News

POST TYPE

EDUCATION

ရန်ကုန်တိုင်းအစိုးရက စီစဉ်မည့် ကျောင်းကားကြို/ပို့စနစ် ကျောင်းသားများ နစ်နာမည်ဟု မိဘများ ဝေဖန်
12-May-2017 tagged as ပညာရေး

ရန်ကုန်၊ မေ ၁၁

ယခုပညာသင်နှစ် ၂၀၁၇- ၂၀၁၈ တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့က အကောင်အထည်ဖော်မည့် ကျောင်းကား ကြိုပို့စနစ်သည် ကျောင်းသားများအတွက် နစ်နာမှုများ ရှိလာနိုင်ကြောင်း ကျောင်းသားမိဘများက ဝေဖန်ပြောဆိုသည်။

“ကျောင်းကားတွေက ၂၅ ယောက်ဆံ့ဆိုတော့ ကြီးတယ်။ လမ်းကြားထဲဝင်လို့ မရသလို ဝင်ပေးမှာလည်း မဟုတ်ဘူး။ သူတို့စုရပ်ကို သွားစီးရမယ်။ စုရပ်နဲ့ဝေးတဲ့ ကလေးတွေအတွက် ဘယ်လိုစဉ်းစားပေးမလဲ” ဟု အထက (၁) ဒဂုံကျောင်းသား မိခင်တစ်ဦးက ထောက်ပြပြောဆိုသည်။

ကျောင်းသားများ စီးနင်းနေကျ မဟုတ်သော ယာဉ်မောင်းအသစ်များဖြင့် အကြိုအပို့ ပြုလုပ်မည် ဆိုပါက မိဘအများစု အနေနှင့် စိတ်မအေးရကြောင်း၊ လက်ရှိပို့ဆောင်ပေးနေသည့် ကျောင်းကားမောင်းနှင်သူမှာ ကလေးများပစ္စည်း မေ့ကျန်ခြင်းမှအစ ဂရုစိုက်မှုများ ရှိကြောင်း ၎င်းက ပြောကြားသည်။

“ကားဆရာ၊ ကားနောက်လိုက်ပဲဖြစ်ဖြစ် မိဘကိုယ်စား တာဝန်ယူပေးတယ်။ အိမ်နဲ့အနီးစပ်ဆုံး နေရာအထိ လာကြို၊ လာပို့ လုပ်ပေးတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ အနေနှင့် Korea Trade-investment Promotion Agency (KOTRA), Posco Daewoo Corporation တို့မှနေ၍ ကျောင်းကား အစီး ၂၀၀ ဝယ်ယူရေး သဘောတူစာချုပ် မေလ ၁၀ ရက်နေ့က ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

အဆိုပါကားများကို ကျောင်းကားထူထောင်ထားသူများကို အရစ်ကျစနစ်ဖြင့် ရောင်းချခြင်း၊ ကျောင်းကားပြေးဆွဲခြင်း ကိစ္စများ ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျောင်းပေါင်း ၂၆ ကျောင်းမှ တာဝန်ရှိသူများနှင့် မေလ ၅ ရက်နေ့က ဆွေးနွေးခဲ့သေးသည်။

တိုင်းလွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပမည့် မေလ ၁၅ ရက်တွင် ကျောင်းကား သီးသန့်ပြေးဆွဲရေး ကိစ္စနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်မည်ကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမည်ဖြစ်ပြီး ယင်းနေ့တွင် လုပ်ဆောင်သင့်သည့် အဖြေတစ်ခု ထွက်မည်ဖြစ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

အထက်တန်းအဆင့် ကျောင်းကားကို အရင်လုပ်ဆောင်ရန်၊ လက်ရှိ ကျောင်းကားပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်များ ထိခိုက်နစ်နာမှု မရှိရန်၊ ကိုယ်ပိုင်ကျောင်း ကြို၊ ပို့နေသော မိဘများနှင့် အဆင်ပြေရန် စသည့် အချက်များကို ဆွေးနွေးတင်ပြမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သယ်ယူပို့ဆောင်ရေး ကော်မတီ နဲ့ ညှိမယ်။ ကျောင်းသားမိသားတွေ အသံကို ပြောမယ်။ ကမာရွတ်ဒေသခံ ကိုယ်စားလှယ်ကလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းအစိုးရအဖွဲ့ အနေနှင့် လက်ရှိ ပြေးဆွဲပေးနေသည့် တစ်ပိုင်တစ်နိုင် ကျောင်းကြိုပို့ယာဉ် လုပ်ငန်းရှင်များနှင့် ယခုရက်ပိုင်းအတွင်း တွေ့ဆုံမည်ဟု သိရပြီး ကျောင်းကားစီမံချက်နှင့် ပတ်သက်၍ မည်သူမျှ နစ်နာမှု မရှိစေဘဲ ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်ရန် အသေးစိတ် စီမံသင့်ကြောင်းလည်း ဦးကျော်ဇေယျက မှတ်ချက်ပြုသည်။

ကျောင်းကားသီးသန့်ပြေးဆွဲရာတွင် အစိုးရအဖွဲ့က သတ်မှတ်သည့် ယာဉ်ကိုသာ အသုံးပြုရမည် ဆိုပါက အခက်အခဲများ ရှိနိုင်ပြီး ကျောင်းသားများ အလွယ်အတူ စီးနင်းနိုင်မည့် အခြေအနေမျိုး ဖြစ်ရန် ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

ရန်ကုန်တိုင်းအတွင်း အထက်တန်း ၂၃၄ ကျောင်း၊ အလယ်တန်း ၂၈၉ ကျောင်း၊ မူလတန်း ၂၂၁၇ ကျောင်း ရှိကြောင်း ရန်ကုန်တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ 

J-06