News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ပထမတန်းသင်ရိုး)
ဇွန်လဆန်းတွင် အခြေခံပညာကျောင်းများ စဖွင့်တော့မည်။ ယခု မေလ ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားသည်။ အခြေခံပညာရေးကို ၁၂ တန်း ပညာရေးစနစ်သို့ ပြီးခဲ့သည့်နှစ်က စတင်ပြောင်းလဲထားသည်။ ၁၂ တန်း ပညာရေးစနစ် ဆိုသည်မှာ သူငယ်တန်း တစ်နှစ်၊ ပထမတန်းမှ ပဉ္စမတန်းအထိ မူလတန်းဆင့် ပညာရေး၊ ဆဋ္ဌမတန်းမှ နဝမတန်းအထိ အလယ်တန်းဆင့် ပညာရေး၊ ဒသမတန်းမှ ဒွါဒသမတန်း (၁၂ တန်း) အထိ အထက်တန်းဆင့်ပညာရေး ဟူ၍ သတ်မှတ်ခြင်း ဖြစ်သည်။ သူငယ်တန်း (KG) ကို သင်ရိုးသစ်ဖြင့် ပြီးခဲ့သည့် နှစ်ကတည်းက သင်ကြား၊ သင်ယူစေသည်။ ယခုနှစ်တွင် ပထမတန်းကို သင်ရိုးသစ်ဖြင့် သင်ကြားမည် ဖြစ်သည်။ တစ်နိုင်ငံလုံးတွင်လည်း မြို့နယ်အလိုက် ပထမတန်း သင်ရိုးသစ်သင်တန်းများ ပို့ချလျက်ရှိသည်။ ပထမတန်းသင်ရိုးကို စတင်ပြောင်းလဲသင်ကြား၊ သင်ယူမည်ဖြစ်ရာ ယင်းသင်ရိုး သစ်သင်ကြားမှုနှင့် ပတ်သက်၍ အခက်အခဲ ရှိနိုင်မည့် အပိုင်းများ၊ လိုအပ်မည့် အကြောင်းအရာများကို ဆရာ၊ ဆရာမများ၏ ကိုယ်ပိုင်အမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

“တခြားအတန်းတွေလည်း ကျူရှင်သင်တယ်။ ငါတို့လည်း သင်မှဖြစ်မယ် ဆိုရင်တော့ အခက်အခဲ ဖြစ်ပါလိမ့်မယ်”
ဒေါ်နီလာဝင်း (အ.ထ.က ၃၅၊ မူလတန်းပြ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့)

ပထမတန်း သင်ရိုးသစ် သင်တဲ့အခါ ဘာတွေအခက်အခဲ ရှိနိုင်မလဲဆိုတာ သူငယ်တန်းတုန်းကလိုပါပဲလို့ ပြောရပါလိမ့်မယ်ရှင့်။ ဆိုလိုတာ ဆရာလိုတာပါပဲ။ အခက်အခဲက ကျောင်းသားမိဘကို ဒီသင်ရိုးအကြောင်း နားလည်အောင် စည်းရုံးဖို့ ရှိပါမယ်။ စည်းရုံးဖို့က ခက်ခဲပါတယ်။ ကျွန်မ ကျောင်းသား ၅၀ မှာ ကျောင်းသားအယောက် ၃၀ ရဲ့ မိဘကို တွေ့ဖို့တောင် ခက်ခဲပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ် သွားလာလှုပ်ရှားရတာ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရတာ ဘဝတွေများတဲ့အခါ ခေါ်တိုင်းလာဖို့၊ စည်းရုံးဖို့ မလွယ်တာပါ။ ပြီးတော့ ပြောတာကို လက်ခံနားလည်နိုင်မှုပါ။ ဒါကတော့ အချို့ပါပဲ။ အားလုံးကို ဆိုလိုတာတော့ မဟုတ်ပါဘူးရှင့်။ အတွေးအခေါ်လွဲပြီး စာတစ်ခုတည်း သွားချင်တဲ့ မိဘတွေ ရှိတယ်။ 

နောက်တစ်ပိုင်း သင်ရိုးသစ် အောင်မြင်ဖို့ အတွက် ဆရာတွေအပိုင်း။ ဆရာတွေအနေနဲ့ သူငယ်တန်း သင်ရိုးသစ်တုန်းကလည်း ပြောင်းလဲခဲ့မယ်။ အခုသင်ရိုးသစ်ကိုလည်း ယုံယုံကြည်ကြည်နဲ့ ပြောင်းမယ်ဆိုရင် အခက်အခဲ မရှိပါဘူး။ သင်တန်းတွေတက်ပြီး ဒီသင်ရိုးကို ယုံကြည်ခဲ့တယ်။ သင်ရိုးရဲ့ ကောင်းကျိုးကိုလည်း ယုံကြည်တယ်။ စိတ်ထားလည်း ပြောင်းတယ်။ ကလေးတွေအတွက် ကောင်းကျိုးကို တကယ်လိုလားတဲ့စိတ် ပြောင်းလဲမယ်ဆိုရင် အဆင်ပြေတယ်။ ဒီလိုမဟုတ်ဘဲ တခြားအတန်းတွေလည်း ကျူရှင်သင်တယ်။ ငါတို့လည်း သင်မှဖြစ်မယ် ဆိုရင်တော့ အခက်အခဲ ဖြစ်ပါလိမ့်မယ်။ 

သင်ထောက်ကူ အပိုင်းကတော့ ကျွန်မတို့ ဆရာမတွေက လွယ်လွယ်ကူကူနဲ့ ကိုယ့်ပတ်ဝန်းကျင်က ရနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပြီးပေးတယ် ဆိုတဲ့အခါ အဲဒီအပိုင်းက သိပ်ပြီး မခဲယဉ်းဘူးရှင့်။ သင်ကြားရတာလည်း မခဲယဉ်းဘူး။ ကျောင်းသားမိဘကို စည်းရုံးဖို့နဲ့ စာအုပ်တွေ ပြည့်ပြည့်စုံစုံရဖို့ပါ။ အခုစာအုပ်က ကျွန်မတို့လက်ထဲ မရောက်သေးတော့ စိုးရိမ်နေရတယ်ရှင့်။ ကလေးတိုင်း၊ ကျောင်းသားတိုင်း မရမှာ စိုးရိမ်တာရှင့်။ နောက်ဆုံးအဆင့် ဆရာလမ်းညွှန်က အပြည့်အစုံ မရရင်တောင် ရှိတဲ့ဆရာတွေဆီက မိတ္တူကူးပြီး ကိုင်လို့ရသေးရှင့်။ စာအုပ်ကို စာသင်ချိန် ဇွန်လ ၁ ရက်အမီ ကလေးတွေအားလုံး လက်ထဲ ရစေချင်ပါတယ်။ ၏

ထပ်ဆောင်းဘာသာရပ်ခေါ်တဲ့ တွဲဖက်သင်ရိုးဝင် ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး အရင်တုန်းကတော့ ဆရာတွေ စိတ်ပါမှ သင်သလိုဖြစ်ပြီး အခု တကယ်ရော သင်နိုင်မလားဆိုတော့ ကျွန်မ တိုင်းအဆင့် သင်တန်းတက်ခဲ့တဲ့ ဆရာမတစ်ဦး အနေနဲ့ လေ့လာမိသလောက် ကလေးနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် သင်ခန်းစာတွေ ဖန်တီးထားတာဖြစ်လို့ ဖိစီးမှု တအားမများဘူး။ ဆရာကလည်း တကယ်ကြိုးစားမယ်ဆိုရင် ဒီဆယ်ဘာသာလုံးကို ထိထိမိမိ၊ ဖိဖိစီးစီးနဲ့ သင်နိုင်မယ်လို့ ယူဆတယ်။ သင်ခန်းစာ စီစဉ်ပုံကလည်း အဲဒီလိုဖြစ်အောင် စီစဉ်ထားတာမို့ သင်ရိုးဟောင်းနဲ့ မတူဘဲ သင်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ လောလောဆယ် ဆရာ လိုအပ်ချက်တော့ ရှိတာပေါ့ရှင့်။ တွဲဖက်သင်ရိုးဝင် ဘာသာရပ်တွေက ဘာသာကြီးတွေ ပုံစံဖြစ်လာလို့ ဒါကိုလည်း သင်နိုင်လိမ့်မယ်လို့ ကျွန်မ ယူဆပါတယ်။ 

ကျောင်းသား၊ ဆရာဦးရေကို အဆင်ပြေအောင်၊ ကျောင်းသားဦးရေအလိုက် သင်ထောက်ကူပစ္စည်း ထောက်ပံ့မှုကို ညီမျှစေချင်ပါတယ်ရှင့်။

ဆရာတွေအနေနဲ့ နိုင်ငံတော်ရဲ့ ပညာရေး အစီအမံ၊ ပြောင်းလဲနေတာကို သင်တန်းပေးတယ်။ ကောင်းတယ်ဆို လက်ခံပြီး ကျွန်မတို့ဘက်က ကြိုးစားဖို့ လိုပါလိမ့်မယ်။ သင်ရိုးဟောင်းပုံစံ အတိုင်းတော့ သင်လို့ အဆင်မပြေနိုင်ဘူးရှင့်။ သင်ရိုးသစ်က ကလေးကို စာသင်တာထက် ကလေးကို အသိပညာပိုင်း ပြုစုပျိုးထောင်ပေးတာ။ ဆိုလိုတာ စာရော စိတ်ရော သင်ပေးလိုက်တာပါ။ မူလတန်းမှာ အမူအကျင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အဓိကထား သင်ရမယ့် အသက်အရွယ်ရှင့်။ လေ့ကျင့်ပျိုးထောင်မှုနဲ့ အသိပညာ ဖွံ့ဖြိုးအောင် ဆရာတွေက ယုံကြည်မှုနဲ့ တကယ်အားဖြည့် ကြိုးစားမယ်ဆိုရင် အဆင်ပြေပါမယ်။ သင်ရိုးဟောင်းအတိုင်း သင်မယ်၊ သွားမယ် ဆိုရင်တော့ သင်ရိုးသစ် ရည်ရွယ်ချက် မပေါက်မြောက်နိုင်ပါဘူးရှင့်။ သင်နည်းကွာတာနဲ့ ကျောင်းသားရဲ့ ရလဒ်ကလည်း အများကြီးကွာ သွားပါလိမ့်မယ်ရှင့်။                                                 

“ကျွန်မတို့ဘက်ကတော့ အားလုံး အဆင်သင့် ဖြစ်နေပါပြီ”
ဒေါ်အိမွန်ဝင်း (အ.ထ.က(ခွဲ) ၃၊ ချမ်းမြသာစည်မြို့ နယ်၊ မန္တလေးမြို့)

ကျွန်မ မနှစ်တုန်းကလည်း သူငယ်တန်း သင်ရိုးသစ် သင်တန်းကို တက်ခဲ့ပါတယ်။ ဒီနှစ်လည်း ပထမတန်း သင်ရိုးသစ်သင်တန်းကို တက်နေပါတယ်။ ကျွန်မအနေနဲ့ အဓိက ပြောလိုတာက Work Book ပေါ့။ သူငယ်တန်းမှာလည်း Work Bookရှိတယ်။ ပထမတန်း သင်ရိုးသစ်မှာလည်း Work Book ရှိတယ်။ Work Book ဆိုတာ ကျောင်းကပေးတဲ့ စာအုပ်ထဲမှာတင် အဆင်သင့် အမှန်ခြစ်ပြီး ရွေးတာမျိုးပေါ့။ ပြီးခဲ့တဲ့နှစ် သူငယ်တန်းတုန်းကလည်း ကျွန်မတို့ အဲဒီစာအုပ်တွေ အပြည့်အစုံ မရခဲ့ဘူး။ ဆိုတော့ ဒီနှစ်လည်း ပထမတန်း သင်ရိုးသစ်အတွက် မရမှာ စိုးရိမ်တယ်။ ပထမတန်း သင်ရိုးသစ်မှာ အဲဒီ Work Book မရလို့ မဖြစ်ဘူးရှင့်။ ဒီ Work Book က တစ်နှစ်တာလုံးအတွက် အရေးကြီးတဲ့အပိုင်း ဖြစ်နေတယ်ရှင့်။ 

တွဲဖက်သင်ရိုးဝင် ဘာသာရပ်တွေ သတ်မှတ်ချိန်အပြည့် သင်ကြားနိုင်ပါ့မလား ဆိုတော့ သင်ကြားနိုင်ပါမယ်။ အရင်တုန်းကတော့ တွဲဖက်သင်ရိုးဝင် ဘာသာရပ်ပေါ့။ အခုက ဒီဘာသာရပ်တွေကို အဓိက ဘာသာရပ် နေရာတွေကနေ ထည့်ထားတာရှင့်။ တွဲဖက်သင်ရိုးဝင်မှာတုန်း ကလည်းပဲ ကျွန်မတော့ သေချာသင်ခဲ့တယ်။ ဆိုတော့ အခုသင်ရိုးသစ် ပိုအရေးကြီးတဲ့နေရာကနေ ထည့်ထားတာဆိုတော့ ကလေးတွေကို တကယ်သင်ပေးကြမှာပါ။ ကျွန်မတို့လည်း သင်ကြမှာပါ။ သင်တန်းကိုတော့ မပြီးသေးဘူး။ ဒါပေမဲ့ လေ့လာနေတဲ့ အပိုင်းအခြားမှာတော့ ကျွန်မတို့ တအားပျော်တယ်။ ကလေးတွေလည်း တအားပျော်မယ်လို့ ထင်ပါတယ်ရှင့်။ အဓိက နိုင်ငံတော်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ပထမတန်း ကလေးတွေကို Work Book ကို အခမဲ့ ဖြန့်ပေးတာကို အားလုံးလက်ထဲ လုံလောက်အောင် ပေးနိုင်ရင် ကျွန်မတို့အတွက် အဆင်ပြေပြီရှင့်။ 

ဒီသင်ရိုးသစ်က ကောင်းမွန်ပါတယ်။ ကလေးတွေအတွက် ကောင်းတယ်။ ဒါပေမဲ့ ပံ့ပိုးမှု လိုနေလို့သာရှင့်။ ကျွန်မတော့ ကြိုက်တယ်ရှင့်။ ကျွန်မတို့ ဆရာတွေဘက်က အသင့်ဖြစ်နေပြီလား ဆိုတော့ ကျွန်မအနေနဲ့ကတော့ အသင့်ဖြစ်ပြီရှင့်။ မနှစ်က သူငယ်တန်းတုန်းက သင်ထောက်ကူ အများကြီးသုံး သင်ရတာတောင် ရအောင်သင်ခဲ့တာ။ ကျွန်မတို့ လစာတစ်သိန်းခွဲ။ မိဘကို အကုန်မပေးနိုင်ဘူး။ လစာထဲကနေ သင်ထောက်ကူပစ္စည်း လိုအပ်တာ ဝယ်တန်တာ ဝယ်တယ်။ ပထမတန်း သင်ရိုးသစ်က သူငယ်တန်း သင်ရိုးသစ်လောက် ဖိအားသိပ်မရှိဘူး။ အဲဒီအတွက် ပိုပြီး ပြင်ဆင်လို့ရတယ်။ အဓိက Work Book ပဲ။ ကျွန်မတို့ဘက်ကတော့ အားလုံး အဆင်သင့် ဖြစ်နေပါပြီ။

နေဇာကျော်

(ပထမတန်း သင်ရိုးသစ်အကြောင်း အသေးစိတ်ကို မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာအလိုက် သင်ရိုးရေးဆွဲပြုစုရေးအဖွဲ့ အဖွဲ့ဝင်များနှင့် The Voice တို့ တွေ့ဆုံမေးမြန်းထားသည့် http://the voicemyanmar.com/teacher-voice/5637-ack မှတစ်ဆင့် ဘာသာရပ်အလိုက် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။)