News

POST TYPE

ENTERTAINMENT

ထွန်းထွန်းနဲ့ တွေ့ဆုံခြင်း
09-Aug-2017 tagged as

နာမည်ကျော် သရုပ်ဆောင် ထွန်းထွန်းနဲ့ တွေ့ဆုံပြီး၊ နှင်းဆီ အဖွဲ့သားတွေနဲ့ ရိုက်ကူးမယ့် “Rose Rider”ရုပ်ရှင်အကြောင်း၊ အမေရိက ဖျော်ဖြေရေး ခရီးစဉ်အကြောင်း၊ ဩဂုတ်လအတွင်း ရုံတင်ပြသမယ့် “ပွဲခံမယ်”ရုပ်ရှင်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : Rose Rider ရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသမီးအဖြစ် ဇွန်လေးဖြူကို ရွေးချယ်ခဲ့တာနော်။ သူ့ကို ဘယ်အချက်တွေကြည့်ပြီး ရွေးချယ်ခဲ့တာလဲ။
TT : ဒီဇာတ်ကားအတွက် မင်းသမီး ရွေးတဲ့နေရာမှာ ကျွန်တော်တို့မင်းသား ငါးယောက်ထက် ဇာတ်ညွှန်းသမားနဲ့ ဒါရိုက်တာဖြစ်တဲ့ ဦးမျိုးမင်းတို့က အဓိကကြည့်ပြီး ရွေးကြတာပါ။ ကျွန်တော်တို့က လာကြည့်ပြီး နှမ်းဖြူးတဲ့အဆင့်ပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းသမီးနေရာအတွက် လာအရွေးခံတဲ့သူ အယောက် သုံးထောင်ထဲကမှ၊ အယောက် ၁၀ဝ၊ အယောက် ၂၀၊ ၅ ယောက် စသဖြင့် အဆင့်ဆင့် ရွေးခဲ့ရတာဆိုတော့လေ။ နောက်ဆုံး ဆန်ခါတင် ငါးယောက်လုံးကလည်း Rose Rider ရုပ်ရှင်မှာပါမယ့် မင်းသမီး ကာရိုက်တာနဲ့ လိုက်ဖက်အညီဆုံး ဖြစ်မယ့်သူတွေကို ဆွဲထုတ်ထားတာပါ။ ဒီဇာတ်ကားမှာပါရမယ့် မင်းသမီးက ရိုးသားဖြူစင်ရမယ်၊ အပြစ်ကင်းစင်ရမယ်၊ သဏ္ဌာန်လုပ် သရုပ်တူအောင်ဆိုပြီး ဇွတ်လုပ်နေစရာလည်း မလိုဘူးဗျ။ အဲ့ဒီအချက်တွေကို ကြည့်ပြီးတော့ ရွေးတယ်ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ဘေးကနေ ဝင်ပြီး နှမ်းဖြူးရုံပါ။

Voice : စက်တင်ဘာလထဲမှာ နှင်းဆီအဖွဲ့က အမေရိကကို ဖျော်ဖြေရေးခရီး သွားကြတော့မှာနော်။ ဘာတွေ ပြင်ဆင်ထားကြပြီးပြီလဲ။
TT : ကျွန်တော်တို့ ပြည်ပကို ပြီးခဲ့တဲ့ နှစ်ခေါက် သုံးခေါက်တုန်းကလည်း ဖျော်ဖြရေးခရီးတွေ သွားခဲ့ဖူးပါတယ်။ အငြိမ့် ကတယ်။ သီချင်းတွေ ဆိုကြတယ်။ ပြက်လုံးတွေ ထုတ်ကြတယ်ပေါ့။ ဒီတစ်ခေါက် အမေရိက ခရီးစဉ်အတွက်လည်း ကြိုတင် ပြင်ဆင်ထားတာလေးတွေတော့ ရှိပါတယ်။ ပြက်လုံး အသစ်လေးတွေ ကြိုပြင်ထားတာ ရှိတယ်။ မသွားခင်မှာ အငြိမ့်လည်း သေချာ တိုက်ကြဦးမှာပါ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်တို့အဖွဲ့ရဲ့ ထုံးစံအတိုင်း အကောင်းဆုံး ပြင်ဆင်ပြီးတော့မှပဲ အမေရိက ဖျော်ဖြေရေး ခရီးစဉ်ကို သွားကြမှာပါ။

Voice : ဒါရိုက်တာ စတီးလ်နဲ့ လက်ရှိရိုက်ကူးနေတဲ့ “ပီဇာ”ရုပ်ရှင်က အခြေခံ လူတန်းစား ဘဝသရုပ်ဖော် ဇာတ်လမ်းမျိုးလား။ အခုနောက်ပိုင်း ဘဝဆန်တဲ့ ဇာတ်ကားတွေ တော်တော် ရိုက်ဖြစ်တယ်နော်။
TT : ပီဇာ ရုပ်ရှင်ဇာတ်ကားကတော့ ကျွန်တော်ရှေ့မှာ ရိုက်ထားတဲ့ ဇာတ်ကားတွေနဲ့ တော်တော်လေး ပုံစံကွဲပါတယ်။ ဒီလို ကာရိုက်တာမျိုး ကျွန်တော်တစ်ခါမှ မလုပ်ဖူးသေးဘူး။ ပီဇာ ဇာတ်ကားမှာ ကျွန်တော်က အမှိုက်ကောက်သမား တစ်ယောက်နေရာက သရုပ်ဆောင်ရတာပါ။ သူက တအား ဆင်းရဲတယ်။ ဒါပေမဲ့ တောင်းစားမနေချင်တဲ့အတွက် အမှိုက်ကောက်စားတယ်။ သူ့ရဲ့စိတ်က ဖြူစင်တယ်။ လူ့စိတ်သဘော သဘာဝကို ပိုက်ဆံဆိုတဲ့ အရာကြီးက တအား ပြောင်းလဲပေးလိုက်တယ်။ အဲ့ဒီလို သဘာဝကျတဲ့ ဇာတ်လမ်းမျိုးတွေ ရိုက်ရတာကို ကျွန်တော် နှစ်သက်ပါတယ်။

Voice : အမှိုက်ကောက်တဲ့လူတစ်ယောက်ရဲ့ ဇာတ်ရုပ် ပီပြင်ဖို့အတွက်ကျတော့ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခဲ့ရလဲ။
TT : အဓိကကတော့ ဇာတ်ညွှန်းကို သေချာဖတ်တယ်။ ဒါရိုက်တာရဲ့ ညွှန်ကြားချက်ကို နားထောင်ပြီးတော့ သေချာပြင် ဆင်ပါတယ်။ သူတို့တွေ မျက်စိထဲမှာ မြင်ထားတဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ်လာအောင် ကျွန်တော့်ဘက်က မဖြစ်မချင်းကို ကြိုးစားပြီးတော့ သရုပ်ဆောင်ပေးရတယ်။ ကျွန်တော်လုပ်ချင်တာ လုပ်တာထက်၊ သူတို့က ဇာတ်လမ်းအကြောင်းကို ကျွန်တော့်ထက် ပိုပြီးသိတဲ့အတွက် သူတို့လိုချင်တဲ့ပုံစံ ဖြစ်အောင်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး သရုပ်ဆောင်ပါတယ်။ ဇာတ်ရုပ်နဲ့ ထပ်တူ ကျ မကျ ဆိုတာတော့ ဇာတ်ကားရုံတင်ရင် ပရိသတ်တွေက အကဲဖြတ်ပေးစေလိုပါတယ်။

Voice : ခေါင်းဆောင် မင်းသားနေရာက တစ်ကျော့ပြန် ရိုက်ခွင့်ရတဲ့အချိန်မှာ ဇာတ်ရုပ်အကြမ်းတွေ ရိုက်တာ ပိုများနေတယ်နော်။ အဲ့ဒါက ထုတ်လုပ်သူတွေရဲ့ ရွေးချယ်မှုလား။ ထွန်းထွန်းရဲ့ ရွေးချယ်မှုလား။
TT : အဲ့ဒါကတော့ ပရိုဂျူဆာ စိတ်ကြိုက်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်ကို ပေါ့ပေါ့လေး သူတို့တွေ မလုပ်စေချင်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အက်တင်ကို လေးလေးနက်နက် လုပ်ရမှ ကျေနပ်လာတဲ့ အသက်အရွယ်လည်း ဖြစ်လာတယ်။ ဆိုလိုချင်တာကတော့ ဟာသပဲဖြစ်ဖြစ်၊ ဒရာမာပဲဖြစ်ဖြစ်၊ အက်ရှင်ပဲဖြစ်ဖြစ် ကျွန်တော့်အသက်အရွယ်နဲ့ ကျွန်တော်လုပ်ရတဲ့ အက်တင်တွေကို ပျော်မွေ့နေတယ်ဆိုရင် အမြဲတမ်း ကြိုးစားနေဦးမှာပါပဲ။ ဟာသကားလေးတွေ၊ ဖန်စီ ဇာတ်ကားလေးတွေလည်း ရိုက်သွားမှာပါ။ ပွဲခံမယ်တို့လို ကိုယ့်ကို ကာရိုက်တာ လုံးဝ ပြောင်းသွားစေမယ့် ဇာတ်ကားမျိုးတွေလည်း ရိုက်မှာပါ။

Voice : မကြာခင် ရုံတင်တော့မယ့် ပွဲခံမယ် ရုပ်ရှင်နဲ့ ဒီနှစ် အကယ်ဒမီဆုပေးပွဲမှာလည်း ထွန်းထွန်း ပွဲခံနိုင်မယ်လို့ ပရိသတ်တွေကတော့ ထင်ကြေးပေးနေကြပြီနော်။ ကိုယ်တိုင်ရဲ့ ရင်ခုန်မှုကရော ဘယ်လိုရှိလဲ။
TT : ကျွန်တော်ကတော့ ရုံမှပဲ အရင်ပွဲခံစေချင်တာပါ။ ကျန်တာကတော့ နောက်မှပေါ့။ ကျွန်တော့်ဇာတ်ကားလေးကို ပရိသတ်တွေ လာကြည့်ပြီးတော့ ဝေဖန်ပေးကြတယ်၊ ကြည့်ပေးကြတယ်ဆိုရင်ပဲ ကျေနပ်လှပြီ။ ဒီဇာတ်ကားက ကျွန်တော် အလုပ်တွေ ပြန်ကြိုးစားတဲ့အခါမှာ ခေါင်းဆောင်အနေနဲ့ ပထမဆုံး ပြန်ရိုက်ခွင့်ရတဲ့ ဇာတ်ကား ဖြစ်နေတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အပြင်ထွန်းထွန်းနဲ့ မတူတဲ့ ကာရိုက်တာတစ်ခုကို တော်တော်ကြိုးစားပြီး သရုပ်ဆောင်ထားတဲ့အတွက် အရမ်း ရင်ခုန်ပါတယ်။ ပရိသတ်တွေလည်း အကဲဖြတ်အားပေးကြဖို့ ဖိတ်ခေါ်ချငိပါတယ်။

Voice : ပွဲခံမယ် ရုပ်ရှင်မှာ ထွန်းထွန်း သရုပ်ဆောင်ရတဲ့ “ရာကျော်”ဆိုတဲ့ ဇာတ်ကောင်ကရော ဘယ်လိုပုံစံမျိုးလဲ။
TT : အဲ့ဒီကားထဲမှာ ကျွန်တော် သရုပ်ဆောင်ရတဲ့ ရာကျော် ဇာတ်ကောင်က အပြင်မှာ ထွန်းထွန်းကို မြင်နေတဲ့ ပုံစံ၊ ပြောဟန်ဆိုဟန်တွေနဲ့ မတူပါဘူး။ စိတ်လည်း မတူပါဘူး။ ဒီကားကို ကျွန်တော်တို့ ပုပ္ပားမှာ သွားရိုက်ထားတယ်။ ဒါရိုက်တာ ဦးစတီးလ် လိုချင်တဲ့အတိုင်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ကိုခန့်စည်သူ၊ ကိုနေမျိုးအောင်နဲ့ အိချောပိုတို့ကလည်း ကျွန်တော့်ကို ကူညီအားဖြည့် ပံ့ပိုးပေးထားပါတယ်။ 

သန့်ဇင်ဦး

  • TAGS