ မြေပဲယိုအဖွဲ့ရဲ့ ပုံစံတော့ မပျောက်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပုံစံလေးတော့ ဖြစ်သွားမှာ ပေါ့နော်။ ရပ်ပ်ဆိုပေးမယ့် ကျော်သူစိုး မပါတဲ့အတွက်လေ။ ကျွန်တော်တို့ အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ်ကို “ငါ ငါ ငါ”လို့ နာမည်ပေးထားပါတယ်။ ဘာလို့ ဒီနာမည်ပေးထားတာလဲဆိုတော့ မြေပဲယို စီးရီးသစ်မှာ ကျွန်တော်သီချင်း စပြီး ရေးတတ်ခါစတုန်းက ရေးထားတဲ့ သီချင်း တစ်ပုဒ်ပါပါတယ်။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဘဝမှာ ကြုံတွေ့ရတာတွေကို ရေးထားတာပေါ့နော်။ ဒီစီးရီးကို နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလထဲမှာ ထွက်နိုင်အောင် ကြိုးစားမှာပါ။

Voice : စီးရီးသစ်ထွက်ပြီးရင်ရော ရှိုးပွဲတွေ အရင်လို ပြန်ဆိုသွားဖြစ်မလား။
MMK : ကျွန်တော်တို့ မြေပဲယိုရဲ့ “ငါ ငါ ငါ” အယ်လ်ဘမ် ထွက်ပြီးသွားရင်လည်း ရှိုးပွဲတွေ ဆက်ဆိုဖို့ အစီအစဉ် ရှိပါတယ်။ ရန်ကုန်က မြေပဲယိုချစ်တဲ့ ပရိသတ်တွေနဲ့တော့ ဆုံပြီးသွားပြီပေါ့နော်။ တခြားမြို့တွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့လည်း ပြန်ပြီးဆုံချင်ပါတယ်။ စီးရီးသစ်မှာလည်း သီချင်းတွေကို ကျွန်တော်တို့ သေချာ အချိန်ယူပြီး လုပ်ထားကြတာပါ။ အဲ့ဒါကြောင့် ပရိသတ်တွေ အားရကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

သန့်ဇင်ဦး

  • TAGS