News

POST TYPE

EDUCATION

ကျောင်းကား
18-May-2017 tagged as


ကျောင်းကားဆိုသည်မှာ ကျောင်းသူ ကျောင်းသားများအား ကျောင်းမှအိမ်၊ အိမ်မှ ကျောင်းသို့ သယ်ယူပို့ဆောင်ပေးရန် စီစဉ်ပေးထားသည့် ဘတ်စ်ကားစနစ်တစ်မျိုး ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူတိုင်း၏ အရေးအတွက်၊ အခြားသော ပွဲများအတွက်လည်း သယ်ယူ ပို့ဆောင်ပေးရာတွင်လည်း စီစဉ်ပေးထားသည့် ကားများကို ကျောင်းကားဟု ခေါ်ပါသည်။

မြောက်အမေရိကတွင် ကျောင်းကားဆိုသည်မှာ အခြား ကားများနှင့်မတူစေရန် ဒီဇိုင်းပုံစံကအစ သီးခြား ဖော်ဆောင်ထားရသည်။ အထူးသဖြင့် ကျောင်းကား ဆိုသည်မှာ အဝါရောင်များသာ ဖန်တီးထားလေ့ ရှိသည်။ အချို့သော ပြည်နယ်များတွင် ဘတ်စ်ကားအစား တက္ကစီကားများ အနေနှင့်လည်း ကျောင်းကားများကို စီစဉ်ပေးထားကြောင်း သိရသည်။ ကျောင်းကားများကို အဝါရောင်အဖြစ် အသွင် ပြောင်းထားရခြင်းမှာ အခြားကားများနှင့်မတူ၊ သီးခြားထင်ရှားသည့် အရောင်တစ်ခု အနေနှင့် ပေါ်လွင်နေစေလို၍ဖြစ်ပြီး အဓိကမှာ ကျောင်းသားများအတွက် အထူးလုံခြုံရေးကို ပေါ်လွင်စေရန် အဝါရောင် အသွင် ပြောင်းထားခြင်း ဖြစ်သည်။

ကျောင်းကား ဆိုသည်မှာ ကျောင်းသားများကို ကြိုဆိုခြင်း၊ ပြန်ပို့ခြင်းများကို လုပ်ဆောင်ပေးရန် သာမက ကျောင်းသားများ၏ လုံခြုံရေး၊ အန္တရာယ် မဖြစ်ရေး၊ မတော်တဆမှုများ မကြုံတွေ့နိုင်စေရေးတို့ကို အလေးပေး ဆောင်ရွက်ထားရမည့် ယာဉ်များ ဖြစ်ရန်လည်း လိုပါသည်။

ကျောင်းသားများ လုံခြုံရေးအတွက် ဘတ်စ်ကားများတွင် အရေးပေါ် ထွက်ပေါက်ကြီးတစ်ပေါက် ပါရှိရန်လိုပါသည်။ အဝင်အထွက် တံခါးတစ်ပေါက် အပြင် အရေးပေါ်ထွက်ပေါက်ကို မဖြစ်မနေ ထည့်သွင်းပေးရန်ဖြစ်သည်။ အရေးပေါ်ထွက်ပေါက်ကို များသောအားဖြင့် နောက်ဆုံး အပေါက်တွင် တံခါးကြီး တစ်ချပ်အဖြစ် ဖန်တီးထည့် ပေးထားကြပါသည်။ ကား အင်ဂျင်ကို အနောက်တွင် ထားသည့် ကားများအတွက် ဘေးဘက်တွင် အရေးပေါ် ထွက်ပေါက်ကို ထားပေးထားရသည်။ 
အခြားသော အရေးပေါ် ထွက်ပေါက်များအနေနှင့် ဘတ်စ်ကား၏ အမိုးပေါ်နှင့် ပြတင်းပေါက်များကို အသုံးပြုနိုင်သည်။ အရေးပေါ် ထွက်ပေါက်တိုင်းသည် အချက်ပေးသည်နှင့် အလိုအလျောက် ဖွင့်ပေးသောစနစ်များ ထည့်သွင်းထားရန်လည်း လိုသည်။ အရေးပေါ် ထွက်ပေါက်ဆိုသည်မှာ ကျောင်းကား အရွယ်အစားအပေါ် မူတည်ပြီး ကွာခြားနိုင်ပါသည်။ အရေအတွက်ကလည်း ကားအမျိုးအစားအလိုက် ကွာခြားနိုင်ပါသည်။ သို့သော် ကျောင်းကားဟု သတ်မှတ်လိုက်ပါက အရေးပေါ် ထွက်ပေါက်များနှင့် အလိုအလျောက် ဖွင့်ပေးနိုင်မည့် စနစ်များကိုလည်း ထည့်သွင်းပေးထားရန် လိုအပ်ပါသည်။ 
လွန်ခဲ့သော နှစ် ၂၀ ခန့်ကစပြီး ကျောင်းကားများတွင် ဗီဒီယိုကင်မရာများ တပ်ဆင်လာကြသည်ကို တွေ့ရသည်။ အထူးသဖြင့် ကျောင်းကားများ အတွင်း၌ ထားကြခြင်းဖြစ်သည်။ ကျောင်းသားများ ကားထဲတွင် ဘာတွေလုပ်နေသည်ဆိုခြင်းကို မှတ်တမ်း တင်ထားရန် ဖြစ်ပါသည်။ ဗီဒီယို ကင်မရာထားခြင်းသည် မတော်တဆမှု တစ်ခုခု ဖြစ်လာပါကလည်း မှတ်တမ်း ဖြစ်နိုင်ပါသည်။ 

၂၀ဝ၀ ပြည့်နှစ် မတ်လ ၂၈ ရက်နေ့က ဂျော်ဂျီယာပြည်နယ်၊ မာရေးကောင်တီတွင် ကျောင်းကားနှင့် ကုန်တင် ရထားတစ်စီး တိုက်မှု ဖြစ်ပွားခဲ့ပါသည်။  ရထားဖြတ်လမ်းမီးအချက်ပြခြင်း မရှိသောကြောင့် ကားကိုဖြတ်မောင်းရာ ရထားက ကျောင်းကားကို တိုက်မိပြီး ကျောင်းသား သုံးဦး သေဆုံးခဲ့ရသည်။ ကျောင်းကားကို မောင်းလာသူက ရထားဝင်လာသည်ကို တွေ့သဖြင့် ရပ်လိုက်ကြောင်း တရားရုံးတွင် ထွက်ဆိုသည်။ သို့သော် ကားပေါ်တွင် ပါလာသည့် ဗီဒီယို မှတ်တမ်းတွင် ကျောင်းကားကို မရပ်ဘဲ မောင်းသွားသောကြောင့် တိုက်မိခြင်းဖြစ်ကြောင်း တွေ့ကြရသည်။ 

နောက်ပိုင်းတွင် ကျောင်းကား၌ ကားထဲတွင် သာမက ကားပတ်လည်တွင်ပါ လုံခြုံရေးအတွက် ကင်မရာများကို တပ်ဆင်လာကြကြောင်း တွေ့ရသည်။ လမ်းအန္တရာယ် ကိစ္စများ ကြုံတွေ့လာလျှင် မည်သူ့အမှားကြောင့် ဆိုသည်ကို အဖြေရှာရန်ဖြစ်သည်။ 

ကျောင်းကားများတွင် အရေးအကြီးဆုံးမှာ ခါးပတ်ဖြစ်သည်။ ကျောင်းကား အများစုသည် ခါးပတ် မထားကြောင်း တွေ့ရပါသည်။ သို့သော် နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၌လည်း ခါးပတ်များ ထားပေးရန် အမိန့်ထုတ်လာကြောင်း တွေ့ရသည်။ ကျောင်းကား အသေးစားများတွင် မဖြစ်မနေ ခါးပတ် ထည့်သွင်းမှုများကို လုပ်ဆောင်လာကြသည်။ စင်ကာပူနိုင်ငံ ကျောင်းကား အသေးစားများတွင် ခါးပတ်စနစ်ကို ကျင့်သုံးကြကြောင်း တွေ့ရသည်။ 
တရုတ်နိုင်ငံတွင် အများဆုံး အသုံးပြုသည့် ကျောင်းကား အမျိုးအစားမှာ FAW ကားများဖြစ်ပြီး ကျောင်းသား ၃၅ ဦး တင်နိုင်သည့်ကားများ ဖြစ်သည်။ ၁၆ ဦးမှ ၂၄ ဦးအထိ တင်နိုင်သော ဘတ်စ်ကားများလည်း ထုတ်သည်။ သို့သော် ကျောင်းကားကို မတန်တဆ တင်ပြီး မောင်းနှင်မှုများလည်း တွေ့ရသည်။ ကျောင်းကား မတော်တဆ အများဆုံးဖြစ်သော နိုင်ငံဖြစ်သည်။ 

ဟောင်ကောင်တွင် ကျောင်းအကြို အပို့ကားများကို Nanny Van ဟုခေါ်သည်။ ဗင်ကားများမှာ အသေးစား မီနီဘတ်စ်များ ဖြစ်ကြသည်။ ဗင်ကျောင်းကားများကို အစိုးရက ချုပ်ကိုင်ထားပြီး ပြေးဆွဲလျက် ရှိသည်။ 

စင်ကာပူနိုင်ငံတွင် Public Transport အနေနှင့် ကျောင်းကားများကို စီစဉ်ပေးထားသည်။ လိုင်းနံပါတ်များကို ၃၁၊ ၇၂၊ ၈၈၊ ၁၇၉၊ ၁၉၉ ဟူ၍ သတ်မှတ်ပေးထားသည်။ ထို့အတူ ကျောင်းသားများအတွက် ရထားဖြင့် ကြိုပို့ပေးသည့် အစီအစဉ်များလည်း ရှိသည်။ ကျောင်းသားများ ကြိုပို့ရန် ကျောင်းကား အစီအစဉ်များကို ပြည်တွင်းရှိ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး တာဝန်ယူထားသော ကုမ္ပဏီများနှင့် ညှိနှိုင်းလုပ်ဆောင်နေကြောင်း တွေ့ရသည်။

၁၉၇၂ ခုနှစ် လောက်ကစတင်ပြီး တိုက်ခိုက်မှု ဒဏ်ကို ခံနိုင်ရည်ရှိမည့် ဘတ်စ်ကားများကို ကျောင်းကားပုံစံများဖြင့် ထုတ်လုပ်လာကြကြောင်း တွေ့ရသည်။ အမေရိကန်ပြည်ထောင်စု UCLA အဖွဲ့က အမျိုးမျိုး စမ်းသပ်ပြီးနောက် ကျောင်းကား အတွင်းရှိ ထိုင်ခုံများ၏ လုံခြုံရေးကို ကြမ်းပြင်မှ ထိုင်ခုံအမြင့် ၂၈ လက်မ၊ ထိုင်ခုံတစ်ခုနှင့် တစ်ခုကြား ၂၄ လက်မ အကွာရှိရမည်ဟု သတ်မှတ်ခဲ့သည်။    
      
E-01
(Singapore School Bus, TODAY)

  • TAGS