News

POST TYPE

EDUCATION

ဖင်လန်နိုင်ငံ ပညာရေးစနစ်သစ်
15-Jun-2017 tagged as ပညာရေး


ဖင်လန်နိုင်ငံသည် Quality Education ဆိုသည့် သဘောတရားကို အကောင်းဆုံး အကောင်အထည်ဖော်ကာ သင်ကြားနိုင်သည့် ထင်ရှားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဖင်လန်နိုင်ငံ ပညာရေးမှ လေ့လာသင်ယူစရာ များလှပါသည်။
 
ဒစ်ဂျစ်တယ်ခေတ်ကို ပြောင်းလဲနေသည်နှင့်အညီ ပညာရေးတွင်လည်း ဘာသာရပ်သတ်မှတ် ပြဋ္ဌာန်းစာအုပ်များထက် ကျွမ်းကျင်မှုကို ဦးစားပေး သင်ကြားခြင်းမှာ အထူး အရေးကြီးလာသည်။ ဖတ်တတ်အောင် သင်မည်လား၊ စဉ်းစားတွေးခေါ်တတ်စေရန် သင်မည်လား။ ကျောင်းစာဖတ်ပြီး စာမေးပွဲ ဖြေခိုင်းမည်လား၊ စာကို လက်တွေ့အဖြစ် ပြုပြင်ပြောင်းလဲကာ စမ်းသပ်ခိုင်းမည်လား ဆိုသည်မှာ ယနေ့ခေတ် ပညာရေးတွင် စဉ်းစားစရာ ဖြစ်လာပါသည်။

အလွန်အေးမြသည့် နံနက်ခင်းတစ်ခုတွင် ဖင်လန်နိုင်ငံ တောင်ပိုင်း ကျေးရွာကျောင်းလေးတစ်ကျောင်း၌ စာသင်ကြားနေသည်။ အသက် ၁၂ နှစ် အရွယ်ကလေးများ လေ့လာနေသည့် ဘာသာရပ်မှာ ရှေးဟောင်း ရောမနိုင်ငံသမိုင်း ဖြစ်သည်။

ဆရာက သူတို့ကို ဗီဒီယိုပြကွက် တစ်ခုအား ကျောင်းရှိ စမတ်ဘုတ်ပေါ်တွင် ပြသနေသည်။ ဗီဆူး ဗီးရပ်မီးတောင်ကြီး ပေါက်ကွဲသည်။ ပွန်ပီမြို့ကြီး တစ်ခုလုံး ပျက်စီးရသည့် ဗီဒီယိုမှတ်တမ်းကို ဆရာမက ရှာဖွေလာပြီး ကျောင်းသားများကို ပြသနေခြင်းဖြစ်သည်။ 

ကျောင်းသားတိုင်းတွင်လည်း သူတို့ကိုယ်ပိုင် Laptop လေးတွေနှင့်ဖြစ်သည်။ သူတို့ ဆရာမပြသသည့် ဗီဒီယိုကို ကြည့်ပြီးနောက် လက်တွေ့ သင်ခန်းစာတစ်ခုကို ပြုလုပ်နေကြပြီ။ ရှေးခေတ်ရောမနှင့် ခေတ်သစ်ဖင်လန်ကို နှိုင်းယှဉ်ခြင်း သင်ခန်းစာ သူတို့လက်တွေ့ လုပ်နေကြသည်။ သူတို့အုပ်စုလိုက် လေ့လာနေကြသည်။ အုပ်စုတစ်စုက ရောမခေတ် ရေချိုးခန်းများနှင့် ယခုခေတ် ဗြူတီ အလှပြင်ခန်းများမှ ရေစိမ်ကန်များကို နှိုင်းယှဉ်ပြရန် ကြိုးစားနေကြသည်။ အခြားအုပ်စုတစ်စုမှာ ခေတ်သစ် အားကစားရုံများနှင့် ရောမခေတ် အားကစားရုံများ ကွာခြားချက်ကို နှိုင်းယှဉ်ပြရန် လုပ်နေကြသည်။

သူတို့စာသင်ခန်းတွင် 3D ပရင်တာတစ်လုံးလည်းရှိသည်။ ရောမခေတ် အဆောက်အအုံများကို အသေးစားပုံစံဖြင့် ကိုယ်တိုင် ထုတ်ကြည့်သူတွေက  ထုတ်ကြည့်နေကြသည်။ အမှန်တော့ သူတို့နှင့်ရောမခေတ်က မစိမ်း။ ဂိမ်းများထဲတွင် တွေ့ကြုံဖူးသူတွေ ရှိသည်။ ရုပ်ရှင်ထဲတွင် မြင်ဖူးထားသူတွေ ရှိသည်။ 
ယင်းသည် ဖင်လန်နိုင်ငံတွင် သမိုင်းသင်ခန်းစာကို သင်ကြားနေသည့် ပုံစံသစ်ဖြစ်သည်။ Hauho Comprehensive ကျောင်းတွင် သင်ကြားနေသည့် ခေတ်သစ် စာသင်နည်းဖြစ်သည်။ နည်းပညာနှင့်တွဲဖက်ပြီး ကလေးတွေ သုတေသန လုပ်နေသည့်ပုံစံက စာသင်နေသည်ဟု ပြောရန်ပင် ခက်သည်။ သူတို့သည် နည်းပညာ အထောက်အကူနှင့်ပင် ယဉ်ကျေးမှုနှင့်သမိုင်းကို လေ့လာနိုင်ကြခြင်းဖြစ်သည်။

“သူတို့အဖွဲ့တွေဟာ သူတို့ လေ့လာနေတဲ့ ဘာသာရပ်နယ်ပယ်မှာ ကျွမ်းကျင်တဲ့သူတွေ ဖြစ်လာကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ လေ့လာထားတာတွေကို အတန်းထဲမှာ ပြန်ပြီးတော့ ရှင်းလင်းပြကြရလိမ့်မယ်”ဟု ဆရာမက ပြောပြသည်။ အမှန်တော့ သူတို့ကို သမိုင်း သင်နေခြင်းသည်  ကွန်ပျူတာ ဂိမ်းတစ်ခုလည်း ဖြစ်သွားနိုင်သည်။ သာမန်သမိုင်း သင်ခန်းစာကို လေ့လာနေရင်း ဂိမ်းတစ်ခုကို တီထွင်ပြီးသားလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။ 
ဖင်လန်နိုင်ငံတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိတော့မည်ဖြစ်သည်။ ကမ္ဘာက အကောင်းဆုံး ပညာရေးစနစ်ကို လုပ်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း လေးစားစွာ အသိအမှတ်ပြုခြင်းခံရသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာသည်။ အသက် ၁၅ နှစ်အရွယ် ဖင်လန်ကလေး တစ်ယောက်၏ PISA ရမှတ်ကလည်း အမြင့်ဆုံး ဖြစ်နေသည်။ သူတို့၏ လွတ်လပ်စွာ သင်ကြားမှုက စာဖတ်စွမ်းရည်၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်များတွင်ပါ အဘယ်ကြောင့် အမှတ်ကောင်းနေကြောင်းကို လေ့လာရန် လိုပါသည်။

ကျောင်းစတင်တက်ရမည့် အသက်က ၇ နှစ်ဟု သတ်မှတ်ထားသည်၊ တစ်နေ့ စာသင်ချိန်ကလည်း နည်းနည်းလေး ရှိသည်။ ကျောင်းပိတ်ရက်ကလည်း များသည်။ အိမ်စာကို ပါသည်ဆိုရုံလောက်ပါသည်။ ပါလာလျှင်လည်း နောက်တစ်နေ့အတွက် ကြိုတင် စဉ်းစား တွေးခေါ်လာရသည်က များသည်။ စာမေးပွဲစနစ် လုံးဝမရှိ။ ထို့ပြင် ကမ္ဘာပေါ်တွင် ပညာရေးကျွမ်းကျင် ဆရာ ဆရာမ အများဆုံး ရှိနေသည့် နိုင်ငံလည်းဖြစ်နေသည်။

ထိုနိုင်ငံသည် ကွဲပြားသည့် ပညာရေးစနစ်များကို အကောင်အထည် ဖော်နေသော်လည်း အဘယ်ကြောင့် အောင်မြင်နေရသနည်း။ သူတို့ကျောင်းသားများသည် ဖတ်စာအုပ်တွေကို ကျောကုန်းအောင် သယ်လာပြီး ကျောင်းလာနေကြရသူများ မဟုတ်။ သူတို့ကျောင်းကိုလာခြင်းမှာ ပျော်ပါးစွာ ဗဟုသုတများကို လာရောက် ဖွေရှာနေကြသည့် သဘောသာဖြစ်သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လက စတင်ပြီး ဖင်လန် ကျောင်းသားများသည် ကိုယ်ကြိုက်သည့် ဘာသာရပ်ကို ကိုယ်တိုင် ရွေးချယ်သင်ယူစည့်စနစ်များ စတင် ကျင့်သုံးလာကြောင်း တွေ့ရသည်။ သူတို့စိတ်ဝင်စားရာ အကြောင်းအရာကို လေ့လာနိုင်သည်။ နည်းပညာနှင့်တွဲဖက်ပြီး တီထွင်မှုများကို လုပ်ကိုင်နိုင်သည်။ အကြောင်းအရာ အချက်အလက်များကို ဖတ်စာအုပ်ထဲကသာမဟုတ်၊ ပြင်ပရှိ မည်သည့်နေရာကမဆို ယူလာနိုင်သည်။ ကျွမ်းကျင်သူ ပညာရှင်များထံကလည်း  အချက်အလက်များ စုဆောင်းလာနိုင်သလို၊ ပြတိုက်ထဲသွားပြီး လေ့လာခဲ့သော အချက်အလက်များလည်း ဖြစ်နိုင်သည်။ အဓိက ခိုင်လုံသော အချက်အလက်များ ဖြစ်ရန်သာလိုသည်။

ဖင်လန်တွင် သင်ကြားနေသည့် ပညာရေးလမ်းကြောင်းသည် စာမေးပွဲသို့မဟုတ်။ ပရောဂျက်ဆီသို့ ဦးတည်နေသည့် ပညာလမ်းကြောင်းတစ်ခုဖြစ်သည်။ သူတို့က PBL (phenomenon-based learning)ဟု ခေါ်သည်။ ၂၁ ရာစုနှင့်ကိုက်ညီသည့် လိုအပ်သော ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးလိုက်နိုင်သော ပညာရေးလမ်းကြောင်းကို ဦးတည်နေခြင်း ဖြစ်သည်။ သူတို့ပြောနေသည့် ကျွမ်းကျင်မှုဆိုသည်မှာ Critical Thinking ဖြစ်လာအောင် လုပ်နေခြင်းဖြစ်သည်။ ဆန်းစစ်ဝေဖန်နိုင်သည့် အတွေးအမြင်များ ရှိလာလျှင် ကလေးများတွင် အကြမ်းဖက်မှုများ ပပျောက်သွားမည်။ သတင်းမှားတွေကို ဆင်ခြင်ကြည့်ပြီး ယုံချင်မှယုံမည်။ နည်းပညာကို ကျွမ်းကျင်စွာ သုံးစွဲနိုင်နေခြင်းကပင် သူတို့ ကျွမ်းကျင်မှုကို ကောင်းစွာ အထောက်အကူ ပြုနေပေလိမ့်မည်။

“အစဉ်အလာ ပညာရေးလမ်းကြောင်းကတော့ ဘာသာရပ် ဗဟိုပြုစနစ် ဖြစ်ပါတယ်။ အက္ခရာ သင်္ချာ၊ ဂရမ်မာ၊ ပြည်သူ့နီတိစတဲ့ ဘာသာရပ်တွေ လိုကောင်း လိုပါလိမ့်မယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ အမြဲတမ်း စည်းမျဉ်းတွေအတိုင်းချည်း လုပ်နေဖို့ မဟုတ်ဘူး။ အချို့သောကိစ္စတွေကို အကုန်အစင် လိုက်သင်နေဖို့ မလိုဘူး။ ကျောင်းစာအုပ်ထဲမှာ ပါတဲ့အတိုင်း ကျောင်းသားတွေကို ယုံကြည်ခိုင်းလိုက်လို့ မရဘူး။ သူတို့ဖတ်မယ်၊ လေ့လာမယ်၊ တွေးမယ်၊ ပျော်ပျော်ရွှင်ရွှင် သင်ယူမယ်။ ဒါမှ သူတို့ကို လူတော်လူကောင်းတွေ ဖြစ်လာလိမ့်မယ်”ဟု Helsinki တက္ကသိုလ်မှ ပါမောက္ခ ခရစ္စတီလွန်ကာက ပြောကြားသည်။

Hauho Comprenhensive ကျောင်းသည် ရေကန်နှင့် တောအုပ်များကြားတွင် ထူထောင်ထားသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။ ဟာမင် လင်းနားမြို့မှ အရှေ့မြောက်ဘက်သို့ မိနစ် ၄၀ ခန့် ကားမောင်းသွားလျှင် ရောက်နိုင်သည့်နေရာတွင်ရှိသည်။ အသက် ၇ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသား ကျောင်းသူ ၂၃၀ ခန့် တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းလည်းဖြစ်သည်။ ကျောင်းဆိုသော်လည်း အိမ်အငွေ့အသက်တွေ ထုံလွှမ်းနေသည်။ ဖိနပ်တွေကို အပြင်တွင် ချွတ်ခဲ့ရသည်။ စာသင်ခန်းတွေထဲတွင် ခုံတွေရှိချင်မှရှိသည်။ ကွက်လပ်ထဲတွင် ဘောလုံး ကစားချင်ကစားနေကြသည်။ 

ဆရာတွေကလည်း မိုဘိုင်းလ်ဖုန်းတွေကိုယ်စီ ပြောနေကြသည်။ ကလေးတွေကို သူတို့က သုတေသန လုပ်ခိုင်းထားပြီးလျှင် အေးအေးဆေးဆေး နေနိုင်ကြသည်။ ဆရာတွေလည်း ကလေးတွေလို သုတေသန လုပ်နေသူတွေရှိသည်။ ဖုန်းကို အကြောင်းမဲ့ ပြောနေကြခြင်း ဟုတ်ချင်မှ ဟုတ်မည်။ သင်ကြားရေးအတွက် အထောက်အကူပြုနိုင်မည့် အချက်များကို ဖုန်းကတစ်ဆင့် ဆွေးနွေး မေးမြန်းနေကြခြင်းလည်း ဖြစ်နိုင်သည်။

ကျောင်းသားတွေကလည်း နေ့လယ်စာ စားချိန်တွင် ဖုန်းကိုယ်စီနှင့် ဖြစ်နေကြသည်။ ကလေးငယ်တွေက အပြင်ထွက်ပြီး စကိတ်စီးနေကြသည်။ ဘောလုံး၊ ဘတ်စကက်ဘော ကစားသူတွေက ကစားနေကြသည်။ 

“ကျွန်တော်တို့ သင်နည်းက ဆရာတွေမှာ ပိုပြီး စွမ်းအားရှိထားဖို့ လိုတယ်။ ဆရာတွေဆိုတာ အရာရာကို စွမ်းဆောင်နိုင်သူတွေ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ ကလေးတွေက ကျွန်တော်တို့ကို အလကား ဘာမှ နားမလည်ဘူးလို့ အထင်မခံရအောင် ကြိုးစားနေရတယ်။ ကျွန်တော်တို့က နည်းစနစ်ဟောင်းတွေကို  ထားခဲ့ရတယ်။ ဒါပေမဲ့ ဖြည်းဖြည်းချင်း ပြောင်းလဲနေရတယ်။ ကလေးတွေကို သင်ရတာ အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ အမှားလုပ်လိုက်လို့မဖြစ်ဘူး”ဟု ကျောင်းအုပ်ဆရာကြီး ပက်ကာပါးပါနန်က ဆိုသည်။ 

Hauho Comprenhensive ကျောင်းတွင် ဦးစားပေးလုပ်ခဲ့ကြသည့် ပရောဂျက်မှာ လူဝင်မှုကြီးကြပ်ရေး အကြောင်းဖြစ်သည်။ ဥရောပတွင် နိုင်ငံတကာမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများ၏ ပြဿနာမှာ အရေးကြီး ခေါင်းစဉ်ဖြစ်နေသောကြောင့် ကျောင်းတွင်လည်း ထိုအကြောင်းအရာကို ဦးစားပေး ပရောဂျက်အဖြစ် ခေါင်းစဉ်တင်ခဲ့ကြသည်။

ထိုခေါင်းစဉ်ကို အဘယ်ကြောင့် ပရောဂျက်အနေနှင့် ရွေးရသနည်းဆိုသည့်အကြောင်းကို ထိုကျောင်းမှ ဆရာမ အလက်ဆစ် စတန်ဟုမ်းက ရှင်းပြရာတွင် သူ့ကျောင်းမှ တပည့်များသည့် ရွှေ့ပြောင်း ဝင်ရောက်လာသူများအကြောင်း ကောင်းကောင်း အတွေ့အကြုံရှိကြသောကြောင့်ဟု ဆိုသည်။ 

အသက် ၁၅ နှစ်အရွယ် သူ့ကျောင်းသား တစ်ယောက်ဆိုလျှင် လမ်းများပေါ်မှ ရွှေ့ပြောင်းနေထိုင်သူများကို တွေ့ဆုံမေးမြန်းလာသည်။ နိုင်ငံရေး ခိုလှုံသူများနှင့်လည်း တွေ့ဆုံမေးမြန်းပြီး ဒေတာများ စုဆောင်းလာသည်။ သူတို့တွေ့ရှိထားသည့် ဗီဒီယိုဖိုင်များနှင့် အင်တာနက်တွင် ရှာဖွေနိုင်မည့် Link များ ကိုလည်း ဂျာမနီနိုင်ငံမှ ကျောင်းတစ်ကျောင်းနှင့် ချိတ်ဆက်ပြီးမျှဝေကြသည်။ ထိုကျောင်းတွင်လည်း သူတို့နှင့် ခေါင်းစဉ်တူသည့် အကြောင်းအရာများကို လေ့လာနေကြသောကြောင့် ဖြစ်သည်။

ဖင်လန်နိုင်ငံတွင် ထိုသို့ပညာရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေခြင်းမှာ လွယ်ကူလှသည်တော့ မဟုတ်။ ရူပဗေဒသင်သည့် ဆရာ ဂျပ်ဆီတန်ဟွမ်ပန်၏ ဝေဖန်ချက်ကို နားထောင်ကြည့်စေချင်သည်။ 

“ဒီသင်ကြားနည်းက အလွန်တော်တဲ့ ကျောင်းသားတွေအတွက်တော့ ကောင်းပါတယ်။ ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ ကလေးတွေအတွက်တော့ ကောင်းတာပေါ့။ သူတို့အတွက်က လွတ်လပ်စွာနဲ့ နောက်တစ်ဆင့်ကို စမ်းသပ်ကြည့်ဖို့ပဲ လိုနေတာ။ ဒါပေမဲ့ ဉာဏ်ရည်အားနည်းပြီး လေ့လာနိုင်စွမ်း သိပ်မကောင်းတဲ့သူတွေ အတွက်ကတော့ ပိုပြီးတော့ လမ်းညွှန်သင်ကြားပေးဖို့ လိုပါလိမ့်မယ်။ အတော်ဆုံးနဲ့ အညံ့ဆုံးတွေကြားမှာ ကွာဟချက်တွေ အများကြီး ရှိနိုင်တယ်။ အဲဒီကွာဟချက်တွေကြောင့် အဆိုးဆုံး တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်တယ်”ဟု သူကဆိုသည်။ 

အခြားစိုးရိမ်ပူပန်စရာ တစ်ခုမှာ အသက် အရွယ်ကြီးလာသည့် ဆရာအိုများအတွက် ဖြစ်သည်။ ဆရာအိုများအဖို့ နည်းပညာနှင့် ဝေးကွာလာသည်။ ထို့ကြောင့် သူတို့ထက် နည်းပညာ ပစ္စည်းများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် ကျောင်းသားများကို ဦးဆောင် မသင်ကြားနိုင်မည်ကို စိုးရိမ်ရသည်။

ဖင်လန်နိုင်ငံကျောင်းများ၏ ထူးခြားချက်များကို ဆန်းစစ်ကြည့်လျှင် -

- စာသင်ကြားသည့်အလုပ်ကို အလွန်လေးစား တန်ဖိုးထားပြီး၊ လစာကလည်း မြင့်မားစွာပေး ကာဆရာများကို ချီးမြှောက်ထားသည်။
- ကျောင်းစစ်ဆေးရေး မရှိ၊ ဆရာများကို အကဲဖြတ် စစ်ဆေးခြင်းဆိုသည့် အဖွဲ့လည်းမရှိ။
- ကျောင်းတွင် စနစ်များသည် ဗဟိုက ချုပ်ကိုင်ထားသောစနစ်ဖြစ်ပြီး ကျောင်းအများစုမှာ အစိုးရ အထောက်အပံ့ဖြင့် ရပ်တည်နေကြရသည်။
- ကျောင်းတက်ချိန် တိုတောင်းသည်၊ နွေကျောင်းပိတ်ရက်ကိုလည်း သီတင်း ၁၀ ပတ်ခန့် ပေးထားသည်။
- ကလေးများကို ဆရာကိုယ်တိုင် အကဲဖြတ်သည်။ စာမေးပွဲစနစ်မရှိ။ တက္ကသိုလ် ဆက်တက်ချင်မှ စာမေးပွဲရှိသည်။
- ကျောင်းတစ်ကျောင်း၏ ကျောင်းသား အများဆုံး လက်ခံနှုန်းမှာ ၁၉၅ ယောက်သာ ဖြစ်သည်။ စာသင်ခန်းတစ်ခန်းတွင်လည်း ၁၉ ယောက်သာ ထားသည်။
- ပညာရေးစနစ် အောင်မြင်ရခြင်းမှာ စာရေး၊ စာဖတ်ကို အလွန် တန်ဖိုးထားခြင်း၊ လူဦးရေကလည်း မနည်း မများ ဖြစ်နေခြင်းတို့နှင့်လည်း သက်ဆိုင်သည်။
- ပညာရေးတွင် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နေသော်လည်း ကမ္ဘာ့ PISA စာမေးပွဲစနစ်တွင် အခြားနိုင်ငံများလောက် မြင့်မားခြင်း မရှိ။
- အခြားနိုင်ငံများမှာကဲ့သို့ပင် ပညာရေးတွင် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့နိုင်မှု အခက်အခဲများကို ရင်ဆိုင်နေရခြင်း၊ နိုင်ငံခြားမှ ပြောင်းရွှေ့ လာရောက် နေထိုင်သူများ အလွန် များပြားနေခြင်းများနှင့် ရင်ဆိုင်နေရသည်။

E-01 (Ref: Could subjects soon be a thing of the past in Finland?, Penny Spiller)