News

POST TYPE

EDUCATION

စွမ်းအားရှင် ဖြစ်ချင်သူ
27-Apr-2017 tagged as


ဟိုးရှေးရှေးက ကျောက်ဆစ်ထုသမား တစ်ယောက်သည် သူ့ဘဝကို အမြဲမကျေမနပ် ဖြစ်နေရှာသည်။ သူထုဆစ်လိုက်သည့် ကျောက်ရုပ်တုလေးများကို လူတွေက ချီးမွမ်းကြသော်လည်း သူက ကျောက်ဆစ်သမားဘဝ သုံးစားမရဟု ထင်နေသည်။

တစ်နေ့တွင် သူသည် သူဌေးကြီးအိမ်ရှေ့ကို ဖြတ်သွားရင်းက ကုန်သည်များ ဝင်ထွက်ကာ ရောင်းဝယ် ဖောက်ကားနေသည်ကို မြင်လိုက်ရသဖြင့် အားကျကာ “ကုန်သည်ကြီး ဖြစ်ချင်လိုက်တာ”ဟု ဆု တောင်းလိုက်သည်။ 

အံ့သြစရာ ကောင်းသည်မှာ သူသည် ချက်ချင်းလိုပင် ကုန်သည်ကြီးတစ်ယောက် ဖြစ်သွားသည်။ သူ့ဘ၀တစ်လျှောက်လုံး မစားဖူးသည်များစား၊ မသွားဖူးသည့် နေရာတွေ သွားပစ်လိုက်သည်။ 

တစ်နေ့တွင် သူသည် အရာရှိကြီးတစ်ယောက် အိမ်ကို ရောက်ပြန်သည်။ ထိုအရာရှိကြီးကို သေနတ်ကိုင်တွေက စောင့်ရှောက်နေကြသည်။ သူထွက်လာလျှင် အလေးပြုကြသည်။ အရာရှိကြီး၏ သြဇာနှင့် အာဏာရှိပုံကိုကြည့်ပြီး ကုန်သည်က “အရာရှိကြီး ဖြစ်ချင်လိုက်တာ”ဟု ပြောလိုက်သည်။

သူသည် ချက်ချင်းပင် အဆင့်မြင့် အရာရှိကြီးတစ်ဦး ဖြစ်သွားပြန်သည်။ သူသည် ဟိုလူကို ငေါက်၊ သည်လူကို ခြောက်နှင့် သြဇာအာဏာရှိရပုံကို ကြည်နူးသာယာနေမိသည်။ သူအပြင် ထွက်လျှင် လက်နက်ကိုင်တွေက ဘေးတွင် ခြံရံပြီး ပါလာသည်။ လူတွေက သူ့ကို မော်မကြည့်ရဲသည့်ဘဝကို သူသာယာနေမိသည်။

တစ်နေ့တွင် သူသည် အပြင်ဘက်ထွက်ထိုင်နေရာ နေက ပူလွန်းသောကြောင့် ထီးမိုးခိုင်းသည်။ ထီးမိုးလည်း အပူရှိန်က မလျှော့သဖြင့် နေကိုဒေါသ ထွက်မိသည်။ ထို့ကြောင့် နေမင်းကြီးက စွမ်းအားကြီး လှပါလားဟုထင်ကာ “နေမင်းကြီး ဖြစ်ချင်လိုက်တာ”ဟု တောင့်တလိုက်ပြန်သည်။ 

သူက ချက်ချင်း နေမင်းကြီး ဖြစ်သွားပြန်သည်။ အပူဒဏ်ကို လူတိုင်း ခံစားစေရန် ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်ပြီး သူ့စွမ်းအားကို သဘောကျနေမိသည်။ ထိုအချိန်တွင် မိုးတိမ်က ရောက်လာပြီး သူ့ကို ဖုံးကွယ်လိုက်သည်။ မိုးတိမ်အောက်ကို ရောက်သွားလျှင် သူ့အစွမ်းတွေ ပျောက်သွားမှန်း သိသောကြောင့် “မိုးတိမ်ဖြစ်ရင် ကောင်းမယ်”ဟု စိတ်ကူးလိုက်မိပြန်သည်။

သူသည် မိုးတိမ် ဖြစ်သွားပြန်သည်။ မိုးတိမ်ဘဝလောကကို အောင်လုပ်ကာ ကျီစားနေသော်လည်း သူ့ကို လေပြင်း တိုးဝှေ့လိုက်သည့်အခါတွင် လွင့်ပြယ် ထွက်ပြေးရပြန်သည်။ ထို့ကြောင့် “လေဖြစ်ချင်လိုက်တာ”ဟု ဆိုပြန်သည်။

လေဘဝတွင်လည်း အရာရာကို လွင့်ထွက်အောင် လိုက်လုပ်ကြည့်ပြီး ပျော်ရွှင်နေသည်။ သို့သော် ကျောက်ဆောင်တစ်ခုကို သူ့အစွမ်းဖြင့် မှုတ်ထုတ်သော်လည်း ကျောက်ဆောင်က မဖြုံဘဲ ကြံ့ကြံ့ခံနေသည်။

“ကျောက်ဆောင်ကြီးက အစွမ်းထက်လိုက်တာ။ ကျောက်ဆောင်ကြီး ဖြစ်ရင် ကောင်းမယ်”ဟု စိတ်ကူးလိုက်သည်။ သူကျောက်ဆောင်ကြီး ဖြစ်သွားသည်။ သူသည် လေဒဏ်မိုးဒဏ်ကို အန်တုပြီး ကြံ့ကြံခံ နေရသည်ကို ကျေနပ်ပီတိဖြစ်နေသည်။

ထိုအချိန်တွင် သူ့ကိုယ်ကို ထုရိုက်သလို ခံစားလိုက်ရသည်။ ကျောက်ဆောင်ကို လူတစ်ယောက်က တူများ၊ တူရွင်းများဖြင့် ရိုက်ခွဲကာ ထုနှက်နေသည်။ လူသားက  သူလိုချင်သည့် အနေအထားကို ရသည့်အခါ ကျောက်တုံးကို ထမ်းသွားသည်။

“အို ... စွမ်းအား ရှိလှတဲ့လူသား။ ကျောက်ဆောင်ကြီးကို ပဲ့သွားအောင် လုပ်နိုင်ပါလား” ရေ ရွတ်လိုက်သည်။ သူက ထိုသူကို သေသေချာချာ ကြည့်လိုက်သည်။ ကျောက်ဆောင်ကြီးကို ဖဲ့ထုတ်နိုင်စွမ်းရှိသူမှာ သူကိုယ်တိုင် ဖြစ်နေမှန်း အံ့အားသင့်စရာ တွေ့လိုက်ရပါသည်။

E-01
(Who is the most powerful!)

  • TAGS