News

POST TYPE

EDUCATION

အင်ဒိုနီးရှားနိုင်ငံ အဆင့်မြင့်ပညာကဏ္ဍ ပြောင်းလဲမြှင့်တင်မှုနှင့် မြန်မာ့ အဆင့်မြင့်ပညာ ကဏ္ဍအတွက် မျှော်လင့်ချက်
06-May-2017 tagged as တက္ကသိုလ်


မြန်မာ့ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ် စိတ်ဝင်စားတဲ့အတွက် စာရေးသူအနေနဲ့ နိုင်ငံခြားသား မိတ်ဆွေတွေနဲ့ တွေ့ဆုံတိုင်း ကိုယ့်နိုင်ငံ၊  သူ့နိုင်ငံ ပညာရေးစနစ်အကြောင်းတွေ မေးမြန်းဆွေးနွေးလေ့ ရှိပါတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံနဲ့ အခြေအနေပိုနီးစပ်တဲ့  ဖွံ့ဖြိုးဆဲအာဆီယံနိုင်ငံတွေရဲ့ အပြောင်းအလဲကာလ ဘယ်လိုတွေလုပ်ကြလဲ၊ လက်ရှိကာလ ဘယ်လိုတွေသွားနေလဲဆိုတာပိုပြီး ဆွေးနွေးဖြစ်ပါတယ်။ အာဆီယံ နိုင်ငံတွေထဲမှာ 
မြန်မာနိုင်ငံနဲ့ မတိမ်းမယိမ်း အနေအထားကနေ မှန်ကန်တဲ့ ပညာရေးစနစ် လမ်းကြောင်းပေါ် စတင် လျှောက်လှမ်းနေပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက  တက္ကသိုလ်တွေမှာ ဘယ်လိုစနစ်တွေနဲ့ ပညာရေးရဲ့ပုံရိပ်ကို မြှင့်တင်နေသလဲဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။

တက္ကသိုလ်နဲ့ သုတေသန

သုတေသနဆိုတာ တက္ကသိုလ်တွေရဲ့ အဆင့်အတန်း၊ အောင်မြင်မှုကို တိုင်းတာတဲ့ အဓိကအချက် တစ်ခုဆိုရင် မမှားပါဘူး၊ သုတေသနဟာ တက္ကသိုလ်ရဲ့ အသက်လို့ ဆိုကြပါတယ်။ နိုင်ငံတကာ တက္ကသိုလ် အားလုံးမှာ သုတေသနတွေ ဖော်ဆောင်နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားကြရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ ၂၀၁၂ ခုနှစ် မှတ်တမ်းများအရ သုတေသန ဂျာနယ်ပေါင်း ၁၆,၁၃၉ စောင် ပုံနှိပ်ဖော်ပြနိုင်ခဲ့ပြီး သုတေသန ဂျာနယ်ရေးသားနိုင်မှု ကမ္ဘာ့အဆင့် ၆၃ မှာ ရပ်တည်ခဲ့ပါတယ်။ University of Indonesia? Bandung  Institute of Technology စတဲ့ တက္ကသိုလ်တွေဟာလည်း အာရှအဆင့် ၄၇၊ ၄၈ မှာ ရပ်တည်နေပါတယ်။ လက်ရှိ အနေအထားအရ တက္ကသိုလ်တွေရဲ့ အနေအထား၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး၊ ကျောင်းသား/ ကျောင်းသူတွေရဲ့  အရည်အချင်းတွေ သိသိသာသာ စတင် တိုးတက်လာကြပါတယ်။ 

သုတေသနနဲ့ ရာထူးတိုးမူဝါဒ

ပညာရေးမြှင့်တင်မှုနဲ့အတူ ရာထူး တိုးမူဝါဒတွေကို စနစ်တကျ ပြန်လည် ရေးဆွဲပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သုတေသနစွမ်းရည် တိုးတက်ဖို့အတွက် ရာထူးတိုး အမှတ်ပေးစနစ်မှာ သုတေသနအမှတ်၊ သင်ကြားရေးအမှတ်၊ ပြင်ပလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း အမှတ်စသည်ဖြင့် အရည်အသွေးပေါ် အခြေခံတဲ့ ရာထူးတိုးမူဝါဒတွေ စနစ်တကျထားရှိပြီး ဆွဲဆောင်ပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ပါမောက္ခတွေ ဖြစ်ဖို့အတွက် သုတေသနတွေဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတစ်ခု ဖြစ်လာပါတယ်။ ပါမောက္ခ တစ်ယောက်ဖြစ်ဖို့ အလွန်ခက်ခဲသလို တွဲဖက်ပါမောက္ခနဲ့ ပါမောက္ခ လစာဟာလည်း ကွာခြားပါတယ်။ နိုင်ငံတကာ နည်းတူ ပါမောက္ခရာထူးကို ပညာရေး နယ်ပယ်ရဲ့ အမြင့်ဆုံး ရာထူးအဖြစ် ထားရှိပြီး ဌာနမှူး၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခချုပ် စတာတွေကို ပါမောက္ခများထဲမှ အလှည့်ကျ ရွေးချယ်ခံထားတဲ့စနစ်ကို ပြောင်းလဲ ကျင့်သုံးပါတယ်။

သုတေသနနှင့် ရန်ပုံငွေ

စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်တဲ့ ထိုက်သင့်တဲ့ ရန်ပုံငွေကို တက္ကသိုလ်နှင့် အစိုးရမှ အတိုင်းအတာ တစ်ခုထိ ထောက်ပံ့ပေးသလို သုတေသန စာတမ်းများ၊ နိုင်ငံတကာ ဂျာနယ်များမှ ပုံနှိပ်ဖော်ပြရန် ကုန်ကျစရိတ်ကို အစိုးရက ကျခံပေးပါတယ်။ တင်သွင်းခွင့်ပြုတဲ့ သုတေသန စာတမ်း ဂျာနယ်များရဲ့အဆင့် (Impact Factor) ကိုလည်း တဖြည်းဖြည်း မြှင့်တင်သွားပါတယ်။ အချို့ သုတေသန လုပ်ငန်းတွေဟာ ကုန်ကျစရိတ် နည်းနည်းနဲ့ ကွန်ပျူတာ အသုံးပြုပြီး ပြုလုပ်နိုင်တာ ဖြစ်တဲ့အတွက် ဂျာနယ်များမှာ ပုံနှိပ်ဖော်ပြဖို့ ကုန်ကျစရိတ်ကို အစိုးရက ကျခံပေးတာဟာ ဆရာ၊ ဆရာမများအတွက် အလွန် အထောက်အကူပြုပါတယ်။

လစာခံစားခွင့်

အင်ဒိုနီးရှားနိုင်ငံဟာလည်း ချမ်းသာတဲ့နိုင်ငံ မဟုတ်ပါဘူး။ ပညာရေး ဝန်ထမ်းတွေရဲ့ အခြေခံလစာဟာ မြန်မာနိုင်ငံနဲ့ အတူတူလောက်ပါပဲ။ သို့သော် ဆရာ၊ ဆရာမတွေဟာ အခြေခံလစာ၊ တက္ကသိုလ်က ပေးသော လစာ၊ အစိုးရက ထပ်မံ ထောက်ပံ့သော လစာဆိုပြီး သုံးမျိုး ရရှိတယ် ဆိုပါတယ်။ နိုင်ငံ့ဝန်ထမ်း အားလုံးကို လစာ တိုးပေးဖို့ မဖြစ်နိုင်တဲ့ အနေအထားမှာ ပညာရေးကဏ္ဍကို မြှင့်တင်ချင်တဲ့အတွက် လစာသုံးမျိုးထားရှိခံစားစေတာပါ။ တက္ကသိုလ်က ပေးတဲ့လစာကို တွက်ချက်ရာမှာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ငန်းဆောင်ရွက်ရမှု (Loading) ပေါ်  မူတည်ပြီး ပေးတယ်ဆိုပါတယ်။ တစ်လမှာ သင်ရတဲ့ အတန်းချိန် အရေအတွက်၊ သင်ကြားရတဲ့ ကျောင်းသား အရေအတွက် စတာတွေနဲ့ တွက်ချက်တာ ဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေ အနေနဲ့ မိမိပင်ပန်းသလောက် အကျိုးခံစားခွင့် ရကြပါတယ်။

တက္ကသိုလ်ရန်ပုံငွေ

ဆရာ၊ ဆရာမများ လစာ၊ သုတေသန ထောက်ပံ့ငွေများအတွက် တက္ကသိုလ်တွေမှာ အစိုးရဘဏ္ဍာအပြင် အပိုဝင်ငွေ ရှိနေဖို့ လိုပါတယ်။ အင်ဒိုနီးရှား တက္ကသိုလ်များအနေနဲ့ တက္ကသိုလ် ကိုယ်ပိုင်လုပ်ငန်းများမှ ဝင်ငွေ ရှာပါတယ်။ ကျောင်းသားများထံမှ မိသားစု ဝင်ငွေအလိုက် ထိုက်သင့်တဲ့ ကျောင်းလခ ကောက်ခံပါတယ်။ ပြင်ပ လုပ်ငန်းများက အပ်နှံသော လုပ်ငန်းများကို သက်ဆိုင်ရာ တက္ကသိုလ်ဌာနများက လက်ခံ လုပ်ကိုင်ပြီး ဝင်ငွေ ရယူကြတယ် ဆိုပါတယ်။
ဖြစ်စေချင်ပါတယ်။

ပညာရေးဟာ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ကို ရေရှည် မောင်းနှင်မယ့် အင်အားတစ်ခု ဖြစ်တဲ့အတွက် မြန်မာ့ပညာရေးစနစ်ကို အမှန်တကယ် ပြုပြင်ပြောင်းလဲနိုင်မယ့် မူဝါဒတွေ အကောင်အထည် ပေါ်လာစေချင်ပါတယ်။ တိုင်းပြည် ဆင်းရဲခြင်း၊ ဘဏ္ဍာငွေ မလုံလောက်ခြင်းများ ရှိပေမယ့် အချို့ ပြဿနာများကို မူဝါဒ ပြောင်းလဲခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တက္ကသိုလ်များ အမှန်တကယ် အဆင့်မြှင့်တင်နိုင်ဖို့အတွက် ဆရာ၊ ဆရာမများ သုတေသန လုပ်ကိုင်ရန် ဆွဲဆောင်နိုင်မယ့် ရာထူးတိုး မူဝါဒများ၊ ထောက်ပံ့မှုများအတွက် မူဝါဒများ စတင်ရန် လိုပါတယ်။ မြန်မာ့နည်း မြန်မာဟန်ဖြင့် နိုင်ငံတကာ အဆင့်မီ ပညာရေးကို ချီတက်လို့ မရနိုင်ပါဘူး။ လူအများဆီသို့ ရာထူးကို ဆွဲချရန် မသင့်ဘဲ ရာထူးဆီသို့ လူအများကို အရည်အချင်း မြှင့်တင်ပေးခြင်းဖြင့် ဆွဲခေါ်ရန် လိုအပ်ပါတယ်။ အရည်အချင်းကို အခြေမခံတဲ့ ရာထူးတိုးမူများဟာ ပညာရေး ပြောင်းလဲမှုအတွက် အထောက်အကူ မဖြစ်သလို ဝန်ထမ်းတွေကို လုပ်ငန်းခွင် ပျော်ရွှင်စေမှုအတွက် ရေရှည်အဖြေတစ်ခု မဟုတ်ပါ။ ဝန်ထမ်းတွေရဲ့ လူနေမှု ဘဝမြှင့်တင်နိုင်ရေး အခြေခံမူများ စတင်ရပါမယ်။

လက်ရှိ မြန်မာ့တက္ကသိုလ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကာလအတွက် တက္ကသိုလ် ပဋိညာဉ်များ ရေးဆွဲပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။ လက်ရှိကာလ အနေအထားအရ တက္ကသိုလ် ပဋိညာဉ်များမှာ ပါမောက္ခချုပ် ရွေးချယ်ရာမှာ လက်ရှိပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခများထဲမှာ ရွေးချယ်ရမည်ဖြစ်ပြီး ဒုတိယ ပါမောက္ခချုပ် ရွေးချယ်ရာမှာ လက်ရှိဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခချုပ်များမှ ရွေးချယ်ရန် ရေးဆွဲထားရပါတယ်။ အနာဂတ်ကာလ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များမှာ  နိုင်ငံတကာ တက္ကသိုလ်များနည်းတူ ဌာနကြီးမှူး၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခချုပ်များဟာ ပါမောက္ခများထဲမှ ရွေးချယ်စနစ်ဖြင့် ခန့်အပ်ရမည် ဖြစ်လို့ မလိုအပ်တဲ့ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခချုပ် ရာထူးများကို ထပ်မံ ခန့်ထားရန် မသင့်တော့ဟု ထင်ပါတယ်။ နိုင်ငံတကာ တက္ကသိုလ်များမှာလည်း အဆိုပါ ရာထူးများ မရှိပါဘူး။

ပညာရေးဝန်ကြီးဌာနမှ ပြုစုထားတဲ့ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းစာတမ်းမှာ ဖော်ပြထားတဲ့ အိမ်ထောင်စုတစ်ခု၏ ပညာရေး အသုံးစရိတ် အသုံးချမှု စစ်တမ်းအရ ၄၁ ဒသမ ၅ ရာခိုင်နှုန်းကို ပြင်ပ ကျူရှင်စရိတ်အတွက် အသုံးပြုရပြီး ကျောင်းစရိတ်အတွက် ၉ ဒသမ ၂ ရာခိုင်နှုန်းသာ အသုံးပြုရတာကို တွေ့ရှိရပါတယ်။ တက္ကသိုလ်များ ရန်ပုံငွေအတွက် ထိုက်တန်တဲ့ ကျောင်းလခတွေ ကောက်ခံသင့်ပြီး ငွေကြေး ချို့တဲ့သူတွေအတွက် ကျောင်းလခ ကင်းလွတ်ခွင့် စနစ်တွေ ထားရှိသင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ပညာရေး ဝန်ထမ်းတွေကို တက္ကသိုလ်က ငွေကြေးပမာဏတစ်ခု ထောက်ပံ့ပေးနိုင်မယ့်အပြင် ကျူရှင်စနစ်ကို လျော့ပါးစေနိုင်ပါတယ်။ 

နိဂုံးချုပ်ဆိုရရင် ပညာရေးက တိုင်းပြည်ရဲ့ အနာဂတ်ကို ဖန်တီးပါတယ်။ နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့တဲ့ မြန်မာ့ပညာရေးကို လမ်းကြောင်း အမှန်ကို တင်ပေးနိုင်ဖို့ အင်မတန် အရေးကြီးလှပါတယ်။ တိုးတောင်းတဲ့ကာလအတွင်း ပြောင်းလဲမှုရဲ့ အသီးအပွင့်ကို ခံစားရမှာ မဟုတ်ပေမယ့် အနာဂတ် ကာလအတွက် နိုင်ငံတကာ အဆင့်မီ ပညာရေးအုတ်မြစ်တစ်ခု တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်တောင်း ရေးသားတင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
အုန်းဇင်လင်း (ပညာရေး)

ကိုးကား
(၁) https://www.british council.in/sites/default/files/indonesian_higher_education_system.pdf
(၂) အမျိုးသားပညာရေး မဟာ ဗျူဟာစီမံကိန်း
(၃) http://www.4icu.org/top-universities-asia/