News

POST TYPE

EDUCATION

ရာထူးတိုးကိစ္စ လွှတ်တော်က အပြန်အလှန် ထိန်းကျောင်းရန် ဆရာအဖွဲ့ချုပ် တိုက်တွန်း
17-Aug-2016 tagged as ဆရာများ

တက္ကသိုလ်နည်းပြ၊ သရုပ်ပြများ လက်ထောက် ကထိကရာထူးတိုးကိစ္စ မမျှတကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေရာ  အဆင့်မြင့်ပညာ ဦးစီးဌာန၏ လုပ်ဆောင်ချက်များကို လွှတ်တော်က အပြန်အလှန် ထိန်းကျောင်းရန် တိုက်တွန်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

နိုင်ငံ့ဝန်ထမ်းဥပဒေအရ လုပ်သက် ၃ နှစ်ပြည့် ရာထူးတိုးသော်လည်း ယခင်အစိုးရ လက်ထက်ကတည်းက သတ်မှတ်လုပ်သက်ပြည့်မီပြီး ၆ နှစ်ကျော်သည့်တိုင် ရာထူးတိုးပေးခြင်း မခံရသေးသည့် နည်းပြ၊ သရုပ်ပြများ အပါအဝင် လုပ်သက် ၃ နှစ် ကျော် နည်းပြ၊ သရုပ်ပြများ ရာထူးတိုးမှုတွင် တစ်ပြိုင်နက် ပါဝင်လာသည်ကို တွေ့ရကြောင်း သြဂုတ်လ ၁၆ ရက်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

"သတ်မှတ်လုပ်သက်နဲ့အညီ တိုးမြှင့်ခန့်ထားတာကို အဖွဲ့ချုပ်အနေနဲ့ ကြိုဆိုပေမယ့် ရာထူးတိုး သတ်မှတ်ရာမှာ လုပ်သက်အလိုက် အကြီးတန်း၊ အငယ်တန်း သတ်မှတ်ချက်တွေကို အသေးစိတ် ကြေညာပေးဖို့ တာဝန်ရှိသူတွေကို အဖွဲ့ချုပ်က အကြံပြုပါတယ်" ဟု ယင်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောကြားသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနလက်အောက် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များမှ ဆရာများ၊ ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များမှ လုပ်သက် ၁၅ နှစ်ကျော် နည်းပြ၊ သရုပ်ပြများကို ရာထူးတိုးပေးခြင်း မရှိသောကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေကို လျစ်လျူ ရှုထားသကဲ့သို့ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်က ထောက်ပြသည်။

သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်ထောက်ကထိက ဦးဝင်းဇော်မျိုးထက်က ၎င်းတို့အနေနှင့် ၂၀၁၄ ခုနှစ် ဇူလိုင်လကတည်းက ပထမဆုံးအကြိမ် ရာထူးတိုးတင်ခဲ့သော်လည်း မပါရှိကြောင်း၊ စတုတ္ထအကြိမ်အဖြစ် ယခုနှစ် ဇန်န၀ါရီလက ၂၀၁၂ ခုနှစ်မှ စတင် တာဝန်ထမ်းဆောင်သူများနှင့် ရာထူးတိုး ထပ်တင်ရာ ယခု ရာထူးတိုးခဲ့ကြောင်း ရှင်းပြသည်။

"ဆရာအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံပါတယ်။ ဒီရာထူးတိုးကိစ္စက မမျှတပါဘူး။ ကျွန်တော်တို့က ၂၀၀၉ ခုနှစ် နိုင်ငံ့ဝန်ထမ်းတွေထက် လေးနှစ် စောပါလျက် အတူတူ တိုးပေးတယ်။ ကထိကကနေ တွဲဖက်ပါမောက္ခအဖြစ် တိုးတဲ့အခါ စီနီယာ၊ ဂျူနီယာ ဘယ်လိုထားမှာလဲ။ အဲဒါ ပြဿနာဖြစ်လာနိုင်တယ်" ဟု ဦးဝင်းဇော်မျိုးထက်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဝန်ထမ်း လက်စွဲအရ သုံးနှစ်ဖြင့် ရာထူးတိုးပေးသော်လည်း ယခင်နှစ်များက ဘတ်ဂျက်အရ လစာနှင့် နေရာလစ်လပ်မှုကို ချင့်ချိန်ခဲ့ကြောင်း ယခုနှစ်မှစ၍ မဟာဘွဲ့၊ မဟာသိပ္ပံဘွဲ့ ရရှိလျှင် တိုးပေးကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြည်တွင်း သတင်းမီဒီယာများသို့ ပြောဆိုသည်။
ထို့ပြင် ယခုရာထူးတိုးသည့် နည်းပြ၊ သရုပ်ပြ ၂၇၀၀ ကျော်တွင် အချို့က လုပ်သက်ခြောက်နှစ်ကျော်နှင့် သုံးနှစ်ကျော်သာ ရှိသူများ ပါဝင်ကြောင်း ရာထူးဝန်အဖွဲ့ကို တင်ရာတွင် အကြီးတန်း၊ အငယ်တန်း ခွဲခြားပေးခဲ့သော်လည်း ရာထူးဝန်အဖွဲ့က တစ်ရက်တည်း အမိန့်ထွက်သောကြောင့် တစ်ခါတည်း တိုးပေးခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။


  • VIA