POST TYPE

EDUCATION

နိုင်ငံတကာ ကျောင်းစတင်နေသည့် အသက်များ
05-May-2017 tagged as ပညာရေး

တရုတ်နိုင်ငံတွင် မူလတန်း စတင်တက်ရမည့် အသက်ကို ၆ နှစ်ဟု သတ်မှတ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၁၉၉၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က တရုတ်နိုင်ငံတွင် မသင်မနေရ ပညာရေးစနစ်ကို ပြဋ္ဌာန်းခဲ့ပြီးနောက် ကျောင်းစတင်တက်ရောက်ရမည့် အသက်ကို မူလတန်းတွင် ၆ နှစ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်အလိုက်၊ ကျောင်းအလိုက် ကျောင်းစတင်တက်သည့်  သတ်မှတ်အသက်ကို သတ်မှတ်ပုံမှာ မတူညီပေ။ အစိုးရကျောင်းများတွင် ဒီဇင်ဘာလ ၁ ရက်နေ့၌ အသက် ၅ နှစ် ပြည့်ပြီးသူများကိုသာ မူလတန်းကျောင်းများတွင် စတင်လက်ခံလေ့ ရှိကြသည်။ 

ဗြိတိန်တွင် အမျိုးသားသင်ရိုးညွှန်းတမ်းအဖွဲ့ကို ၁၉၈၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မူလတန်းမှ အထက်တန်းအဆင့် သတ်မှတ်ချက်အသက်ကို ၅ နှစ် မှ ၁၆ နှစ် အတွင်းဟု သတ်မှတ်ထားကြသည်။ မသင်မနေရ ပညာရေးကို အသက် ၅ နှစ်တွင် စတင်ပြီး၊  အသက် ၄ နှစ်မှ ၅ နှစ်အတွင်း ကလေးများအတွက် မူကြို (Preparatory Classes) များကိုလည်း ဖွင့်ပေးထားသည်။ မူကြိုတွင် အချိန်ပြည့်နှင့် အချိန်ပိုင်းဟူ၍ ခွဲခြားထားသည်။ မိဘများအနေနှင့် မူကြိုကို အစိုးရကျောင်းများတွင် ထားနိုင်သလို ပုဂ္ဂလိကကျောင်းများသို့လည်း ပို့နိုင်သည်။ 

သြစတြေးလျနိုင်ငံတွင် မူလတန်း စတင်လက်ခံသက်သည် တစ်ဒေသနှင့် တစ်ဒေသ မတူညီကြပေ။ သို့သော် အသက် ၄ နှစ်မှ ၇ နှစ်အတွင်း ဖြစ်ပြီး၊ ပျမ်းမျှ ကျောင်းစတင်လက်ခံသက်သည် ၅ ဒသမ ၂ ဖြစ်သည်။ ပုဂ္ဂလိက မူကြိုကျောင်းများကိုလည်း လွတ်လပ်စွာဖွင့်ခွင့် ပေးထားပြီး အစိုးရကျောင်းများ သတ်မှတ်သက်ထက် ၁ နှစ်လျှော့ လက်ခံကြရသည်။

ဂျပန်နိုင်ငံတွင် နှစ်စဉ် ဧပြီလ ၁ ရက်နေ့၌ ကျောင်းစတင်ဖွင့်ပြီး၊ မတ်လ ၃၁ ရက်နေ့တွင် အသက် ၆ နှစ် ပြည့်သူတိုင်းကို မူလတန်းတွင် စတင်လက်ခံသည်။ အသက် ၆ နှစ်ပြည့်မှ စတင်လက်ခံရန် အသက်ကို တင်းကျပ်စွာ ကန့်သတ်ထားသည်။ သို့သော်  ယခုစာသင်နှစ်က စတင်ပြီး ပညာရေး ဝန်ကြီးဌာနက အသက် ၅ နှစ်ကို ပြောင်းလဲလက်ခံရန် သတ်မှတ်သော်လည်း မိဘများက ကန့်ကွက်လျက်ရှိသည်။ ကလေးများကို ငယ်ရွယ်စဉ် ကျောင်းပို့ခိုင်းခြင်းမှာ လေ့လာရန် ခက်ခဲစေနိုင်ခြင်းကြောင့်ဟု ဆိုပြီး သဘောမတူခြင်း ဖြစ်သည်။                

E01
(Source: China.com.cn)