News

POST TYPE

EDUCATION

ပြဿနာကလေးနှင့် ပြဿနာအတွေး
18-Jun-2017 tagged as


ကျောင်းတစ်ကျောင်းတွင် လုပ်သက်မည်မျှ ကြာအောင် တာဝန်ထမ်းဆောင်ဖူးသည်၊ ကျောင်းသားများကို မည်မျှအောင်မြင်စေရန် စွမ်းဆောင်ဖူးသည်ဆိုခြင်းထက် ပြဿနာရှာတတ်သည့် (Problem Child) တစ်ယောက်ကို မည်သို့ လမ်းမှန်အောင် သွန်သင်ညွှန်ပြ နားလည်ပေးခဲ့သနည်း ဆိုသည့်အချက်က ပိုပြီး အရေးကြီးသည်။ အတန်းထဲတွင် ပြဿနာကလေး တစ်ယောက်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသော် မည်သို့ဖြေရှင်းမည်နည်း ဆိုသည့်အချက်ကို Teaching Degree.org တွင် သုံးသပ်ပြထားချက်များကို ဖော်ပြလိုက်ပါသည်။

ကလေးကို ကိုယ်ရည် မသွေးပြပါနှင့်

ကလေးက ပြဿနာ ရှာနေချိန်တွင် နှလုံးသားနှင့် နားလည်ခံစားပေးနိုင်ရန် အရေးကြီးသည်။ နောက်တစ်ချက် သိထားရန်လိုသည်မှာ “ငါဟာ အလွန်တော်တဲ့ဆရာ မဟုတ်ဘူး။ ဒီကလေးက ငါ့ကို မကြိုက်ဘူး။ သူ့မကြိုက်တာကို ငါမကြိုက်တာ လုပ်လို့မရဘူး”ဟု ဦးစွာ အားပေးသင့်သည်။

ဆရာတိုင်း အလွန်တော်ပြီး ပြဿနာတိုင်းကို ဖြေရှင်းနိုင်သူ မဟုတ်။ သို့သော် ကြိုးစားပြီး ဖြေရှင်းကြရမည်သာ ဖြစ်သည်။ သူက ကိုယ့်ကိုယ် မကျေနပ်ကြောင်းပြပြီး တိုက်ခိုက်နေသည်မှာ လမ်းပေါ်တွင် မဟုတ်။ စာသင်ခန်းထဲတွင် ဖြစ်နေသည်ကိုလည်း သတိမူရမည်။ ထို့ကြောင့် ကိုယ်ရေးကိုယ်တာတွေ ဘေးဖယ်ထားပြီး သူဘာကြောင့် ပြဿနာ ရှာနေရသည်ကို ဦးစွာ ဆန်းစစ်ရန်သာ လိုသည်။

ကလေးနှင့် နှစ်ကိုယ်ကြား စကား ပြောနိုင်အောင် ကြိုးစားပါ

ကလေးက ကိုယ့်ကို အတန်းထဲတွင် ပြဿနာ ရှာသည်။ သူ့ကို တတ်နိုင်သမျှ လျစ်လျူရှုထားလိုက်ပါ။ စာဆက်သင်ပါ။ အားလုံးပြီးစီးသွားမှ သူနှင့် နှစ်ယောက်တည်း တွေ့ဆုံနိုင်စေရန် ကြိုးစားပါ။ ဆရာ့အပေါ် ကျောင်းသားက ပြဿနာ အခက်အခဲများကို ဖြေရှင်းပေးမည့်သူ တစ်ယောက်အနေနှင့်သာ မြင်သင့်ပြီး၊ စိတ်ဆိုး ဒေါသထွက်စရာ ပြိုင်ဘက်တစ်ဦးအသွင် မမြင်သင့်ပါ။

သူ့ကို မည်မျှအထိ မျှော်လင့်ထားကြောင်း၊ မည်သို့ ဖြစ်စေချင်ကြောင်း ကိုယ့်ဘက်ကလည်း ပြောပြပါ၊ သူပြောတာကိုလည်း နားထောင်ပေးပါ။ နားလည်အောင် ကြိုးစားရှင်းပြလျှင် ကလေးများ သဘောပေါက်ပါသည်။ အရေးကြီးသည်မှာ နှစ်ကိုယ်ကြား ခေါ်ယူဖြေရှင်းခြင်းဖြစ်သည်။ အခြား အတန်းဖော်များရှေ့တွင် ပြဿနာကလေးနှင့် မဆွေးနွေးသင့်ပါ။

ပြဿနာ၏ ရင်းမြစ်ကို ဖွေရှာခြင်း

ပြဿနာကလေးနှင့် နှစ်ယောက်ချင်း တွေ့ဆုံဆွေးနွေးနေစဉ် သူနားလည်လောက်သည့် စကားများကိုသုံးရန် သတိပြုရမည်။ စကားကို ဆင်ခြင်ပြောပြီး သူ ဘာကြောင့် မကျေနပ်ကြောင်းကို ဖော်ထုတ်နိုင်စေရန် ကြိုးစားသင့်သည်။ သူ ဘာကြောင့် ပြဿနာ ရှာနေမှန်း၊ စိတ်ဆိုးနေမှန်း၊ စိတ်ကောက်နေမှန်း ကလေး ကိုယ်တိုင်ပင် သိချင်မှသိမည်။ ဆရာက အကဲဖြတ်နိုင်ရန် ကြိုးစားသင့်သည်။

ကလေးက သူ့ကို ဆရာသည် အလေးပေး ဂရုစိုက်လာသည်ဆိုလျှင်ပင် စိတ်ထဲတွင် တစ်ခုခုပြောင်းလဲမှု ဖြစ်လာနိုင်သည်။ ပြဿနာကလေးတိုင်းတွင် ADD ခေါ် ADHD ဟုခေါ်သည့် တစ်စုံတစ်ခုအပေါ် အာရုံကြာမြင့်စွာ မစူးစိုက်နိုင်သော ဝေဒနာ ခံစားနေရသော ကလေးများလည်း ဖြစ်နိုင်ပါသည်။

ကလေးကို စကားပြောကြည့်လိုက်လျှင် သိနိုင်ပါသည်။ သူ၏ စိတ်မရှည်ခြင်း၊ အာရုံ မစိုက်နိုင်ခြင်း၊ အခြေအနေ ပျက်ယွင်းနေခြင်းများကို အကဲခတ်နိုင်သည်။ သူ့ကို အကောင်းမြင်စိတ်နှင့် ဆက်ဆံပေးပြီး အတန်းထဲတွင် အားလုံးသော ကလေးများနှင့် ရင်းနှီးကျွမ်းဝင်စေရန် အားထုတ်ပေးဖို့လိုကြောင်း သတိထားသင့်သည်။

ကိုယ့်ကျောင်းကိစ္စ မူဝါဒ

ကျောင်းတိုင်းတွင် သီးခြား ပြဋ္ဌာန်းချမှတ်ထားသည့် စည်းကမ်းများ ရှိနိုင်ပါသည်။ အချို့သော စည်းကမ်းများသည် ကလေးတိုင်းအတွက် အဆင်ပြေချင်မှ ပြေနိုင်မည်။ စာလိုက်နိုင်ရန် ခက်ခဲသော၊ စာသင်ကြားရန် ခက်ခဲသော၊ စာကို အာရုံစိုက်နိုင်စွမ်း အားနည်းသော ကလေးများတွင် အခြားကလေးများနှင့်တန်းတူ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာချင်မှ လိုက်နာနိုင်ပေလိမ့်မည်။
 
အချို့သော ကိစ္စများကို လျှော့သင့်လျှင် လျှော့ပေးပြီး သူ့ကို အဘယ်ကြောင့် လျှော့ပေးရသည်ကို အားလုံး နားလည်အောင်လည်း ရှင်းပြသင့်ပါသည်။ နေမကောင်း၍ ခုံပေါ်မှာ မှောက်လှဲနေသောကလေး တစ်ယောက်ကို ကိုယ့်ဘက်က စည်းကမ်းလျှော့သင့်လျှင် လျှော့ပေးရမည်။ အတန်းထဲတွင် မအိပ်ရဆိုသည့် တရားသေ စည်းကမ်းကို ကိုင်စွဲထားလျှင် ပြဿနာ ရှာနေသူမှာ ကလေးမဟုတ်။ ဆရာလည်း ဖြစ်သွားနိုင်သည်။ အခြေအနေနှင့် အချိန်အခါကို နှိုင်းဆနိုင်ခြင်းသည် ဆရာအတွက် ပြဿနာကို အကောင်းဆုံး ကုစားခြင်း ဖြစ်နိုင်သည်။

အကောင်းမြင် အတွေးနှင့် ချဉ်ကပ်ပေး

ပြဿနာ ရှာနေသည့် ကလေးတစ်ယောက်အပေါ် အဆိုးမြင်စိတ်နှင့် ချဉ်းကပ်မည်ဆိုလျှင် အစကတည်းက လွဲမှားနေပြီဟု ဆိုရမည်။ အကောင်းမြင်စိတ်ဖြင့် သူ့ကိုချဉ်းကပ်ပြီး ပြဿနာ ရှာနေသည်ကို ပြဿနာဟု မမြင်ဘဲ ချဉ်းကပ်ရန် အရေးကြီးသည်။

ပြဿနာတိုင်းတွင် မဖြေရှင်းနိုင်သည့် ပြဿနာ မရှိပါ။ ဖြေရှင်းလိုက်သည့် ရလဒ်သည် အကောင်းလည်း ဖြစ်နိုင်သလို အဆိုးလည်း ဖြစ်သွားနိုင်သည်။ ချဉ်းကပ်ပုံ အရေးကြီးပါသည်။ တစ်ခါတစ်ရံ ကိုယ် မရှင်းနိုင်သည့် ပြဿနာမှာ သူ ယခင်နေထိုင်ခဲ့သည့် အတန်းမှ ဆရာ ဆရာမက ဖြေရှင်းပြီးသားလည်း ဖြစ်နိုင်သည်။ ယခင် သူ့ဆရာနှင့်လည်း တွေ့ဆုံ ဆွေးနွေးသင့်ပါသည်။

အချို့သော ကိစ္စများတွင် မိမိတို့ထက် မိဘများက သူတို့အကြောင်းကို ပိုသိသည်ကိုလည်း သတိပြုစေချင်ပါသည်။ ထို့ကြောင့် ပြဿနာရှာနေသည့် ကလေးတစ်ယောက်၏ မိဘများကိုလည်း တွေ့ဆုံပြီး ကလေးအကြောင်းကို နားလည်စေရန် စူးစမ်းလေ့လာထားသင့်သည်။

ပြဿနာ ကလေးသည် ပြဿနာ ပေးမည့်သူများမဟုတ်။ ပြဿနာကို ကောင်းစွာ နားမလည် မကိုင်တွယ် မဖြေရှင်းနိုင်သူများကသာလျှင် ပြဿနာကို ရှောင်လွှဲသူများ ဖြစ်သွားနိုင်ပါသည်။ လာမည့်ဘေး ပြေးတွေ့ပြီး အကောင်းဆုံး ရင်ဆိုင်ခြင်းက အတွေ့အကြုံသစ်ကို ဖြစ်စေနိုင်သည်။

E-01 (Ref: Dealing with the Problem Child)

  • TAGS