News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း)
11-May-2017 tagged as ပညာရေး

ပညာရေးပြောင်းလဲမှု လမ်းပြမြေပုံ။ တစ်နည်း အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း။ ၂၀၁၆-၂၀၂၁ ငါးနှစ်တာ အတွက်သာ။ ယင်းစီမံကိန်းကို ဦးသိန်းစိန်အစိုးရ လက်ထက် ဒေါက်တာဒေါ်ခင်စန်းရီ ပညာရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်ကလည်း လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။ တစ်ဖန် အစိုးရသစ် တက်လာသည့်အခါ အစိုးရသစ် မူဝါဒအရဟု ဆိုကာ ပြင်ဆင်ဖြည့်စွက်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်သို့ တစ်နှစ်ကုန်ခဲ့သည်။ အောက်ခြေတွင် လက်တွေ့လုပ်ကြရမည့် ဆရာအများစု မသိသေး။ တိုင်းဒေသကြီးများတွင် ရှင်းလင်းပွဲများ လုပ်နေသည်။ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်၍ ဆရာများ၏ သဘောထားအမြင်များကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“စီမံခန့်ခွဲမှု မှန်ကန်မှသာ ကျန်တဲ့လေးနှစ်အတွင်း လက်တွေ့အကောင်အထည်ဖော်နိုင်မယ်”
ဦးငွေတိုး (အခြေခံပညာ ဦးစီးဌာန၊ ဦးစီးအရာရှိ)

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းက အခု ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ကိုက်ညီတာ ရှိသလို၊ မကိုက်ညီတာလည်း ရှိတယ်။ အများစုက မကိုက်ညီသေးဘူး။ ဒီစီမံကိန်းကို စပြီးရေးဆွဲကတည်းကိုက အမျိုးသားပညာရေး ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး။ အမျိုးသားပညာရေး ဥပဒေမှာ မဟာဗျူဟာ စီမံကိန်း၊ စီမံချက်တွေကို ဆောင်ရွက်မယ်ဆိုရင် ဘယ်ကိုယ်စားလှယ်တွေ ပါရမယ်ဆိုတာ ၅၈ (ခ)မှာ ပြဋ္ဌာန်းထားတာ ရှိတယ်။ သို့သော် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းကိုဆွဲတဲ့အခါမှာ ဘယ်သူတွေ ပါဝင် အခြေခံရေးဆွဲတယ် ဆိုတာ အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၅၈(ခ) နဲ့ ကွဲလွဲနေတယ်။ အဲဒီကစပြီး ကွဲလွဲမှု ရှိနေတာပါ။ 

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းက  ၅ နှစ် စီမံကိန်းဆိုတော့ ဘယ်အတိုင်းအတာထိအောင် မြင်နိုင်မယ်လို့ သုံးသပ်မလဲဆိုရင် ကဏ္ဍသုံးခုနဲ့ ပြောချင်ပါတယ်။ အဲဒါကတော့ ပညာရည် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများကျင်းပခြင်း ကဏ္ဍကို ပထမဆုံး ပြောချင်ပါတယ်။ စစ်ဆေးတိုင်းတာ အကဲဖြတ်ခြင်းသည် သင်ကြား၊ သင်ယူမှုနဲ့ ဆက်နွှယ်မှု ရှိနေရမယ့် ကိစ္စ။ သင်ကြား၊ သင်ယူမှုကို အကောင်အထည်ဖော်တာ အခြေခံပညာက လုပ်ရတယ်။ သို့သော် မဟာဗျူဟာ စီမံကိန်းထဲမှာကျတော့ စာမေးပွဲ စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းသည် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကသာ တာဝန်အရှိဆုံး ဖြစ်ပါတယ်ဆိုတဲ့ ကိစ္စ။ အဲဒါလွဲနေတယ်လို့ ကျွန်တော် သုံးသပ်တယ်။ ပြီးတော့ ဘယ်လိုစစ်ဆေး အကဲဖြတ်မယ်ဆိုတဲ့ နည်းစနစ်၊ မူဝါဒတွေကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ ရေးဆွဲမယ် ပြောတယ်။ အမျိုးသားပညာရေး ဥပဒေမှာကျတော့ ဒီစစ်ဆေး အကဲဖြတ်တိုင်းတာတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရေး ဥပဒေများရဲ့ နည်းဥပဒေများမှာ ရေးဆွဲ၊ ပြဋ္ဌာန်းရမယ်။ အဲဒီတော့ နည်းဥပဒေ မဆွဲသေးဘဲ လက်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက လုပ်မယ် ဆိုတာလည်းပဲ ငါးနှစ်အတွင်း ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။

ဒုတိယအချက်က သင်ရိုးညွှန်းတမ်း။ အခု အစဉ်အဆက် လက်ခံထားတာ ပညာရေး ဝန်ကြီးဌာနအောက်က သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနဲ့ ကျောင်းသုံးစာအုပ် ကော်မတီကပဲ ပြဋ္ဌာန်းတယ်။ ဒီကော်မတီကို ၁၉၆၄ ခုနှစ်မှာ ပညာရေး ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့တာ။ ၁၉၇၀ ခုနှစ်မှာ သင်ရိုးညွှန်းတမ်း ပြောင်းလဲခဲ့တယ်။ အဲဒီလိုလုပ်တော့ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနဲ့ ကျောင်းသုံးစာအုပ် ကော်မတီဝင်  ဦးဘလှအောင်က ဘာပြောခဲ့သလဲဆိုတော့ ကျောင်းသုံးစာအုပ်ကို ပြင်ပပညာရှင်တွေကလည်း ရေးနိုင်တယ်။ သင်ရိုးညွှန်းတမ်း ကော်မတီကလည်း ရေးနိုင်တယ်။ ဒါပေမဲ့ စာအုပ်ကို ကျောင်းသုံးစာအုပ်ကော်မတီကနေ အသိအမှတ်ပြုပေးရမယ်။ ဒါကြောင့်မို့ ဘာသာရပ်တစ်ခုမှာ တစ်အုပ်တည်း မဟုတ်ဘူး။ သုံး၊ လေးအုပ် ရှိဖို့ ရည်ရွယ်ထားပါတယ်လို့ ပြောထားခဲ့ဖူးတယ်။ မဟာဗျူဟာ စီမံကိန်းမှာ ကျောင်းသုံးစာအုပ်ကို သင်ရိုးညွှန်းတမ်း ကော်မတီကပဲ ထုံးစံအတိုင်း သူတို့ပဲချုပ် ကိုင်ထားတယ်။ ပြီးတဲ့အခါ ဒေသအလိုက် သင်ရိုးတွေ  လွတ်လပ်ခွင့်ပေးမယ် ဆိုသော်လည်းပဲ ဒီသင်ရိုးညွှန်းတမ်း ကော်မတီကပဲ သတ်မှတ်ပေးဦးမယ်။ သင်ရိုးညွှန်းတမ်း သဘာဝက ဗဟိုက ၆၀ ရာခိုင်နှုန်း၊ ဒေသအလိုက်က ၂၀ ရာခိုင်နှုန်း၊ ကလေးအတွက်က ၂၀ ရာခိုင်နှုန်း။ အဲဒီ ၄၀ ရာခိုင်နှုန်းသည် ဆရာ၊ ဆရာမတွေရဲ့ လွတ်လပ်စွာ သင်ကြားခွင့်အပေါ် ရှိရမယ်။ သို့သော် ဒီစီမံကိန်းမှာ ဒီအကြောင်းအရာ အားလုံးကို ဗဟိုကပဲ ကိုင်တယ်။ 

တတိယအချက်က စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်မှုနှင့် အရည်အသွေး အာမခံမှုအပိုင်း။ အဲဒီမှာ ပြောချင်တာက တွဲဖက်သင်ရိုးကိစ္စ။ အရင်တုန်းက ၁၉၆၆ ခုနှစ်တုန်းက ပညာရေး လက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများလို့ သုံးခဲ့တယ်။ ၁၉၉၈ ပညာရေး မြှင့်တင်မှု အစီအစဉ်အရက တွဲဖက်သင်ရိုးဝင် ဘာသာရပ်လို့ သုံးခဲ့တယ်။ အဲဒီဘာသာရပ်တွေက ကာယပညာ၊ ပန်းချီ၊ ဂီတ၊ စိုက်ပျိုးရေး၊ စက်မှုလက်မှုနဲ့ အိမ်တွင်းမှု။  အဲဒီဘာသာတွေကို ဆရာအတတ်သင်တွေမှာသာ သင်ခဲ့ရတယ်။ တကယ်လက်တွေ့မှာက ဆရာ၊ ဆရာမတွေက ကျွမ်းကျင်မှုနည်းတယ်။ အဲဒီတော့ ပထမတန်း အခုသင်ရိုးသစ်မှာ ဂီတဘာသာရပ်။ ဆရာ၊ ဆရာမတွေ ပလွေမှုတ်၊ ပန်းချီတွေ ဆွဲတယ်။ ဒါကို ကျောင်းတိုင်းလုပ်ပေးနိုင်မှာလား၊ ဆရာ၊ ဆရာမတိုင်း သိမှာလား။ အဲဒီတော့ အတတ်ပညာပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝဖို့ အပိုင်းကို ဘယ်သူနဲ့ ချိတ်ရမလဲဆိုရင် အခုယဉ်ကျေးမှု တက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စက်မှုအထက်တန်းကျောင်းတွေ ရှိတယ်၊ အိမ်တွင်းမှုကျောင်းတွေ ရှိတယ်။ အဲဒီလို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ချိတ်ပြီး သူတို့ဆီက အတတ်ပညာရှင်တွေကို ဆရာအင်အားလိုတဲ့ နေရာမှာ အရင်တုန်းက ပန်းချီပညာ အထူးဝန်ထောက်၊ ဂီတပညာ အထူးဝန်ထောက်၊ ကာယပညာ ဝန်ထောက် အဲဒီလို သုံးခဲ့တယ်။ အဲဒီလို အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ သူတွေကို ပညာရေးထဲ ထည့်ပေးလိုက်မယ်ဆိုရင် သင်ကြားတဲ့ လုပ်ငန်းစွမ်းဆောင်ရည် ပါလာမယ်။ မြင့်မားလာလိမ့်မယ်လို့ ယူဆတယ်။ 

သင်ကြား၊ သင်ယူမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကျတော့ ၁၉၉၈ ပညာရေး မြှင့်တင်မှု အစီအစဉ်နဲ့ ဆရာရဲ့အခန်းကဏ္ဍမှာ လမ်းညွှန်ထားသလို ကျောင်းအုပ်ရဲ့ ဦးဆောင်မှုနဲ့ စိတ်ဝင်စားတဲ့ ဆရာ၊ ဆရာမများ အကြောင်းအရာတစ်ရပ်အပေါ် ဦးဆောင်ဆွေးနွေးမယ်။ ကျန်တဲ့ ဆရာ၊ ဆရာမတွေက ပါဝင်ဆွေးနွေးမယ်။ အဲဒီဆွေးနွေးချက်တွေကို လုပ်ငန်းမှတ်တမ်းထားမယ်။ အဲဒီမှတ်တမ်းအပေါ် အခြေခံပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်မယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က ကျောင်းတွင်းပညာရေး ကူညီမှုလမ်းညွှန်နဲ့ ကျောင်းတွင်းပညာရေး သုတေသန လုပ်ဆောင်ချက် ရှိတယ်။ ပညာရေး ကူညီလမ်းညွှန်မှု ဆိုတာ ကလေးတစ်ဦးချင်း သူရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အထုံဝါသနာ၊ ဉာဏ်ရည်၊ ဗီဇ၊ ဓလေ့စရိုက်အပေါ် အခြေခံပြီး လေ့ကျင့်ပေးဖို့ ဒါက ပညာရေး ကူညီလမ်းညွှန်မှု။ နောက်ပညာရေးရဲ့ သင်ကြား၊ သင်ယူမှု အခက်အခဲတွေ ရှိတာကို ကျောင်းတွင်းပညာရေး သုတေသန လုပ်ငန်းတွေနဲ့ သွားရမယ်။ ဒါကို ကျောင်းစာကြည့်တိုက်တွေနဲ့ ချိတ်ရမယ်။ အဲဒီအချက်တွေအပေါ် အခြေခံပြီး တစ်ဦးချင်း စီမံခန့်ခွဲမှုကို အကဲဖြတ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ်ဆိုရင် ပညာရေးရဲ့ သင်ကြား၊ သင်ယူမှု အရည်အသွေးကလည်း မြင့်မားလာလိမ့်မယ်။ အဲဒီလို မြင့်မားဖို့ စီမံခန့်ခွဲမှု မှန်ကန်ဖို့ လိုပါလိမ့်မယ်။ စီမံခန့်ခွဲမှု မှန်ကန်မှသာ ကျန်တဲ့လေးနှစ်အတွင်း လက်တွေ့အကောင်အထည် ဖော်နိုင်မယ်။ ပုံမှန်အတိုင်း တစ်ပိုင်းပြောင်းလိုက်၊ တစ်ပိုင်းပြောင်းနေရင် ကျန်တဲ့လေးနှစ်အတွင်း အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းက ပြည့်ပြည့်ဝဝ မအောင်မြင်နိုင်ဘူးလို့ ကျွန်တော် ယူဆပါတယ်။     

“အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်တွေတောင် မသိတဲ့သူတွေ ရှိသေးတယ်”
ဦးအောင်ကျော်သူ (ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သက္ကလ အထက်တန်းကျောင်း)

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ဆွေးနွေးပွဲကို မနေ့က ကျွန်တော်သွားပြီး တက်ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့က အခုမှ မဟာဗျူဟာ စီမံကိန်း စာအုပ်ဝေတယ်ဗျ။ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကို အသေးစိတ် လေ့လာခွင့် ရတာပေါ့နော်။ ဒါက အခုမဟာဗျူဟာ စီမံကိန်းနဲ့ ပတ်သက်လို့ ဆရာ၊ ဆရာမတွေ သိတာပေါ့။ ကျွန်တော်တို့ စိတ်ထဲမှာတော့ ဆရာ၊ ဆရာမတွေအားလုံးက သိထားသင့်ပြီပေါ့နော်။ သိအောင်လည်း အောက်ခြေကို ချပြရမယ့် မဟာဗျူဟာတွေ ဖြစ်နေပါတယ်။ ဆိုတော့ အခုက တစ်နှစ်ပြည့်သွားပြီပေါ့ ခင်ဗျာ။ ၂၀၁၆ ကနေ ၂၀၁၇ ဆိုတော့ တစ်နှစ်ပြည့်ပြီး ၂၀၁၇ ထဲ ရောက်သည့်တိုင်အောင် ကျွန်တော်တို့အထဲမှာ မသိတဲ့သူတွေ အများကြီး ကျန်သေးတယ်။ မဟာဗျူဟာ စီမံကိန်းလို့ ပြောလိုက်ရင် မသိတဲ့သူတွေ ကျန်သေးတယ်။ အဲဒီတော့ ဒီထဲက လုပ်ငန်းတွေ အခုလက်ရှိ ဘာတွေအကောင်အထည်ဖော်နေလဲလို့ ပြောရင် အရင်အလုပ်တွေပဲ ဆက်ပြီး ရှိနေပါသေးတယ်။ ဆိုတော့ ကျွန်တော်ယူဆတာ ၅ နှစ်အတွင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုရင် ရေးထားတာတွေကတော့ အကောင်းတွေ ရေးထားတာပေါ့။ ဒါပေမဲ့ အဲဒါတွေ လက်တွေ့အကောင်အထည်ဖော်နိုင်၊ မဖော်နိုင် ဆိုတာကတော့ အပေါ်မှာ သူတို့ အပြောင်းအလဲ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း လိုအပ်သလို၊ တကယ်လို့ အဲဒီကနေ အမိန့်ထုတ်ပြီး အပြောင်းအလဲကြီးလုပ်မယ် ဆိုရင်တောင်မှ တစ်နှစ်၊ နှစ်နှစ်နဲ့ ရနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုရင် ဒီဘက်မှာ စွဲလမ် နေတာတွေက ရှိသေးတယ်။ တချို့ကိစ္စတွေက ပြောင်းလို့ မလွယ်သေးတာ ရှိသေးတယ်။ 

ပြောင်းလို့မလွယ်တာတွေက စစ်ဆေးအကဲဖြတ်နည်း၊ စာမေးပွဲကိစ္စ၊ ဆရာအတတ်ပညာကိစ္စ၊ ပညာရေးကောလိပ်တွေကို လေးနှစ်ထားဖို့ ကိစ္စတွေ ရှိမယ်။ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်တဲ့ ဆရာအတတ် ပညာကောင်စီ ဖွဲ့ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စတွေ ပါတယ်။ အဲဒါတွေကျတော့ ၅ နှစ်အတွင်း မဖြစ်နိုင်သေးဘူးလို့ပဲ ကျွန်တော်ယူဆတာပေါ့။ အခုထိတော့ ဘာမှမတွေ့ရသေးပါဘူး။ 
ဒီဟာကို အကောင်အထည်ဖော်မယ် ဆိုရင်တော့ အမျိုးသားပညာရေး ကော်မရှင်မှာပါတဲ့ တာဝန်ရှိသူတွေကနေ လုပ်ရမယ့် အလုပ်တွေ အောက်ကိုချပြရတော့မှာပေါ့။ ဒါကို ပညာရေး ဝန်ကြီးဌာနက လိုက်လုပ်ပေါ့။ ကျွန်တော်တို့ ကြည့်ရတာတော့ တစ်နှစ်ကုန်သွားသလောက်ထိ ဘာမှမတွေ့ရသေးဘူး။ အခုရှင်းလင်းပွဲတွေ လုပ်နေတယ်ပေါ့။ ရှင်းလင်းပွဲတွေလုပ်ပြီး ဒုတိယနှစ် ၂၀၁၇ ဇွန်လလောက်ထိ ဒါက ရှင်းလင်းပွဲတွေလုပ်ဖို့ ရက်ကရှိတယ်။ တစ်နိုင်ငံလုံးမှာ ရှင်းပြပြီးမှ ဒီလုပ်ငန်းတွေ ဆက်လုပ်မယ် ဆိုရင်တော့ ၂၀၁၇ ကုန်သွားမှာခင်ဗျ။ ဆိုတော့  ပြောင်း၊ မပြောင်းက ၂၀၁၈ ပိုင်းလောက်မှ ကြည့်ပြီးပြောလို့ ရမယ်ပေါ့။ 

ဆရာ၊ ဆရာမတွေ မသိရတဲ့ အကြောင်းအရင်းက အစက ပြောရင်တော့ ဒီစီမံကိန်း စပြီးရေးဆွဲတဲ့ အချိန်က စပြောရမှာပေါ့နော်။ ဒီပညာရေးကို စီမံကိန်း ရေးဆွဲတဲ့ အခြေခံအချက် ၅ ချက် ရှိတယ်ပေါ့။ CESR အစီရင်ခံစာ ၁၊ ၂ ပါမယ်။ နောက် ပညာရေးအဖွဲ့တွေက အစီရင်ခံစာတွေ ပါမယ်။ နောက်ပြီးတော့ အမျိုးသားပညာရေး ဥပဒေ ပါမယ်။ နောက်ပြီးတော့ အစိုးရရဲ့ မူဝါဒတွေပေါ့။ ကျွန်တော်တို့ အခြေခံဆရာ၊ ဆရာမများ ရင်ဖွင့်ရာမှာ တစ်နိုင်ငံလုံးက ဆရာ၊ ဆရာမတွေ တော်တော်များများပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ တော်တော်များများ မသိကြတဲ့သူများတယ်။ ကျွန်တော်တို့ဆိုရင် အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်တွေတောင် မသိတဲ့သူတွေ ရှိသေးတယ်။ ဆိုတော့ ဒီစီမံကိန်း ဒီထက် ပိုကျယ်ကျယ်ပြန့်ပြန့်သိဖို့ ဆိုတာတော့ မြို့နယ်တွေ ထိပေါ့။ ဒီစာအုပ်ထဲမှာ လည်း ဒေါ်အောင်ဆန်းစုကြည် ပြောထားတာ ပါပါတယ်။ ပြည်သူတွေပါ ပူးပေါင်းပါဝင်မှ ဒီကိစ္စ အောင်မြင်မယ်လို့ ပြောတာကိုး။ ဆိုတော့ ပြည်သူတွေပါ သိဖို့လိုတယ် ဆိုရင်တော့ ပြည်သူတွေသိတဲ့အထိ ရှင်းပြဖို့ လိုတာပေါ့။ အဲဒီအချက်တွေ သိအောင်ပြောပြဖို့ အားနည်းသေးတယ်လို့ ထင်ပါတယ်။ မနေ့က ကျွန်တော်တို့ ရှင်းလင်းပွဲ သွားတယ်။ ဖတ်ပြတာပဲ ရှိသေးတယ် ခင်ဗျ။ ပြန်ပြီးတော့ မေးမြန်းခွင့်၊ ဆွေးနွေးခွင့်တွေ မရှိသေးဘူး။            
         
နေဇာကျော်