News

POST TYPE

ENTERTAINMENT

မယ်လိုဒီနဲ့ တွေ့ဆုံခြင်း
10-Jul-2017 tagged as

အနုပညာအလုပ်တွေကို တစ်ကျော့ပြန်လုပ်နေပြီဖြစ်တဲ့ သရုပ်ဆောင်မယ်လိုဒီနဲ့ တွေ့ဆုံပြီး ဇာတ်ရုပ်ရွေးချယ်မှုတွေအကြောင်း၊ အရွယ်နဲ့ မလိုက်အောင် လိမ္မာတဲ့သားလေး အကြောင်းနဲ့အတူ သာယာပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုအကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : “မာယာများတဲ့အချစ်”ရုပ်ရှင်ကားထဲမှာ နန်းခင်ဇေယျာရဲ့ အဒေါ်နေရာကနေ သရုပ်ဆောင်ထားတာဆိုတော့ အဒေါ်ဇာတ်ရုပ်က ကိုယ့်အတွက် စောသေးတယ်လို့ မထင်မိဘူးလား။
MLD : ဇာတ်ရုပ်တစ်ခုက ကိုယ်လုပ်နိုင်တယ် ဆိုရင်တော့ စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ သင့်တော်တယ်၊ မသင့်တော်ဘူး ဆိုတာတော့ ရှိတာပေါ့နော်။ ဒီကားထဲမှာကျတော့ မျိုးက အဒေါ်ဆိုပေမယ့်လည်း ဆံထုံးကြီးထုံးပြီး ဘီးဆံပတ် ပတ်ရတဲ့ အဒေါ်ပုံစံ မဟုတ်ပါဘူး။ မျိုးက ဟော့ရှော့ အဒေါ်ဆိုတော့ အဆင်ပြေပါတယ်။ 

Voice : အနုပညာအလုပ်တွေကို တစ်ကျော့ပြန်လုပ်တဲ့အခါမှာ ဇာတ်ရုပ်ရွေးချယ်မှုတွေက အရင်နဲ့မတူ ကွဲပြားသွားတာမျိုးရှိလား။
MLD : အဓိက ကိုယ်နဲ့မလိုက်ဖက်တဲ့ ဇာတ်ရုပ်ကိုတော့ ထုတ်လုပ်ရေးတွေကလည်း ခေါ်မရိုက်ကြပါဘူး။ ကိုယ်နဲ့ လိုက်ဖက်တယ် ထင်တဲ့ဇာတ်ရုပ်ကိုပဲ ခေါ်ရိုက်ကြတော့ မျိုးအနေနဲ့ အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်သွားမယ်။ ပြီးတော့ မျိုးက ဇာတ်အပေါ်မှာလည်း သစ္စာရှိရမယ်၊ ကိုယ်လုပ်တဲ့အလုပ်ကိုလည်း သေချာလုပ်မယ်လို့ ခံယူထားပါတယ်။

Voice : ကိုယ့်အတွက် ထူးထူးခြားခြား ဖြစ်စေမယ့်ဇာတ်ရုပ်မျိုး ရိုက်ဖို့ လက်ခံထားတယ်လို့လည်း သိရတယ်။
MLD : ဟုတ်ပါတယ်။ လာမယ့် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလလောက်ကျရင်တော့ မျိုး လုံးဝ မရိုက်ဖူးသေးတဲ့ ဇာတ်ရုပ်တစ်ခု ရိုက်ဖို့ရှိပါတယ်။ မျိုးဘဝမှာ သရုပ်မဆောင်ဖူးသေးတဲ့ဇာတ်ပါ။ မျိုးရဲ့ သရုပ်ဆောင်သက်တမ်းမှာ “အချစ်လား … လာထား”ရုပ်ရှင်ကားထဲက ပန်ကာဆိုတဲ့ဇာတ်ရုပ်ကို ပရိသတ်က သတိထားမိခဲ့တယ်။ ပြီးတော့ အကယ်ဒမီရခဲ့တဲ့ “ထာဝရ အလင်းတန်းများ” ရုပ်ရှင်ကားထဲက မျိုးရဲ့ဇာတ်ရုပ်ကိုလည်း ပရိသတ်က သတိထားမိတယ်။ အဲဒါကြောင့် ဒီကားထဲက ဇာတ်ရုပ်ကလည်း ပရိသတ် ရင်ထဲ ရောက်မယ့်ဇာတ်ရုပ်ဖြစ်အောင် လက်ရှိမှာ ပြင်ဆင်နေပါတယ်။

Voice : သာယာပျော်ရွှင်စရာ ကောင်းတဲ့ မိသားစုဘဝကို ထူထောင်ပြီးတဲ့နောက်မှာ ပရိသတ်က အနုပညာအလုပ်ကို ပြန်လုပ်တော့မှာ မဟုတ်ဘူးလို့တောင် ထင်ကြတာမျိုးတွေရှိတယ်၊ ကိုယ်ကိုယ်တိုင် ပြန်လုပ်ဖြစ်တာက ဘာကြောင့်လဲ။
MLD : အနုပညာသမားတွေက အနုပညာ အလုပ်ကို မလုပ်ဖူးလို့ ပြောပေမယ့်လည်း ရှင်းရှင်းပြောရရင်တော့ မကင်းနိုင်ကြပါဘူး။ တစ်ခုမဟုတ် တစ်ခုနဲ့တော့ ဆက်စပ်နေကြတာပါပဲ။ အဲ့ဒါကြောင့်လည်း ရှေးလူကြီးတွေက အစားကို ကုန်အောင်စား၊ စကားကို ကုန်အောင် မပြောနဲ့ ဆိုပြီး ပြောခဲ့တာနေမယ်။ ပြီးတော့ လက်ရှိအချိန်မှာ ကိုယ်က လူကြီးဖြစ်သွားပြီဆိုတော့ မပြောတော့ဘူး။ တကယ်လို့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုတောင်မှ မပြောရဲတော့ဘူး၊ ကိုယ်လုပ်ဖြစ်တယ်ဆိုမှ ပြောဖြစ်တော့တယ်။ မိခင်တစ်ယောက် ဖြစ်သွားတဲ့အချိန်မှာ စပ်စလူး အရွယ်မှာဖြစ်တဲ့ စိတ်ခံစားချက်နဲ့ တော်တော်လေးကို ကွာသွားတယ်လို့လည်း ပြောရမယ်။ 

Voice : အကယ်ဒမီ ထပ်လိုချင်လို့ လုပ်တာတော့ မဟုတ်ပါဘူးနော်။
MLD : အကယ်ဒမီက ရခဲ့ပြီးပြီဆိုပေမယ့် မျိုး အရိုးသားဆုံး ဝန်ခံရရင် လိုချင်ပါသေးတယ်။ အနုပညာသမားတိုင်းလည်း မျိုးလိုပဲ ဖြစ်မယ်ထင်ပါတယ်။ အဲဒါကြောင့်လည်း ရှေ့ဆက်ပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြီးတော့ အကယ်ဒမီကို ပရိသတ်အတွက် ဆိုတာထက် မျိုးအတွက် လိုချင်တာပါ။ အကယ်ဒမီကို ပရိသတ်ပေးမှ ရမှာဖြစ်သလို အကဲဖြတ်ဒိုင်တွေ ပေးမှလည်းရမှာပါ။ ဒါပေမဲ့ မျိုးကတော့ အကယ်ဒမီကို ထပ်လိုချင်ပါတယ်။

Voice : သားလေးကလည်း ပရိသတ်ရဲ့ချစ်ခြင်းကို ရရှိထားတာဆိုတော့ မိခင် တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
MLD : သားကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ကံကောင်းပါတယ်။ ပြီးတော့ သားက လိမ္မာတဲ့ကလေးပါ။ မျိုးက ကိုယ့်ကလေး ဖြစ်လို့ ပြောတာမဟုတ်ပါဘူး။ သူနဲ့ ထိတွေ့တဲ့သူတိုင်းက ပြောတာပါ။ သားက ဘုရား၊ တရားလည်း မြဲတယ်၊ ကလေးဖြစ်လို့ ဆော့တာမျိုး ရှိပေမယ့် စာဖတ်တာကို အားသန်တယ်။ မိဘအပေါ်ကိုလည်း သိတတ်တယ်။ ဥပမာ - သားသား … မေမေ မကြိုက်ဘူးနော်လို့ပြောရင် သူ့အရွယ်လေးနဲ့ ချက်ချင်းပြင်တယ်။ သားက ၂ နှစ်နဲ့ နှစ်လပဲ ရှိပါသေးတယ်။ အဲဒါကြောင့် မျိုးအနေနဲ့ နောက်တစ်ယောက် ထပ်ယူရမှာကိုတောင် ကြောက်နေတယ်။ သူ့လိုမှ ဖြစ်ပါ့မလား ဆိုပြီးတော့ပေါ့နော်။

Voice : ကလေးနဲ့ အနုပညာ အလုပ်တွေကြား ဟန်ချက်ညီအောင် ဘယ်လို ထိန်းဖြစ်လဲ၊ ခင်ပွန်းကလည်း ကိုယ့်အပေါ် ဘယ်လောက်ထိ နားလည်မှုပေးလဲ။
MLD : တကယ်တော့ ကိုယ်လုပ်နေတဲ့ အလုပ်နှစ်ဖက်စလုံးမှာ ဟန်ချက်ညီ ဖို့ဆိုတာ လွယ်တော့ မလွယ်ပါဘူး။ နေ့တိုင်း သားကို အစစအရာရာ လုပ်ပေးပြီးမှ ရှုတင်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရင်တုန်းကတော့ ကိုယ်က အနုပညာ အလုပ်နားထားတော့ အဆင်ပြေတယ်။ လက်ရှိအချိန်မှာတော့ ကိုယ်က ပြန်လုပ်နေပြီဆိုတော့ သားအတွက် စီစဉ်စရာရှိတာ စီစဉ်ပေးခဲ့ပြီးမှ ထွက်လာရတယ်။ တကယ်လို့ ကိုယ်ပြန်သွားလို့ လုပ်စရာတွေ ကျန်သေးတယ်ဆိုရင်လည်း လုပ်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘနဲ့ သားသမီးက အရမ်းကြီး ကင်းကွာလို့လည်း မကောင်းဘူးလေ။ ပြီးတော့ ယောက်ျားကလည်း မျိုးကို နားလည်ပေးပါတယ်။ လူတစ်ယောက်မှာ သူ့ ဝါသနာပါတာ ရှိတယ်၊ သူ့အလုပ်ရှိတယ်။ အဲဒါကို လက်လွှတ်လိုက်လို့ရှိရင် အဲဒီ လူတစ်ယောက်အတွက်လည်း အဓိပ္ပာယ် မရှိဘူး။ အဲဒါကြောင့် လူတွေအားလုံးက ဟန်ချက်ညီညီ လုပ်နိုင်မယ်ဆိုရင်တော့ မိသားစုနဲ့လည်း အဆင်ပြေနိုင်ပါတယ်။

ဝင်းထွန်းနိုင်

  • TAGS