News

POST TYPE

EDUCATION

ဗြိတိန်၏ အသက်အကြီးဆုံး ဘွဲ့ရဘွားဘွား ၉၈ နှစ်တွင် ဘွဲ့ယူ
18-May-2017 tagged as ပညာရေး

ဗြိတိန်နိုင်ငံ အစ်ဝစ်ခ်ျမှ အသက် ၉၈ နှစ်အရွယ် ဘွားဘွားတစ်ဦးသည် လန်ဒန်တက္ကသိုလ်က ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိခဲ့သောကြောင့် ဗြိတိန်နိုင်ငံ၏ အသက်အကြီးဆုံး ဘွဲ့ရသူတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားကြောင်း The Mirror သတင်းတွင် ဖော်ပြထားသည်။

ဖရီဒါ စမစ်သည် ၄၄ နှစ်တိုင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုကာလအတွင်း ၁၉ ရက်သာ နာမကျန်းဖြစ်သောကြောင့် ခွင့်ယူခဲ့ဖူးကြောင်း ယင်းသတင်းက ဆိုသည်။ 

ဖရီဒါကို ရိုဟမ်တန်တက္ကသိုလ်တွင် အခမ်းအနားဖြင့် ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ထိုတက္ကသိုလ်သည် သူမသုံးနှစ် ဘွဲ့တက်ခဲ့စဉ်က ငွေကြေးမတတ်နိုင်သောကြောင့် ဘွဲ့မရမီ ကျောင်းထွက်ခဲ့ရသည့် တက္ကသိုလ်လည်း ဖြစ်သည်။

သူသည် ၁၉၈၁ ခုနှစ်တွင် ကောလိပ်က ပေးအပ်သည့် ဆရာအတတ်သင် အရည်အချင်းပြည့် အောင်လက်မှတ်တစ်ခု ရရှိခဲ့ပြီး အစ်ဝစ်ခ်ျ Sprites Infant School ကျောင်းတွင် ၁၉၆၅ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကောလိပ်ဘွဲ့ သုံးနှစ်တက်ရမည့် သင်တန်းကို ၂ နှစ်တက်ပြီးနောက် မိဘများ ဆင်းရဲသဖြင့် ကျောင်းမတက်နိုင်တော့ဘဲ ထွက်ခဲ့ရသည့် ဖရီဒါသည် အကြိမ်ကြိမ် ကျောင်းပြန်တက်ရန် ကြိုးစားသော်လည်း စစ်ဖြစ်သဖြင့် ကျောင်းဆက်မတက်ဖြစ်ခဲ့တော့ပေ။

အသက် ၉၈ နှစ်အရွယ် ရှိပြီ ဖြစ်သော်လည်း ဖရီဒါသည် မှတ်ဉာဏ်များ ကောင်းနေဆဲဖြစ်ပြီး၊ ဘွဲ့ယူသည့်နေ့က အခမ်းအနားကို တက်ရောက်ပြီး ဘွဲ့ယူရာတွင် အသက်အကြီးဆုံး ဘွဲ့ရအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

အခမ်းအနားတွင် ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ ပေါလ်အိုပရေး (CBE) က ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာ ဆရာမများထဲမှ ပညာရေးအတွက် အသက်ထက်ဆုံး ကြိုးပမ်းဆောင်ရွက်သူများအတွက် ဤဘွဲ့ကို ပေးအပ်ချီးမြှင့်ရခြင်း ဖြစ်ကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ သူက
“ဆရာအလုပ်ဟာ တကယ့်ကို အရေးပါတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ တကယ့်ကို တာဝန်ကြီးတဲ့ အလုပ်ဖြစ်သလို၊ စိန်ခေါ်မှုအပြည့် ရှိနေတဲ့ အလုပ်ပါ။ ဒါကြောင့်လည်း ဂုဏ်ပြုသင့်တယ်ထင်လို့ ဂုဏ်ပြုရတာပါ” ဟု ပြောကြားသည်။                                          

E01