News

POST TYPE

EDUCATION

ဂျပန်နိုင်ငံ ပညာသင်ဆုများအကြောင်း သိကောင်းစရာ
19-Aug-2016 tagged as

ယနေ့ခေတ်မှာ သတင်းမီဒီယာတွေ ကျယ်ပြန့် လာတာရယ်၊ အင်တာနက် ကွန်ရက်တွေ တွင်ကျယ်လာတာရယ်ကြောင့် ကျောင်းသား လူငယ်တွေ အနေနဲ့ နိုင်ငံခြား ပညာတော်သင် သွားဖို့ အခွင့်အလမ်းတွေ များစွာ ရှိပါတယ်။ မိမိ သွားရောက်လိုတဲ့ နိုင်ငံအလိုက် ပညာသင်ဆုတွေကို အင်တာနက် အသုံးပြုပြီး စုံစမ်းနိုင်ကြပါတယ်။ စာရေးသူ အနေနဲ့ လက်ရှိ ပါရဂူဘွဲ့အတွက် ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ပညာတော်သင် ဆုများအကြောင်း လူငယ်များကို လက်ဆင့်ကမ်း ပြောပြချင်ပါတယ်။ ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံဖြစ်တဲ့အတွက် ပညာရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံမှု အတော်လေး လုပ်နိုင်တာကို တွေ့ရပါတယ်။ ဂျပန်အစိုးရ အပါအဝင် ကုမ္ပဏီများ၊ စက်ရုံများ၊ ဖောင်ဒေးရှင်းများမှ နိုင်ငံတကာ ကျောင်းသား လူငယ်ထုတွေကို ပညာသင်ဆု အမြောက်အမြား ကမ်းလှမ်းထားတာရှိပါတယ်။

ဘယ်လို ပညာသင်ဆုတွေ ရှိသလဲ

(က) Japanese Government (Monbukagakusho: MEXT) Scholarships 
ဂျပန်နိုင်ငံရဲ့ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန (The Ministry of Education, Culture, Sports, Science and Technology of the Japanese Government) က ပေးတဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထား လိုသူတွေဟာ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးမှတစ်ဆင့် သို့မဟုတ် ဂျပန်နိုင်ငံ တက္ကသိုလ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး လျှောက်ထားရပါတယ်။

(ခ) Japanese Student Services Organization (JASSO) Scholarships
ဂျပန် တက္ကသိုလ်တွေကတစ်ဆင့် လျှောက်ထားရတဲ့ ပညာသင်ဆုဖြစ်ပြီး ကာလရှည်၊ ကာလတို ပညာသင်ဆုများကို ချီးမြှင့်လေ့ ရှိပါတယ်။

(ဂ) Local Governments/ Local International Associations Scholarships
ဂျပန်နိုင်ငံ အတွင်းမှာရှိတဲ့ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ဆက်ဆံရေး အဖွဲ့အစည်းတွေကနေ ကမ်းလှမ်းတဲ့ ပညာသင်ဆု ဖြစ်ပါတယ်။ ဒေသအလိုက် မိမိ တက်ချင်တဲ့ မြို့အလိုက် သက်ဆိုင်ရာ ဒေသအစိုးရက ကမ်းလှမ်းတဲ့ ပညာသင်ဆု ဖြစ်ပါတယ်။

(ဃ) Private Foundations Scholarships
ပုဂ္ဂလိက ကုမ္ပဏီများ၊ အဖွဲ့အစည်းများက ကမ်းလှမ်းတဲ့ ပညာသင်ဆုတွေ ဖြစ်ပြီး  စာရင်း ပြုစုထားချက်အရ အဖွဲ့အစည်း ၁ဝဝ ကျော်အထိ ရှိပါတယ်။ အထက်ဖော်ပြပါ (က) မှ (ဃ) အထိ ပညာသင်ဆုတွေနဲ့ ပတ်သက်ပြီး http://www.jasso.go.jp/en/study_j/scholarships/brochure.html မှာ အသေးစိတ် ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

(င) Japan International Cooperation Agency(JICA) ရဲ့ ပညာသင်ဆု အစီအစဉ် တစ်ခုဖြစ်တဲ့ AUN/SEED-NET ပညာသင်ဆု အနေနဲ့ အာဆီယံနှင့် ဂျပန်နိုင်ငံ တက္ကသိုလ်များမှာ မဟာဘွဲ့၊ ပါရဂူဘွဲ့ တက်ရောက်ရန်အတွက် ပညာသင်ဆုတွေကို ကမ်းလှမ်း ထားပါတယ်။ ပညာသင်ဆု လျှောက်ထားရန် လမ်းညွှန်များ၊ လျှောက်လွှာပုံစံများ အားလုံးကို http://www.seed-net.org/application-forms မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

(စ) Japanese Grant Aid for Human Resources Development Scholarship (JDS) ပညာသင်ဆုကို မြန်မာနိုင်ငံ အစိုးရဝန်ထမ်းများ သာမက ပြင်ပ လူငယ်များကိုလည်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှတစ်ဆင့် ပညာသင်ဆု ချီးမြှင့်လေ့ ရှိပါတယ်။ နည်းပညာ တက္ကသိုလ် မှ ဘွဲ့ရပြီး လူငယ်များ အနေနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဝင်ထားခြင်းဖြင့် ပညာ သင်ဆု အခွင့်အရေးများ ရရှိနိုင်ပါတယ်။ ပညာသင်ဆုနဲ့ ပတ်သက်လို့ အသေးစိတ်ကို http://jds-scholarship.org/ မှာ ဖော်ပြ ထားပါတယ်။

ပညာသင်ဆုများရဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းစဉ်တွေက များသော အားဖြင့် တူညီကြပါတယ်။ ကျောင်းသား လူငယ်တွေနဲ့ စိတ်ဝင်စားခဲ့ရင် အရင်းအနှီး နည်းနည်းနဲ့ အမှန်တကယ် စတင်ဖို့သာ လိုပါတယ်။

ပညာသင်ဆုတွေ များလွန်းတဲ့အတွက် ဂျပန် ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ကမ်းလှမ်းတဲ့ MEXT ပညာသင်ဆု အကြောင်းကို ဥပမာအနေနဲ့ အကြမ်းဖျင်း သတင်း မျှဝေချင်ပါတယ်။

MEXT ပညာသင်ဆုကို ဘယ်သူတွေ လျှောက်လို့ ရမလဲ

MEXT ပညာသင်ဆုမှာ အမျိုးအစားတွေ ထပ် ခွဲထားပါတယ်။ မိမိ စိတ်ဝင်စားရာ ဘာသာရပ် အလိုက်၊ အသက်အရွယ် အလိုက် ရွေးချယ် လျှောက်ထားနိုင်ပါတယ်။

(က) Young Leader’s Program (YLP) ပညာသင်ဆုအတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး လုပ်ငန်းတွေမှာ ခေါင်းဆောင် လုပ်နေတဲ့ လူငယ် ခေါင်းဆောင်များ၊ လုပ်ငန်း အတွေ့အကြုံ ရှိပြီးသူများ လျှောက်ထား နိုင်ပါတယ်။ စီးပွားစီမံ ဘာသာရပ်အတွက် အသက် ၃၅ နှစ်အောက် ကန့်သတ်ထားပြီး၊ ပြည်သူ့ရေးရာ စီမံရေး၊ ဆေးပညာ စီမံခန့်ခွဲမှု ဘာသာရပ်တွေအတွက် အသက် ၄ဝ အောက် ကန့်သတ် ထားပါတယ်။ ပညာသင်နှစ် တစ်နှစ်ကာလ ရှိပြီး အာရှနဲ့ အခြားနိုင်ငံများမှ လူငယ် ခေါင်းဆောင်များကို တစ်နှစ်မှာ ၈ဝ ဦးအထိ ပညာသင်ဆု ပေးလေ့ ရှိပါတယ်။ ပညာသင်ဆုကြေး အနေနဲ့ တစ်လကို ၂၄၂,ဝဝဝ ယန်း ရရှိနိုင်ပါတယ်။

(ခ) မဟာဘွဲ့၊ ပါရဂူဘွဲ့ တက်ရောက်ချင်သူများအတွက် သက်ဆိုင်ရာ မိမိတို့ လေ့လာထားတဲ့ ဘာသာရပ်အလိုက် ပညာသင်ဆုပေါင်း တစ်နှစ်လျှင် ၂၅ဝဝ ဆု ကမ်းလှမ်း ထားပါတယ်။ ပထမ ခြောက်လမှာ ဂျပန်ဘာသာစကား သင်ကြားရမှာ ဖြစ်ပါတယ်။ ပညာသင်ဆုကြေး အနေနဲ့ မဟာဘွဲ့ ကျောင်းသားအတွက် ၁၄၄,ဝဝဝ ယန်း ချီးမြှင့်ပြီး ပါရဂူဘွဲ့ကျောင်းသားများ အတွက် ၁၄၅,ဝဝဝ ယန်း လစဉ် ချီးမြှင့်ပါတယ်။ အသက် ကန့်သတ်ချက်ကတော့ ၃၅ နှစ်အောက် ဖြစ်ပါတယ်။

(ဂ) အသက် ၁၇ နှစ်မှ ၂၁ ကြား အထက်တန်း အောင်မြင်ပြီး လူငယ်များအတွက် မိမိ သင်ကြားလိုသည့် ဘာသာရပ်အလိုက် ဘွဲ့ကြို ပညာသင်ဆုများကို ကမ်းလှမ်းထားပါတယ်။ ဂျပန်နိုင်ငံမှ ဘာသာရပ်အလိုက် ငါးနှစ် သို့မဟုတ် ခုနစ်နှစ်အထိ ပညာသင်ကြားရမှာ ဖြစ်ပြီး ဂျပန်ဘာသာ စကားကို တစ်နှစ် သင်ကြားရမှာ ဖြစ်ပါတယ်။ လစဉ် ချီးမြှင့်ငွေ ၁၁၇,ဝဝဝ ယန်း ရရှိမှာ ဖြစ်ပါတယ်။ အသက်မွေး ပညာဆိုင်ရာ သင်တန်းများကိုလည်း သုံးနှစ်တာ ကာလအထိ ပညာသင်ဆုများ ချီးမြှင့်ပါတယ်။

(ဃ) နိုင်ငံခြားဘာသာ တက္ကသိုလ်များမှာ ဂျပန်ဘာသာ အထူးပြု လေ့လာနေတဲ့ အသက် (၁၈ မှ ၂၉) အရွယ် လူငယ်များ အတွက်လည်း တစ်နှစ်မှာ အယောက် ၅ဝဝ ခန့် ပညာသင်ဆု ပေးလျက် ရှိပါတယ်။

MEXT ပညာသင်ဆုမှ ကမ်းလှမ်းတဲ့ ပညာသင်ဆုတွေ အားလုံးမှာ အသွား အပြန် လေယာဉ် လက်မှတ်၊ ကျောင်းစရိတ်များ အားလုံး ပေးပြီး အသားတင် နေထိုင်စရိတ်၊ အသုံးစရိတ် ဖြစ်ပါတယ်။ စာရေးသူ လက်ရှိ သုတေသန လုပ်နေတဲ့ ကူမာမိုတို တက္ကသိုလ်ရဲ့ website ဖြစ်တဲ့ http://www.gsst.kumamoto-u.ac.jp/en/admissions မှာလည်း MEXT ပညာသင်ဆု လျှောက်ရန် လမ်းညွှန်များ လျှောက်လွှာပုံစံများနှင့် ကျောင်းဝင်ခွင့် လျှောက်လွှာများကို အသေးစိတ် လေ့လာနိုင်ပါတယ်။

ပညာသင်ဆုတွေအတွက် ဘာတွေ ပြင်ထားရမလဲ

အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တဲ့ ယနေ့ခေတ်ကြီးမှာ ကျွန်တော်တို့ အနေနဲ့ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို အလွယ်တကူ ရှာဖွေနိုင်ကြပါတယ်။ အမှန်တကယ် စိတ်ဝင်တစားနဲ့ ကြိုးစားမယ်ဆို တစ်ခု မဟုတ် တစ်ခုတော့ ရနိုင်ကြမှာပါ။ ပညာသင်ဆုတွေကို အမှန်တကယ် စိတ်ဝင်စားလို့ လျှောက်ဖို့ ပြင်ဆင်ချင်တယ် ဆိုရင်တော့ ပထမဆုံး အနေနဲ့ ပညာသင်ဆု ပေးတဲ့ အဖွဲ့အစည်းတွေရဲ့ Website တွေကို အသေအချာ ဖတ်ထားဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အခြေခံ လိုအပ်ချက်တွေဟာ အတူတူပါပဲ။ ဒါပေမဲ့ လိုအပ်တဲ့ အချက်အလက် စာရွက်စာတမ်းတွေကို ပြည့်ပြည့်စုံစုံ တင်နိုင်မှ ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ ပညာရေးဆိုင်ရာ အထောက်အထား အားလုံး (တက္ကသိုလ် ပထမနှစ်မှ အတန်းတိုင်း၏ အမှတ်စာရင်း၊ ဘွဲ့လက်မှတ်၊ Grading၊ Transcript စသည်များ)ကို မူရင်း၊ တရားဝင် မိတ္တူ (True Copy) များ အားလုံး အစောင် အရေအတွက်၊ များများ ထုတ်ထားပါ။ ပညာသင်ဆု တစ်ခုပြီးတစ်ခု လျှောက်ကြည့်ကြဖို့ပါ။ တစ်ခု မရလည်း အားလျှော့ဖို့ မလိုပါ၊ နောက်တစ်ခု ရပါလိမ့် မယ်။ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် စာရွက်စာတမ်း အားလုံး နိုထရီဘာသာ ပြန်ထားဖို့ လိုပါတယ်။ မြန်မာပြည် တက္ကသိုလ်များရှိ သက်ဆိုင်ရာပါမောက္ခ၊ ဌာနမှူးတို့၏ ထောက်ခံချက်များ၊ ကျန်းမာရေး ထောက်ခံစာများကို ပြင်ဆင် ထားရပါမယ်။ ဘွဲ့လွန်တန်းတွေအတွက် ဘယ်နိုင်ငံမှာပဲ တက်တက် အင်္ဂလိပ်စာ အရည်အချင်း (IELTS သို့ TOFEL) အမှတ် လိုပါမယ်။ ဂျပန်နိုင်ငံမှာ ပညာသင်ကြားမယ်ဆို ဂျပန် စကားတတ်ထားခြင်းဟာ မိမိအတွက် အမှန်တကယ် အသုံးဝင်ပါတယ်။ အချိန်ရရင် ပြင်ဆင် ထားသင့်ပါတယ်။ အသေးစိတ် လိုအပ်ချက်တွေကို သက်ဆိုင်ရာ ပညာသင်ဆု အလိုက် webiste များမှာ သိရှိနိုင်ပါတယ်။

အခြေခံ လိုအပ်ချက်တွေ ပြင်ဆင်ဆဲ ကာလမှာ မိမိနှင့် သက်ဆိုင်တဲ့ ဘာသာရပ်၊ စိတ်ဝင်စားတဲ့ ဘာသာရပ်နှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံတွင် လေ့လာလိုသော အကြောင်းအရာကို အဆိုပြုချက် (Proposal) ကောင်းကောင်း ပြင်ဆင်ထားပါ။ Proposal ရေးတဲ့အခါ မိမိ ဆရာသမားများဖြင့် ဆွေးနွေး တိုင်ပင်ပြီး ရေးပါ။ ဂျပန်နိုင်ငံတွင် ပညာသင်ကြား လိုရခြင်းအကြောင်း၊ လေ့လာဆိုသော ဘာသာရပ်ကို သင်ကြားလိုရခြင်း အကြောင်း စသည်တို့ကို ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားပါ။  တစ်ချိန်တည်းမှာပဲ ဂျပန်နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေက မိမိ စိတ်ဝင်စားတဲ့ ဘာသာရပ်နှင့် သက်ဆိုင်တဲ့ ပါမောက္ခတွေကို အင်တာနက်မှတစ်ဆင့် (တက္ကသိုလ် website များမှတစ်ဆင့်) ရနိုင်သမျှ ဆက်သွယ်ပါ။ မဆက်သွယ်မီ ဆရာတွေ ရာထူး၊  သုတေသနလုပ်ကိုင်မှု အနေအထား၊ သုတေသန စာတမ်းများရရှိမှု အနေအထားများကို လေ့လာပါ။ ဂျပန်နိုင်ငံ တက္ကသိုလ်တွေမှာ တွဲဖက် ပါမောက္ခ (Associated Professor) တစ်ယောက်နဲ့ ပါမောက္ခ တစ်ယောက်ရဲ့ အနေအထားက ကွာခြားပါတယ်။ ပါမောက္ခ တစ်ယောက် ဖြစ်ဖို့အတွက် သုတေသ လုပ်ငန်းတွေ၊ စာတမ်းတွေ အများကြီး ပြုလုပ်ထားပြီးဖြစ်လို့ ပုံမှန်အားဖြင့် ပါမောက္ခ တစ်ယောက်ဟာ တွဲဖက် ပါမောက္ခ တစ်ယောက်ထက်ပိုပြီး သုတေသနမှာ အောင်မြင်အောင် ကြီးကြပ် နိုင်မယ်လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။ နိုင်ငံခြား ပညာသင် ကျောင်းသား တစ်ယောက်အတွက် မိမိရဲ့ ကြီးကြပ်သူဆရာ (Supervisor) ဟာ အသက်ဖြစ်တဲ့အတွက် ရွေးချယ်မှု မှန်ကန်ဖို့ အရေးကြီးပါတယ်။ ပညာသင်ဆုတွေဟာလည်း မိမိ သုတေသနကို ကြီးကြပ်မယ့် ဆရာတွေရဲ့ ထောက်ခံချက်အပေါ် မူတည် စဉ်းစားတာ ဖြစ်တဲ့အတွက် ဆရာတွေနဲ့ အဆက်အသွယ် ရဖို့၊ ဆရာတွေ အထင် မသေးအောင် ဆွေးနွေး တင်ပြဖို့ အရေးကြီးပါတယ်။

ဂျပန် ပါမောက္ခတွေနဲ့ ဆွေးနွေးတဲ့အခါ မိမိရဲ့ အခက်အခဲများကို ရိုးသားစွာ ပြောဖို့ လိုပါမယ်။ အင်္ဂလိပ်စာအတွက် IELTS သို့မဟုတ် TOFEL စာမေးပွဲများ ဖြေဆိုရင် ငွေကြေး အခက်အခဲ ရှိပါက နိုင်ငံခြားဘာသာ တက္ကသိုလ် (UFL) တက္ကသိုလ်မှာ စစ်ဆေးတဲ့ ထောက်ခံချက်များကို အချို့ တက္ကသိုလ်တွေက လက်ခံလေ့ ရှိပါတယ်။ မိမိ အဆက်အသွယ် ရထားတဲ့ မိမိဆရာနဲ့ သေချာ ဆွေးနွေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဂျပန်တက္ကသိုလ် အချို့က နားလည်ပေးလေ့ ရှိပါတယ်။

ဂျပန်နိုင်ငံမှာ ပညာ သင်ကြားလိုသော လူငယ်များ အနေနှင့် အားလပ်ချိန်များကို အကျိုးရှိရှိ အသုံးချပြီး အရင်းအနှီး မများသော ပြင်ဆင်မှုများဖြင့် ဂျပန်ပညာ သင်ဆုများကို ကြိုးပမ်းရန် အခွင့်အရေး များစွာ ရှိပါကြောင်း လက်လှမ်းမီသမျှ ပညာသင်ဆုများအကြောင်း ရေးသားတင်ပြ လိုက်ပါတယ်။

အုန်းဇင်လင်း (ပညာရေး)

  • VIA
  • TAGS