News

POST TYPE

EDUCATION

ပိုင်ပိုင်နိုင်နိုင် အသုံးချရမည့် ပညာသင်ဆု အခွင့်အလမ်းများ
06-May-2017 tagged as ပညာရေး

နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင်လိုကြသည်။ အတွေ့အကြုံ ရှာလိုကြသည်။ ကျွန်တော်တို့ စိတ်ကူးယဉ်ကြသည်။ ဆန္ဒရှိကြသည်။

ထိုစိတ်ကူး၊ ဆန္ဒအတွက် ပညာသင်ဆုက ထွက်ပေါက်တံခါးတစ်ချပ်။ ထိုသို့ သတ်မှတ်ကြမည် ဆိုပါစို့။

ဖွင့်ထွက်ကြမည်။ ထွက်ပေါက်ကို မည်သို့ရှာဖွေ၊ ဖွင့်ထွက်ကြမည်နည်း။ တံခါးဖွင့်မည့် အကြောင်းနှင့် ဖွင့်ပြီး မည်သည့်အရပ် ဦးတည်မည်နည်း။ ခိုင်မာဖို့ လိုပါလိမ့်မည်။

ယခုအခါ နိုင်ငံတကာ ပညာသင်ဆုများ နှစ်စဉ်ခေါ်ယူပါသည်။ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ တက္ကသိုလ်နှင့် ကောလိပ်များက နှစ်စဉ်ခေါ်ယူခြင်း ဖြစ်သည်။

ဘွဲ့ကြို၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ သုတေသန စသည်ဖြင့် အစုံအလင်။ သို့သော် ပညာသင်ဆုအတွက် ကုန်ကျစရိတ်အားလုံး၊ တစ်ဝက်၊ တစ်စိတ်တစ်ပိုင်း စသည်ဖြင့် ထောက်ပံ့မှု ကွာခြားချက် ရှိပါသည်။

ပညာသင်ဆု ဘယ်လိုလျှောက်မလဲ

ပထမအဆင့်

(၁) ‘ဘာကြောင့် ပညာသင်ဆု လျှောက်ချင်၊ လိုချင်တာလဲ’
(၂) ‘ဘယ်ဘာသာရပ်ကို လျှောက်ထား၊ သင်ယူမလဲ’
(၃) ‘ဘယ်နိုင်ငံက ဘယ်တက္ကသိုလ်ကို လျှောက်မလဲ’
(၄) ‘ဒီပညာရပ်သင်ပြီး ဘာလုပ်မလဲ’

ထိုမေးခွန်းများအတွက် ရှင်းရှင်းလင်းလင်း အဖြေရှိထားသင့်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမည် ဖြစ်ပါသည်။ အဖြေထုတ်ထားရပါလိမ့်မည်။ ထိုအဖြေ ခိုင်မာရပါလိမ့်မည်။

ဒုတိယအဆင့်

မိမိတက်လိုသည့် တက္ကသိုလ်၏ ပညာသင်ဆု သတ်မှတ်ချက်၊ မိမိသင်လိုသည့် ဘာသာရပ်၏ ပညာသင်ဆု သတ်မှတ်ချက်များကို လေ့လာသင့်ပါသည်။

ဆိုလိုသည်က အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် ရှိ၊ မရှိ၊ လုပ်ငန်းအတွေ့အကြုံ ကန့်သတ်ချက် ရှိ၊ မရှိ၊ ထောက်ပံ့ပေးမည့်စရိတ် စသည်ဖြင့်။

ပညာသင်ဆု လျှောက်မည်ဆိုကတည်းက အင်္ဂလိပ် ဘာသာစကား ကောင်းကောင်းလေ့လာထားသင့်ပါသည်။ IELTS, TOEFL ရမှတ်ကောင်းနေရန် လိုပါသည်။

သို့သော် အခြေအနေအရ ပညာသင်ဆုလျှောက်လိုသူ အားလုံး အင်္ဂလိပ် ဘာသာစကား ကောင်းကောင်းကျွမ်းကျင်ရေး သင်ယူနိုင်သည့်အချိန်ရှိသည် မဟုတ်။ ငွေကြေးတတ်နိုင်သည် မဟုတ်။ အခွင့်အလမ်းရှိသည် မဟုတ်။

ထိုနည်းတူ ပညာသင်ဆုတိုင်းကလည်း အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှု အရည်အချင်း ကန့်သတ်ချက်မရှိ။ ဆိုလိုသည်က IELTS, TOEFL ရမှတ် ကန့်သတ်ချက်မရှိ။

ထို့ကြောင့် မိမိလျှောက်ထားမည့် ပညာသင်ဆုအတွက် မည်မျှပြင်ဆင်ရမည်ကို ယေဘုယျ ခန့်မှန်းနိုင်ရန် အထက်ပါမေးခွန်းများ မေးမြန်းထားရန်လိုခြင်း ဖြစ်ပါသည်။

သို့သော် ရံဖန်ရံခါ မိမိလျှောက်လိုသည့် ဘာသာရပ်က အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်မှု သတ်မှတ်ချက် မြင့်လွန်းနေတတ်သည်။ ယင်းအတွက် နှစ်အနည်းငယ် ရင်းနှီးမြှုပ်နှံကာ အင်္ဂလိပ် ဘာသာစကား လေ့လာရသည့် ပညာသင်ဆု တစ်ခုခုကို ကနဦး ရွေးချယ်သင့်သည်။

ယင်းအဆင့်တွင် အဆက်အသွယ်ကောင်းများ၊ မိမိ၏ အဓိကပန်းတိုင် အတွက် လိုအပ်သည်များကို ပြင်ဆင်ထားသင့်သည်။

‘လှေကားထောင်ခြင်း သို့မဟုတ် တုံးခုခြင်း’ ဟု ဆိုနိုင်ပါမည်။

ယင်းမှတစ်ဆင့် မိမိသင်လိုသည့် ဘာသာရပ်၊ မိမိတက်လိုသည့် တက္ကသိုလ်၊ နိုင်ငံများသို့ ကူးသွားနိုင်သည်။ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန် စသည့် နိုင်ငံကြီးများမှ တက္ကသိုလ်များ၏ ပညာသင်ဆုသို့လည်း ခုန်ကူးသွားနိုင်သည်။

ဤနည်းဖြင့် ချက်ချင်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတက္ကသိုလ်များ၏ ပညာသင်ဆုလျှောက်ရန် ပြင်ဆင်ရသည်လောက် မခက်ခဲ။

ထို့ပြင် နိုင်ငံကြီး တက္ကသိုလ်များ၏ ပညာသင်ဆု လျှောက်ထားခြင်းအတွက် ထောက်ခံစာ (Recommendation Letter) ကိုလည်း ကနဦး ပညာသင်ဆုရခဲ့သည့် တက္ကသိုလ်များမှ တောင်းယူနိုင်သည်။

ယင်းအချက်သည်ပင် မြန်မာနိုင်ငံမှ တိုက်ရိုက်လျှောက်ထားမည့် သူများထက် အားသာချက်တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံ တက္ကသိုလ်အများစုမှာ ဝက်ဘ်ဆိုက်မရှိ။ ထောက်ခံစာရေးသည့် ဆရာများအကြောင်း လွယ်လင့်တကူ ရှာမရ။ ကျောင်းတံဆိပ်၊ ထောက်ခံစာ ရေးပေးသည့် ဆရာ၏ လက်မှတ်ပင် ပါရှိသော်လည်း အတု၊ အစစ်ခွဲရန် ခက်သည်။

ထို့ကြောင့် တက္ကသိုလ်၏ အချက်အလက်၊ အမှန်တကယ် ထိုဘာသာရပ်များ သင်ကြားပေးသည့် အကြောင်း Online မှတစ်ဆင့် လွယ်လင့်တကူရှာ၍ ရမည့်၊ ပညာသင်ဆု ရလွယ်မည့် တက္ကသိုလ်များမှ တစ်ဆင့် မိမိအဓိက ရည်မှန်းချက်ထားသည့် တက္ကသိုလ်၊ ဘာသာရပ်များသို့ တစ်ဆင့် တက်သင်ယူသည်က ပိုအဆင်ပြေသည်။

စာရွက်စာတမ်းဆိုင်ရာ ပြင်ဆင်ခြင်း

ပညာသင်ဆုလျှောက်ရန် လိုအပ်မည့် စာရွက်စာတမ်းများ သေသေချာချာ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ သုတေသန၊ ဘွဲ့ကြို မည်သည့်အတွက်ဖြစ်စေ ကြိုတင်ပြင်ဆင်မှု ရှိမှသာ စနစ်ကျပါမည်။

ထိုစနစ်ကျခြင်းက မိမိပညာသင်ဆု လျှောက်ထားခြင်းအတွက် တစ်စိတ်တစ်ပိုင်းက အထောက်အကူပြုနိုင်ပါသည်။

မဟာဘွဲ့၊ ပါရဂူဘွဲ့အတွက် တက္ကသိုလ်တက်စဉ် ဘာသာရပ်ရမှတ် မှတ်တမ်း (Transcript) သို့မဟုတ်ွ Grading ကောင်းနေရန် လိုအပ်သည်။ ဘာသာရပ်ရမှတ် မှတ်တမ်းနှင့် ပညာရေး မှတ်တမ်းများကို မိမိတက်ရောက်ခဲ့သည့် တက္ကသိုလ်မှ စောစောစီးစီး ကြိုကြိုတင်တင် ထုတ်ယူထားဖို့ လိုအပ်သည်။

ထို့အပြင် ထောက်ခံစာ ရေးပေးနိုင်မည့် ဆရာများကိုလည်း သေသေချာချာ ရွေးချယ်၍ ကြိုတင်တောင်းယူထားသင့်ပါသည်။

အကြောင်းက ပညာသင်ဆုလျှောက်ရန် နောက်ဆုံးသတ်မှတ်ရက်က အလွန့်အလွန် နီးကပ်နေသည်။ သို့သော် လိုအပ်သည့် ဘာသာရပ်ရမှတ် မှတ်တမ်း၊ ပညာရေးမှတ်တမ်းများက မတောင်းယူရသေး။

ထို့အတူ မိမိအခြေချနေထိုင်ရာ နေရပ် သို့မဟုတ် အလုပ်ရှိရာ အရပ်သည် ထိုအတွက် သွားလာရေး ခက်ခဲလျှင် ခက်ခဲသလို ကြန့်ကြာမှုများ ရှိလာနိုင်သည်။

အရေးကြီးဆုံးအချက် တစ်ခုက လိုအပ်သည့် စာရွက်စာတမ်းများကို စကင် (Scan) ဖတ်ထားရန် ဖြစ်သည်။ (ရံဖန်ရံခါ မိမိမှာ နယ်မှလျှောက်ထားရမည် ဖြစ်လျှင် မိမိနေရာအရပ်တွင် စကင် (Scan) ဖတ်ရန်ပင် ခက်ခက်ခဲခဲရှာဖွေရလျှင်၊ တစ်ဖက်မှလည်း ပညာသင်ဆုလျှောက်ရန် နောက်ဆုံးအချိန် အလွန်နီးနေလျှင် အခက်အခဲ ဖြစ်တတ်ပါသည်)။

ထို့ကြောင့် ပညာသင်ဆု အတွေ့အကြုံရှိသူများက ပညာသင်ဆုကို သတ်မှတ်ရက်ထက် အနည်းဆုံး သီတင်းတစ်ပတ် ကြိုလျှောက်ရန် တိုက်တွန်းကြသည်။

အကြောင်းက လျှောက်ထားသူနှင့် လျှောက်ထားမှု လက်ခံသူတို့ကြား တစ်စုံတစ်ရာ နားလည်မှု၊ ချွတ်ချော်မှု ရှိလျှင်ပင် ပြန်လည်ပြင်ဆင်ချိန် ရသောကြောင့် ဖြစ်သည်။ ထိုအချက်များက ပညာသင်ဆုအတွက် စိတ်ရှုပ်ထွေးမှုနည်းပြီး ယုံကြည်မှု ပိုလာစေသည်။

အခြားလိုအပ်သည်များ

ပညာသင်ဆု လျှောက်ထားသည့်နိုင်ငံ၏ ပညာရေးစနစ်က မိမိနိုင်ငံနှင့် လုံးဝခြားနားနေမည်မှာ ငြင်းမရ။ မြန်မာ့ပညာရေးစနစ်က ကျက်၊ ဖြေ။ အပြန်အလှန် ဆွေးနွေး၊ ငြင်းခုံသည်က ခပ်ရှားရှား။ ထိုနိုင်ငံတကာတွင် ထိုသို့မဟုတ်။

ထို့ကြောင့် စာဖတ်သည့် အလေ့အကျင့်၊ ဖတ်ထားသည့်စာများမှ အချက်အလက်ထုတ်ခြင်း၊ မိမိကိုယ်ပိုင် ထင်မြင်ယူဆချက်ကို ကောင်းမွန်စွာ တင်ပြခြင်း အလေ့အကျင့်များ မွေးမြူထားသင့်သည်။

ထို့ပြင် မိမိသည် နိုင်ငံကိုယ်စားပြု ပညာသင်ဆု ရထားသည်ဖြစ်၍ ကိုယ့်နိုင်ငံ၏ လက်ရှိအခြေအနေများကို လေ့လာထားသင့်သည်။ အကယ်၍ မိမိသင်ယူရသည့် အကြောင်းအရာများ မိမိနိုင်ငံတွင် မည်သို့လုပ်ဆောင်မည်ကို မေးမြန်းဆွေးနွေးလာလျှင်ပင် ပို၍အဆင်ပြေစေနိုင်သောကြောင် ဖြစ်သည်။

ပညာသင်ဆု အမျိုးအစားများ

(၁) အသွား၊ အပြန်လေယာဉ်စရိတ်၊ ကျောင်းလခ၊ နေထိုင်စရိတ်၊ စားသောက်စရိတ် အပါအဝင် ကုန်ကျစရိတ်အားလုံးကို ထောက်ပံ့ပေးသည့် ပညာသင်ဆု (Fully Funded Scholarship)။

ဥပမာ- မဟာဘွဲ့အတွက် အမေရိကန်ပြည်ထောင်စုအစိုးရ ပညာရေးနှင့် ယဉ်ကျေးမှုဗျူရိုက စီစဉ်ပေးသည့် ဖူးလ်ဘရိုက် ပညာသင်ဆု (Fulbright Foreign Student Scholarship)။

ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး (FCO) နှင့် မိတ်ဖက်အဖွဲ့အစည်းများက ငွေကြေးထောက်ပံ့သည့် အပြည်ပြည်ဆိုင်ရာ ပညာသင်ဆု အစီအစဉ်ဖြစ်သည့် ရှီးဗနင်း ပညာသင်ဆု။

ဘွဲ့ကြိုတက်ရောက်မည့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ အတွက်မူ Fully Funded Scholarship အနည်းငယ်သာ ရှိသည်။

သို့သော် ထူးချွန်စွာ အောင်မြင်သူများအတွက် အခွင့်အရေးက များပြားပါသည်။ ဥပမာ - ဂျပန်နိုင်ငံက ကမ်းလှမ်းသည့် MEXT ပညာသင်ဆု၊ IUCHI ပညာသင်ဆု၊ Nagoya တက္ကသိုလ်ပညာသင်ဆု စသည်ဖြင့် ရှိသည်။

စင်ကာပူနိုင်ငံတွင် တက်ရောက်ရန် အတွက်လည်း Dr.Goh Keng Swee Scholarship, Nanyang Scholarship, Earth Observatory of Singapore (EOS) Undergraduate Scholarship, Renaissance Engineering Programme Scholarship စသည်ဖြင့် များစွာ ရှိသည်။

(၂) ကျောင်းလခကိုသာပေးသည့် ပညာသင်ဆု။

ကျောင်းလခကို ထောက်ပံ့ပေးရာတွင်လည်း ကျောင်းလခ ရာနှုန်းပြည့် အခမဲ့ (Full Tution Fee) ပညာသင်ဆု၊ ကျောင်းလခ တစ်ဝက်အခမဲ့ (Partial Tution Fee) ပညာသင်ဆု။

ဥပမာ - နိုင်ငံတကာကျောင်းသားများ အတွက် ဘွဲ့ကြိုပညာသင်ဆုအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ မှ ၈၀၀၀ အထိ ပေးလေ့ရှိသည့် IDEA (International Dean’s Excellence Award) ပညာသင်ဆု။

(၃) ငွေပမာဏကိုသာ ထောက်ပံ့ပေးသည့် ပညာသင်ဆု။

ဥပမာ - သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများ၊ ယင်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ စွမ်းရည်မြှင့်တင်ရေး ပညာသင်ဆုအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ နှုန်းဖြင့် ၂ နှစ်စာ ထောက်ပံ့ပေးလေ့ ရှိသည့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ပညာသင်ဆု။

ပညာသင်ဆုများ လေ့လာနိုင်မည့် ဝက်ဘ်ဆိုက် နှင့် Facebook Page အချို့

(၁) https://mm.usembassy.gov/education/
(၂) http://www.scholars4dev.com/
(၃) http://myanmarstudyabroad.org/
(၄) https://www.internationalscholar ships.com/
(၅) https://asean-insider.com/category/scholarship/
(၆) http://aseanop.com/
(၇) https://www.facebook.com/myanmar.scholarship.news/
(၈) https://www.facebook.com/ohnzinlinedu/
(၉) https://www.facebook.com/ScholarshipsforMyanmarstudents/

(မှတ်ချက်။ မိမိတက်ရောက်လိုသည့် တက္ကသိုလ်များရှိရာ သက်ဆိုင်ရာ နိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံး Facebook Page နှင့် ဝက်ဘ်ဆိုက်များတွင်လည်း ပညာသင်ဆု ခေါ်ယူခြင်းကို ထုတ်ပြန်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာသံရုံး Facebook Page နှင့် ဝက်ဘ်ဆိုက်များမှ စောင့်ကြည့်လေ့လာနိုင်ပါမည်။)

အထက်ပါအချက်အလက်များ၊ လမ်းညွှန်ချက်များသည် ပညာသင်ဆုအခွင့်အလမ်းများအကြောင်း ဆောင်းပါးများ ရေးသားနေသည့် ဆောင်းပါးရှင် ဆရာအုန်းဇင်လင်း၊ ပညာသင်ဆုဖြင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင်ကြားနေသူများ၊ ပညာသင်ဆုရရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများထံ မေးမြန်း၊ ဆွေးနွေးထားသည်များမှ အကျဉ်းချုပ်၍ ပြန်လည်ကောက်နုတ်၊ စုစည်းဖော်ပြခြင်းသာ ဖြစ်ပါသည်။)                  

နေဇာကျော်