POST TYPE

EDUCATION

ဗီယက်နမ်နိုင်ငံမှ ကလေးများ၏ ပညာရေး ပြဿနာများ
18-May-2017 tagged as

ဗီယက်နမ်နိုင်ငံတွင် ပညာရေးဆိုင်ရာ ပြဿနာများအနက် အရေးအကြီးဆုံး ပြဿနာ လေးရပ်ကို Vietnam.net တွင် ဖော်ပြထားရာ မိဘများက ယင်းလေးရပ်အနက် တစ်ခုခုကို မိမိတို့ ကျူးလွန်နေကြောင်း ဝန်ခံကြသည်ဟု ပြောကြားသည်။ 

ပထမပြဿနာမှာ မိဘများထဲမှ အထူးသဖြင့် မြို့နေလူတန်းစား မိဘများသည် သူတို့သားသမီးများကို အလွန် ထူးချွန်သော ပါရမီရှင် ကလေးများ ဖြစ်စေချင်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ထူးချွန်ကျောင်းသားများ ဖြစ်လာရေးအတွက် ထူးချွန်သော ဆရာများကို ငှားရမ်းကာ လေ့ကျင့် သင်ကြားခြင်း၊ သူတို့ ကလေးများကို ကျောင်းကောင်းကောင်း၊ ဆရာကောင်းကောင်းထံတွင်သာ အပ်နှံသင်ကြားခြင်းများကို လုပ်ဆောင်လာကြသည်။

ကျောင်းသားများကိုလည်း မိဘများက သူတို့ဆန္ဒထက် မိမိတို့ ဖြစ်စေချင်သည့် ဆန္ဒအတိုင်း သင်္ချာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များတွင် ထူးချွန်ကျောင်းသားများ ဖြစ်လာစေရေးကို အလေးပေး လုပ်ဆောင်ခိုင်းကြသည်။ ထို့ကြောင့် အခြားသော ဘာသာရပ်များသည် လေ့လာစရာ၊ စိတ်ဝင်စားစရာ ဘာသာရပ်များ မဟုတ်သယောင် ဖြစ်သွားခဲ့သည်။ လူမှုရေးပညာရပ်များ၊ ပန်းချီနှင့်၊ ဝိဇ္ဇာပညာရပ်များကို လေ့လာ ကောင်းစရာ ဘာသာရပ်များ မဟုတ်သယောင် မိဘများရော၊ ကျောင်းသားများပါ ထင်မြင်ယူဆလာကြသည်။

ထို့ကြောင့် ကျောင်းသား အများစုသည် သင်္ချာ မရမည်၊ အင်္ဂလိပ် မရမည်သာ အလေးထားလာကြပြီး ထူးချွန်ကျောင်းသား ဖြစ်ရေးဆိုသည်မှာ ထိုနှစ်ဘာသာလောက်တွင် ထူးချွန်သူများဟု ထင်မှတ်နေကြသည်။

ဒုတိယ ပြဿနာမှာ မိဘတိုင်းက မိမိတို့ သားသမီးများကို ဘီလီယံကြွယ် သူဌေးကြီးများ ဖြစ်စေလိုနေခြင်းပင် ဖြစ်သည်။ 

ဗီယက်နမ်မှ မိဘများသည် ပြိုင်ဆိုင်အား အရမ်း ကြီးမားလာကြသည်။ မိဘချင်း ပြိုင်ဆိုင်ကြသည့်ကြားတွင် ကလေးတွေက ဓားစာခံ ဖြစ်နေကြရသည်။ သူတို့ မဖြစ်ခဲ့ရသည်များကို ကလေးများ ဖြစ်လာစေရန် အတင်းတွန်းအားတွေ ပေးနေကြသည်။ ထို့ကြောင့် မြို့ပြတွင် ပညာရေး ဆိုသည်မှာ ပြိုင်ပွဲကြီးတစ်ခုလို ဖြစ်လာသည်။ သူတို့က အဓိက ကျသည့် ဘာသာရပ်များကိုသာ ကလေးများအား သင်ကြားစေပြီး၊ ထိုကဲ့သို့ သင်ယူနိုင်ရန်လည်း ငွေကုန်ကြေးကျ ခံနိုင်ရန် ကြိုးစား ရှာဖွေကြလေ့ရှိသည်။ မြန်မြန်ချမ်းသာရေးအတွက် ဖြတ်လမ်းလိုက်ရသည်ဖြစ်စေ သူတို့လိုက်ရန် အသင့် ဖြစ်နေကြသည်။ ပညာရေးတွင် ဖြတ်လမ်း မရှိသည်ကို သူတို့ သတိမမူနိုင်တော့ပေ။ 

ရလဒ်အနေနှင့် သာမန် သိပ္ပံ ဘာသာရပ်များနှင့် ဝိဇ္ဇာဘာသာရပ်များသည် ငွေကုန်ခံပြီး သင်စရာမလိုဟု ယူဆလာသောကြောင့် လူ့ဘောင် ဖွံ့ဖြိုးရေးအတွက် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆ အတွေးအခေါ်များ၊ နိုင်ငံသမိုင်းနှင့် လူမှုရေးဆိုင်ရာ လေ့လာ သင့်၊ သိသင့်သည့် အတွေးအမြင်များ နည်းပါလာကြသည်။

ကျောင်းတက်သည်ဆိုခြင်းမှာ တက္ကသိုလ် တက်နိုင်ရေး၊ မာစတာဘွဲ့၊ ဒေါက်တာဘွဲ့ ရနိုင်ရေးလောက် ဦးတည်လာကြသည်။ လက်ရှိ အနေအထားတွင် ဗီယက်နမ်နိုင်ငံသည် ကမ္ဘာကို ထုတ်ကုန် အများဆုံး တင်ပို့နိုင်စေရန် ကြိုးပမ်းနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ သူတို့ သားသမီးများကို တရုတ်နိုင်ငံလို  မာစတာနှင့် ဒေါက်တာဘွဲ့များယူရန် ပြည်ပ မပို့နိုင်သေးသောကြောင့်သာ ငြိမ်နေကြသည်။ စီးပွားရေး ပိုကောင်းပြီး ငွေကြေး တတ်နိုင်လျှင် တိုင်းပြည်ထဲက အကုန်ထွက်ပြီး နိုင်ငံခြားကျောင်းများတွင် သွားထားချင်သည့် စိတ်ထားများ ရှိနေကြသူများ ဖြစ်ကြသည်။

တတိယ ပြဿနာမှာ ဗီယက်နမ် ဆရာများသည် ကျောင်းသားများကို စာအရမ်းသင်နေသော သူများဖြစ်သည်။ သူတို့သည် လုပ်ငန်းခွင်နှင့် ကျွမ်းကျင်မှုရှိရေးဆိုသည့် သဘောတရားများကို မေ့ထားကြသည်။ အထူးသဖြင့် တွေးခေါ်ပုံ တွေးခေါ်နည်းများကို သင်ကြားရကောင်းမှန်း မသိသည်က ပိုဆိုးသည်။ 

ကျောင်းသားများသည် ကျောင်းတွင် စာအုပ်ထဲကပါသည့် သဘောတရားများကိုသာ အလွတ် ကျက်နေကြရသည်။ လက်တွေ့ လုပ်ဆောင်ရန် အခွင့်အလမ်းလည်းမရ၊ လုပ်ဆောင်ချိန်လည်း မပေးကြပေ။ လက်တွေ့ လုပ်ဆောင်ရန်ထက် စာအုပ်ထဲက အခန်းတစ်ခန်း မြန်မြန်ပြီးရေးမှာ ပိုပြီး အရေးကြီးနေသည်။ 

တက္ကသိုလ် တက်နေသော ကျောင်းသားများမှာလည်း ဆရာ ပြောနေသည်ကို လိုက်ရေးနေသည့် အဆင့်တွင်သာ ရှိသည်။ ပြဋ္ဌာန်းစာအုပ်ကလွဲပြီး မည်သည့်စာအုပ်မှ မဖတ်ကြ။ ဖတ်စရာ စာအုပ်တွေလည်း မရှိ။ ရှိအောင်လည်း မကြိုးစားပေ။ ကိုယ်တိုင်လေ့လာ၊ ကိုယ်တိုင်သင်ယူ၊ ကိုယ်တိုင်စမ်းသပ်၊ ကိုယ်တိုင်ဖော် ထုတ်ခြင်းများ လုံးဝ မရှိပေ။ 

စတုတ္ထ ပြဿနာမှာ မိဘတိုင်းက သူတို့၏ သားသမီးများကို အမေရိကရှိ ထိပ်တန်းကျောင်းများကို ပို့နိုင်ရေး ဖြစ်နေသည်။

အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာတစ်ဝန်းလုံးရှိ ကျောင်းသားတိုင်း၏ အိပ်မက်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ချမ်းသာသည့် မိဘများက ကျောင်းစထားသည်နှင့် တို့ကတော့ အမေရိကဆိုသည့် ခံယူချက်ဖြင့် စာသင်ခိုင်းနေကြခြင်းမှာ ယနေ့ ဗီယက်နမ်နိုင်ငံ၏ ခေတ်ပေါ် ရောဂါတစ်ခုပင် ဖြစ်ပါသည်။

E-01
(Ref : Four Major Problems In Educating Children in Vietnam)

  • TAGS