News

POST TYPE

EDUCATION

BARS တက္ကသိုလ် တာဝန်ရှိသူ မိုင်အေးအေးအောင်နှင့် တွေ့ဆုံခြင်း
04-May-2017 tagged as ပညာရေး

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရန် ရွေးချယ်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (Myanmar Institute of Theoligy) အဖြစ် စတင် တည်ထောင်ခဲ့သည့် BARS (Bachelor of Arts in Religious Studies)/ LAP(Liberal Arts Program) အကြောင်း ဖော်ပြလိုပါသည်။ ယင်းတက္ကသိုလ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို တာဝန်ရှိသူ ဆရာမ မိုင်အေးအေးအောင် (Dean of Liberal Arts cum. Lecturer) နှင့် The Voice တို့ တွေ့ဆုံမေးမြန်းထားသည်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

Voice : အခု ၁၀ တန်းအောင်တဲ့ ကျောင်းသား တစ်ယောက်အနေနဲ့ ဒီတက္ကသိုလ်ကို တက်ချင်ရင် ဘာတွေလုပ်ရမလဲ။ 
Mai AAA : အဓိကကတော့ အင်္ဂလိပ်စာပေါ့။ ကလေးတွေကို လူတွေ့တော့ မစစ်ဆေးဘူး။ အင်္ဂလိပ်စာ စာမေးပွဲ ဖြေရတယ်။ အင်္ဂလိပ်စာ ကောင်းဖို့တော့ လိုမယ်။ ကျွန်မတို့ကျောင်းမှာ နှစ်တိုင်း လာလျှောက်တဲ့သူက ၁၀ဝ၀ နီးပါး၊ ဒါမှမဟုတ် ၁၀ဝ၀ ကျော်လောက် ရှိတယ်။ ဒါပေမဲ့ ကလေးတွေ တော်တာ မတော်တာထက်ကို ကျွန်မတို့ လက်ခံနိုင်တဲ့ အတိုင်းအတာက လူဦးရေ ၂၃၀ အထိပဲ လက်ခံနိုင်တယ်။ အဲဒီတော့ ကလေးတွေကို စာမေးပွဲ ဖြေခိုင်းပြီးတော့မှ အမှတ် အများဆုံးကနေ လူ ၂၃၀ ပြည့်တဲ့အထိ ဖြတ်ချလိုက်မှာပေါ့။ ဒါကြောင့် ကန့်သတ်ထားတဲ့ လူဦးရေ ၂၃၀ မှာပါဖို့အတွက် အင်္ဂလိပ်စာကိုသာ များများ လေ့လာထားဖို့ လိုအပ်ပါတယ်။ ၁၀ တန်းမှာ အင်္ဂလိပ်စာကို တော်တော် လေ့လာထားသူဆိုရင် ရနိုင်ပါတယ်။

Voice : ဒီတက္ကသိုလ်ကို ဘယ်နှနှစ်တက်ရပြီးတော့ ဘယ်လို ဘွဲ့အမျိုးအစားတွေ ပေးတာပါလဲ။ 
Mai AAA : ၄ နှစ်တိတိ ကျောင်းတက်ရမယ်။ တစ်နှစ်မှာ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ်ဝက်ဆိုပြီး သတ်မှတ်ထားပြီးတော့ ၄ နှစ်ပြည့်ရင် ဘွဲ့ရမယ်။ ဘွဲ့ကတော့ လောလောဆယ် ကျောင်းကပဲ ပေးတဲ့ဘွဲ့ဖြစ်တယ်။ မြန်မာပြည်မှာက အစိုးရ အသိအမှတ်ပြုတာမျိုး မရှိသေးဘူး ဆိုတော့လေ။ ဒါပေမဲ့ ကျောင်းနဲ့ အဆက်အသွယ် ရှိတဲ့ နိုင်ငံခြားက တက္ကသိုလ်တွေမှာတော့ ပြန်ပြီး ကျောင်းတက်နေကြတယ်။ ဘွဲ့ပေးတာကတော့ B.A နဲ့ B.Sc တို့ကို ပေးပါတယ်။ လောလောဆယ် အစိုးရက အသိအမှတ်ပြုတာ မရှိသေးဘူး။ ရှိလာအောင်တော့ ကြိုးစားမယ်။ ပညာရေးကို အားပေးတဲ့အစိုးရ ဖြစ်တဲ့အတွက် ရနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

Voice : ကျောင်းလခအနေနဲ့ ဘယ်လောက် သတ်မှတ်ပြီး ဘယ်လို ပေးရလဲရှင့်။  
Mai AAA : မှန်ပါတယ်။ အစိုးရ တက္ကသိုလ်တွေထက် ဈေးကြီးတယ်။ ကျောင်းလခက တစ်နှစ်ကို ၄ သိန်းကျော်တယ်။ ဒါပေမဲ့ ရတဲ့ပညာရေးကျတော့ တခြားနိုင်ငံခြားကဟာတွေ လာဖွင့်တာတွေနဲ့ကို Facility တော့ ကွာလိမ့်မယ်။ ကျွန်မတို့ဆီမှာ လာသင်တဲ့သူတွေရော သင်တဲ့ဘာသာရပ်တွေရောက ငွေကြေးနဲ့ တခြားစီပဲ။ တန်ဖိုးဖြတ်လို့ မရဘူးပေါ့။ ကျောင်းလခ ပေးသွင်းရတဲ့ ပုံစံကတော့ ၄ ရစ် ခွဲသွင်းခွင့်ပေးထားတယ်။ ပထမဆုံး တစ်ရစ် သွင်းမယ်ဆိုရင်တော့ တစ်သိန်းကျော်ပေါ့။ ဝင်ခွင့်ရပြီဆိုတာနဲ့ အဲဒါကို သူတို့သွင်းရမှာပါ။ အဲဒီလိုမဟုတ်ပဲ တစ်ခါတည်း တစ်နှစ်စာလုံးကို သွင်းလိုက်လည်း ရတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သွင်းရတယ်။ တကယ်လို့ မသွင်းနိုင်ကြဘူး၊ ခက်ခဲတယ်ဆိုရင် ကျွန်မတို့ကို ရက်ရွှေ့ခိုင်းလို့ ရတာပေါ့နော်။ ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ဘူး။ တကယ်ကို အခက်အခဲ ရှိတဲ့အလေးတွေ အတွက်ပဲပေါ့။ အချို့တွေကျတော့ နယ်ကနေ လာသင်တဲ့ ကလေးတွေလည်း ရှိတယ်လေ။ မြန်မာတစ်နိုင်ငံလုံးက ကလေးတွေ လာသင်ကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ဒီကျောင်း တစ်ကျောင်းပဲ ရှိတာပါ။

Voice : ဒီကျောင်းဖွင့်ဖြစ်သွားတဲ့ ရည်ရွယ်ချက်က ဘာပါလဲ။ 
Mai AAA : ၂၀ဝ၀ ခုနှစ် မတိုင်ခင်မှာ တက္ကသိုလ်တွေက နိုင်ငံရေးအရ ဖွင့်လိုက် ပိတ်လိုက်တွေ ဖြစ်တဲ့အခါကျတော့ ကျောင်းသား၊ ကျောင်းသူတွေက တက္ကသိုလ် တစ်ဝက်တစ်ပျက်နဲ့ အိမ်ထောင်တွေ ကျကုန်တယ်။ အလုပ်လုပ်တဲ့သူတွေ ရှိလာတယ်။ နောက်နိုင်ငံခြား ထွက်ကြတယ်။ ဒီလိုတွေ ဖြစ်တဲ့အခါကျတော့ ဘာသာရေးကျောင်း ဆိုပေမယ့်လည်း တက္ကသိုလ်နဲ့ ကွင်းဆက် မပြတ်အောင် တစ်ခုခု လုပ်ရင်ကောင်းမယ်ဆိုပြီး လူကြီးတွေက စဉ်းစားမိတာပေါ့။ ကျောင်းတွေ ပိတ်တဲ့အခါမှာ စဉ်းစားမိတာ။ အကယ်၍သာ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ် အားပေးမှုက ဟိုးအရင်ကလိုပဲ ဆက်ကောင်းနေမယ်ဆိုရင် ကျွန်မတို့ကျောင်းတွေကလည်း ဘာသာရေးကျောင်း အနေနဲ့ပဲ ရှိနေရုံပဲပေါ့နော်။ ဒါပေမဲ့လည်း ပညာရေး အားပေးမှု လျော့နည်းသွားတဲ့အချိန်မှာ လူတွေက ပညာရေးကို အားမစိုက်တော့ဘူး။ ပညာရေး တစ်ပိုင်းတစ်စတွေ ဖြစ်ကုန်ကြတော့ ပညာရေး အားနည်းမှုတွေ ဖြစ်လာပြီဆိုပြီး ဒီကျောင်းကို ဖွင့်ဖြစ်သွားတာပေါ့။

Voice : ဘာသာရေးနဲ့ ပတ်သက်တာတွေကို အဓိက ထားပြီး သင်တာပါလားရှင့်။ 
Mai AAA : အရင်တုန်းကတော့ BARS ဆိုတော့ Bachelor Program ပဲ ရှိတာပေါ့နော်။ ၁၀ တန်း အောင်ပြီး တက်တဲ့ဟာပေါ့။ အခုကျတော့ ကျွန်မတို့က Liberal Arts Program လို့ ပြောင်းခေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Liberal Arts Program အောက်မှာမှ BARS ရှိတယ်၊ Master Program တွေ၊ Diploma Program တွေ ရှိသေးတယ်။ Liberal Arts Education ကကျတော့ နည်းနည်းလေး ထူးခြားတာပေါ့နော်။ သူ့မှာပါသင့်တဲ့ အနုပညာ၊ သိပ္ပံနဲ့ တွေးခေါ်မှုပိုင်းဆိုင်ရာတွေ အစုံပါပါတယ်။ ဘာသာရေးနဲ့ သက်ဆိုင်တာ ဆိုရင်တော့ ကျောင်းသားတွေ မယူမနေရ ယူရတဲ့ဟာတွေ ရှိတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာကြီး လေးခုအကြောင်း မိတ်ဆက်တဲ့ဟာဖြစ်တဲ့အတွက် မယူမနေရ၊ အားလုံး ယူရတာပေါ့။ ဒါကလည်း ပထမနှစ်မှာပါပဲ။ ကျွန်မတို့က ခရစ်ယာန်ပဲ တက်ရမယ်ဆိုတဲ့ကျောင်း မဟုတ်ဘူး။ အခုလောလောဆယ် ကျောင်းတက်နေတဲ့ ကလေးတွေဆိုရင် ဘာသာစုံက ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်တွေကတော့ အများဆုံးပေါ့။

Voice : မြန်မာနိုင်ငံ အစိုးရက အသိအမှတ် မပြုသေးဘူးဆိုတော့ ဒီဘွဲ့ကို မြန်မာနိုင်ငံမှာ အသုံးချလို့ ရသလား။ ဆိုလိုတာက အစိုးရတက္ကသိုလ် မတက်ရင်ရော အဆင်ပြေသလား။
Mai AAA : တချို့ ကျွန်မတို့ကျောင်းက ကလေးတွေက အစိုးရတက္ကသိုလ်နဲ့ တွဲတက်တဲ့ ကလေးတွေရှိသလို အစိုးရတက္ကသိုလ် လုံးဝ မတက်တော့ဘဲနဲ့ ဒီကိုပဲ တက်တဲ့သူလည်း ရှိတယ်။ အဲ့ဒီတော့ သူတို့ ဒီဘွဲ့နဲ့ပဲ နိုင်ငံခြားမှာ ကျောင်းတက်ခွင့် ရကြတယ်။ ဒါက ကျောင်းတက်တဲ့ ကလေးတွေပေါ့။ ကျောင်းတိုင်းတော့ လက်ခံချင်မှ လက်ခံမှာပေါ့။ ဒါပေမဲ့ လက်ခံတဲ့ကျောင်းတွေ ရှိတယ်ဆိုတာကိုတော့ သိစေချင်တယ်။ နောက်တစ်ခုကကျတော့ အလုပ်ခေါ်စာတွေမှာ B.A, B.Sc, ကွန်ပျူတာ စတာတွေပဲ တွေ့ရတယ်။ အခုကျတော့ မြန်မာနိုင်ငံကအစ BARS က ဘွဲ့ရထားတဲ့သူတွေကိုလည်း လက်ခံတယ် ဆိုတာတွေ တရားဝင် အသိအမှတ် ပြုလာတာမျိုး တွေ့လာရတယ်။ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ၊ NGO တွေ နောက်တစ်ခါ နိုင်ငံခြားနဲ့ ချိတ်ဆက်တဲ့ ကုမ္ပဏီတွေကလည်း ကျွန်မတို့ဘွဲ့ကို လက်ခံတာ တွေ့ရတယ်။ ပြီးရင် ဒီကလေးတွေက တော်တယ်ဆိုတဲ့ ရလဒ်ကောင်းတွေလည်း ရတယ်ပေါ့။

Voice : ကျောင်းဖွင့်လှစ်ခွင့်နဲ့ ပတ်သက်ပြီး အစိုးရ အသိအမှတ်ပြုဖို့ရော ကြိုးစားခဲ့တာမျိုး ရှိသလား။ ဘယ်လို အခက်အခဲတွေ ဖြစ်ခဲ့လဲ။
Mai AAA : အဲလိုမျိုး ညှိနှိုင်းခဲ့ရတာမျိုးတော့ မရှိပါဘူး။ အခုလောလောဆယ် ကျွန်မတို့ကျောင်းက သာသနာရေး ဝန်ကြီးအောက်က ဘာသာရေးကျောင်းပဲ ဖြစ်နေသေးတယ်ပေါ့နော်။ တကယ်တမ်း ဖြစ်ရမှာက ပညာရေး ဝန်ကြီးအောက်က ဖြစ်ရမှာပေါ့။ ဆိုတော့ နိုင်ငံမှာလည်း တရားဝင် ထုတ်ပြန်ချက် ထွက်မလာသေးတဲ့ အခါကျတော့ ဘယ်လို ဆက်လုပ်ရမယ်ဆိုတာလေးတွေတော့ ရှိတယ်။ ဟိုအရင်ကနေ အခုချိန်အထိ အဆင်ပြေနေသေးတယ် ဆိုတာက မြန်မာပြည်က ဘာသာရေးကို အထွတ်အမြတ် ထားတဲ့နိုင်ငံ ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ကလည်း ဘာသာရေးကျောင်းအနေနဲ့ရှိတော့ သိတော့ သိနေပေမယ့် ကျောင်းကို ဘာမှလာပြီးတော့ အစိုးရဘက်က ဖိနှိပ်တာမျိုးတော့ မရှိဘူးပေါ့နော်။ ကျောင်းကတော့ ၂ ကျောင်းပဲ။ ဒါပေမဲ့ ဘာသာရေးကျောင်း အဝန်းအဝိုင်းထဲမှာပဲ ရှိနေသေးတယ်။ ဖြစ်သင့်တာကတော့ စောစောက ပြောသလို ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိသင့်တဲ့ဟာလေးပေါ့။

ရွှေဖူးခင်

မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (Myanmar Institute of Theology) အကြောင်း

- ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင်။ 
- စတင် တည်ထောင်စဉ်က မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဟု ခေါ်ဆို။ 
- ဘာသာရေးနှင့် သက်ဆိုင်သည့် ဒီဂရီများကိုသာ ချီးမြှင့်ခဲ့။ 
- ၂၀ဝ၀ ပြည့်နှစ်တွင် Bachelor of Arts in Religious Studies ဟု ပြောင်းလဲဖွင့်လှစ်။ 
- တက္ကသိုလ်ကို လေးနှစ် တက်ရမည်ဖြစ်။ 
- ပထမနှစ်ဝက်တွင် အင်္ဂလိပ်စာ၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုအကျိုးပြု၊ ဂီတ ဘာသာရပ်များ သင်ကြား။ 
- ဒုတိယနှစ်ဝက်တွင် အင်္ဂလိပ်စာ၊ ခရစ်ယာန် ဘာသာအကြောင်း၊ ကျန်းမာရေး၊ သင်နှင့် သင့်ကမ္ဘာအကြောင်း၊ ကွန်ပျူတာများ သင်ကြား။
- နိုင်ငံတကာမှ မဟာဘွဲ့ရ ဆရာ၊ ဆရာမပေါင်း ၁၀ဝ ကျော်က သင်ကြားပို့ချ။