News

POST TYPE

ENTERTAINMENT

အဝေးဆုံး … အဝေးဆုံးကို ထွက်သွားသူ အဆိုတော် ခိုင်ထူး
09-Aug-2017 tagged as

ကိုမောင်မောင်(အဉ္ဇလီ)၊ ကိုနေဝင်း၊ ဂျေမောင်မောင်၊ ရာပြည့်တို့၏ သီချင်းများနှင့်အတူ ဂီတမှတ်တိုင် ခိုင်ခိုင်မာမာ စိုက်ထူထားနိုင်ခဲ့သည့် အဆိုတော် ခိုင်ထူး ယနေ့ (သြဂုတ်လ ၉ ရက်) မွန်းလွဲပိုင်းက ကွယ်လွန်သွားပြီဖြစ်သည်။

ကင်ဆာဝေဒနာ ခံစားနေရသော တေးသံရှင် ခိုင်ထူးမှာ ယနေ့ (သြဂုတ်လ ၉ ရက်) မွန်းလွဲ ၃ နာရီ ၂၄ မိနစ်က ပါရမီဆေးရုံတွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဂီတလောကတွင် ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ ခတ္တာ၊ အဝေးဆုံး စသည့် သီချင်းများ အပါအဝင် နာမည်ကျော် သီချင်းများစွာဖြင့် အောင်မြင်မှု ရရှိခဲ့သည့် တေးသံရှင် ခိုင်ထူးမှာ အစာအိမ် သွေးယိုဝေဒနာဖြင့် ကုသနေရာမှ ယနေ့ (သြဂုတ်လ ၉ ရက်) မွန်းလွဲ ၃ နာရီ ၂၄ မိနစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

အဆိုတော် ခိုင်ထူးမှာ အစာအိမ် သွေးယို ဝေဒနာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ခွဲစိတ်ကုသဆောင်တွင် တက်ရောက် ကုသနေသော်လည်း လာရောက် ကြည့်ရှုသူ အနည်းငယ်သာ ရှိခဲ့သည်။

ရောဂါမသက်သာသည့်အပြင် ဆေးကုသရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

ယင်းအကြောင်းကို ဂီတမောင်နှမများက လူမှုကွန်ရက် ဖေ့စ်ဘုတ်များတွင် ရေးသားရာမှ ပရိသတ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ရသည်။ 

ဂီတမှူး ဥက္ကဦးသာက “အဖိုးလေး ကိုခိုင်ထူး Bangkok က Samithejav ဆေးရုံမှာ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာအောင် ကုသမှု ခံယူနေတဲ့အကြောင်းကို ပရိသတ်များနဲ့ ပါဝင်ကူညီလှူဒါန်းကြတဲ့ မိတ်ဆွေ ညီအကိုမောင်နှမများအား အသိပေးအပ်ပါတယ်၊ ရေရှည်ကုသနိုင်ဖို့ ခုချိန်မှာ ငွေအားများများ လိုအပ်ပါတယ်၊ ဒါကြောင့် တတ်နိုင်သမျှလေးတွေ ကူညီနိုင်ဖို့ နှိုးဆော်ပါတယ်ခင်ဗျာ”ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ရောဂါမသက်သာသည့်အတွက် ရင်းနှီးသည့် ဂီတလောကမှ မိတ်ဆွေများနှင့် ပရိသတ်များ၏ လှူဒါန်းငွေများဖြင့် ဩဂုတ်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Samithe Jay ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူခဲ့သည်။

ယင်းဆေးရုံတွင် တေးသံရှင် ခိုင်ထူးကို ဆေးဝါးကုသမှု ခံယူခဲ့ရာတွင် Pancreas Cancer ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သော်လည်း ရောဂါအခြေအနေမှာ လက်လျှော့ရမည့် အနေအထားမျိုး ဖြစ်နေသောကြောင့် ဩဂုတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံကို ပြန်လည် ခေါ်ဆောင်လာခဲ့ပြီး ပါရမီဆေးရုံသို ပို့ဆောင် ကုသပေးခဲ့သည်။

ယနေ့တွင်တော့ သူချစ်သော၊ သူ့ကိုချစ်သော ပရိသတ်များကို နှုတ်မဆက်ဘဲ အဝေးဆုံးကို ထွက်ခွာသွားခဲ့ပြီ။

အဆိုတော် ကော်နီက သူမ၏ ဖေစ်ဘုတ်စာမျက်နှာတွင် “အားလုံး ချစ်ကြခင်ကြတဲ့ ဦးခိုင်ထူး(ဖိုးလေး) ဆုံးပြီတဲ့ ရင်ထဲ အလွန် မကောင်းဖြစ်ရပါတယ်။ ဖိုးလေးနဲ့ ခင်ခဲ့ကြတဲ့ သက်တမ်းတစ်လျှောက် ဖိုးလေးရဲ့ သွန်သင်ဆုံးမမှုတွေ ရင်ထဲမှာ ခံယူမှတ်သားခဲ့သလို အတုယူစရာရှိတဲ့ အနုပညာအပေါ် ထားရှိတဲ့စိတ်ဓာတ်တွေကို သင်ယူနိုင်ခဲ့ပါတယ်။ အားငယ်သူ နိမ့်ကျသူတွေအပေါ် ကိုဖိုးလေး အမြဲပေးကမ်းစွန့်ကျဲတတ်တဲ့စိတ်လေး။ ဒါ ဖိုးလေးဆီက အတုယူခဲ့တဲ့စိတ်လေးပါ။ ဖိုးလေးရေ ရင်ထဲ မကောင်းလိုက်တာ ဒီရက်ထဲ ဖိုးလေး ကောင်းရာဘုံဘဝ ရောက်ဖို့ပဲ ဆုတောင်းနေခဲ့တာပါ။ အနုပညာအပေါ် မိသားစုအပေါ် သိပ်ကိုတာဝန်ကျေချင်တဲ့ ဖိုးလေး ကောင်းရာဘုံဘဝမှာ သူတော်ကောင်းများနဲ့ ဆုံတွေ့နိုင်ပါစေ” ဟု ရေးသားထားမှုမှာ ကိုခိုင်ထူး၏ စိတ်နေစိတ်ထားကို လှစ်ဟပြလိုက်သကဲ့သို့ ဖြစ်သည်။

ယနေ့တွင်တော့ တေးသံရှင် ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ်၊ စစ်နဲ့ငြိမ်းချမ်းရေး၊ ခတ္တာ၊ အဉ္ဇလီ၊ သိလား၊ စစ်ကိုင်းလမ်း၊ လွမ်းရေး ခက်ခက်၊ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်၊ ဆို၊ နေရာဟောင်းမှာ၊ အိမ် အလွမ်း၊ စသည့် သီချင်းများမှာ လူမှုကွန်ရက် စာမျက်နှာများထက်တွင် ပြန်လည် လွှမ်းမိုးသွားခဲ့ပြီဖြစ်သည်။

  • TAGS